Background
၂၀၁၂ ဇန်နဝါရီမှမတ်အထိ ပထမသုံးလပတ်မှာ သဘာဝရော်ဘာဝယ်လိုအား ၃ ဒဿမ ၁ ရာခိုင်နှုန်း ခန့် မြင့်တက် ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်တစ်နှစ်လုံးမှာအိန္ဒိယရဲ့သုံးစွဲမှုက ၄ ဒဿမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီးယခင်နှစ်က ၁ ဒဿမ ၄ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း ANRPC ကပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၈၆၉ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀၇၀ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈ သန်းတန်ဖိုးရှိ ရော်ဘာတန် ၅၀ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။
ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်ကို အစေ့ထုတ်ပြောင်းများ မတ်လဒုတိယ ပတ်မှ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီး၊ ပိဿာ ၂၀ ဝင်တစ်တင်းကို ၅၂၀၀ ကျပ် နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အစေ့ထုတ်ပြောင်းဈေးမှာ တစ်တင်းကို ၄၉၀၀ ကျပ်နဲ့ ဈေးအေးသွားသော်လည်း၊ ပြောင်းဈေးကွက်ကို ဝင်ရောက် မှုမှာ တစ်ရက်ကို အိတ် ၂၀၀၀ ခန့် ရောင်းဝယ်မှုပြုနေတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ်လက် အစာစပ်လုပ်ငန်း ကုန်သည်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၁ ဒသမ ၃၅၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၀၃၀ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒဿမ ၀၀၁၄ သန်းတန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၁၁ တန်ကျော်ကို မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၁၀၀ ကျော်အပို့လျော့ခဲ့တာတွေ့ရပါတယ်။
ပြည်ငရုတ်ခြောက်ဈေးကွက်မှာ အောင်လံနယ်မှ ငရုတ်ခြောက်များ ယခုတစ်ပတ် ပိဿာ ၂၀ ဝင်အိတ် ၅၀ ခန့်သာ ဝင်ရောက်ပြီး၊ အဝင်မရှိသလောက်နည်းနေပါတယ်။ အဝင်နည်းလို့လည်း ဈေးနှုန်းမြင့်လာကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးထက် ၃၀၀ ခန့်တက်သွားပြီး၊ တစ်ပိဿာ(အရှည်) ၂၉၀၀ ကျပ်၊ (မိုးထောင်) ၃၂၀၀ ကျပ်၊ (အပွ) ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ကြက်သွန်နီဈေးကွက်သို့ မကွေးတိုင်းဒေသကြီး ဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင် အိတ် ၂၀၀၀ ခန့်သာ အဝင်ရှိပြီး၊ ယခင်အိတ် ၄၅၀၀ ခန့် အဝင်ရှိတဲ့အတွက် ယခု အဝင်နည်း၍ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် မြင့်သွားပါတယ်။ အရောင်းအဝယ်မှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး၊ ကြက်သွန်နီ ကြီးတစ်ပိဿာ ၃၈၀ ကျပ်၊အလတ် ၃၃၀ ကျပ်၊ ၃၅၀ ကျပ်၊ အသေး ၂၈၀ ကျပ်ရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်
အိန္ဒိယနနွင်းဈေးဟာ ၂၀၁၀ စက်တင်ဘာလအတွင်း တစ်တန် ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၃၀) ရှိရာမှ ယခုအခါ ရူပီး ၃၂၀၀၀-၃၅၀၀၀(ကန်ဒေါ်လာ ၆၂၇-၆၈၅)ထိ ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းတစ်ခုကနေ ထပ်မံ ကျဆင်းမှုကို ထိန်းချုပ်ဖို့ တောင်သူများအနေနဲ့ လာမယ့်ရာသီမှာ စိုက်ဧရိယာကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် လျှော့ချသင့်တယ်လို့ လယ်ယာ လုပ်ငန်းဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့မှ တိုက်တွန်းကြောင်း သိရပါတယ်။
အောင်ပန်းဈေးကွက်မှာ နနွင်းက ချင်းလိုပါပဲ၊ အရောင်းအဝယ်အေးနေပါတယ်။ သြင်္ကန်ပွဲတော်ရက်နီးလာ တာကြောင့် အရောင်းအဝယ်ကလည်း ခဏရပ်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ တောင်သူတွေက လက်လီလာရောင်းနေတာ ကြောင့် လှောင်လက်တွေကတော့ဝယ်ပြီး ထပ်ထားနေရတယ်လို့လည်း သိရပါတယ်။
မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၃၂ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၅၀ ခန့် အပို့လျော့ခဲ့ပါတယ်။ မတ်လတစ်လလုံးမှာတော့ နနွင်းတက် တန် ၁၀၀၀ ကျော် နယ်စပ်မှတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မတ်လ ၂၅ ရက်မှ ၃၁ ရက်ကာလအတွင်း နနွင်း ၁၁၃ ဒသမ ၉၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒီ တစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်အပို့ ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
