Background
ချင်းတင်ပို့မှုက ဒီတစ်ပတ်နဲ့ဆိုရင် လေးပတ်ဆက်တိုက်အပို့ပျောက်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ချင်းတင်ပို့မှုက ၇ တန်သာရှိခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ ၅၁ တန်ရှိခဲ့တာကြောင့် ဇန်နဝါရီလမှာ ချင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူ ဖြစ်တဲ့ ၂၀၁၁ ဇန်နဝါရီလချင်းတင်ပို့မှုကိုကြည့်မယ်ဆိုရင် ၁၀၈ တန် ပို့နိုင်ခဲ့တာ ကြောင့် ဒီနှစ်ဇန်နဝါရီလမှာ ချင်းတင်ပို့မှု အားလျော့ခဲ့တယ်လို့ဆိုရပါမယ်။ MIRT (DOT)
ရာသီဥတု ဆိုးဝါးသဖြင့် ကုလားပဲအထွက်လျော့ကျမှုကြောင့် ဧပြီလမှစပြီး၊ ကုလားပဲဈေးနှုန်း ၇ ရာခိုင်နှုန်း ခန့် မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုလားပဲ အဓိကစိုက်ပျိုးတဲ့အင်ဒရာပရာဒေ့ရ်ှ၊ကာနာတာကာ၊မဟာရပ်ရှတရာနဲ့ရာဂျက်စသန် တို့မှာ ရာသီဥတုအခြေအနေ ဆိုးဝါးတာကြောင့် သီးနှံများ ထိခိုက်ခဲ့ပြီး၊ ကုလားပဲ ထွက်ရှိမှုဟာ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်တယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်း ဥက္ကဌ Mr Pravin Dangre မှ ပြောကြားပါတယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ယခုတစ်ပတ်မှာလည်း ၁၄၅၀၀ ကျပ်နဲ့ ၎င်းဈေးအတိုင်း ဈေးငြိမ် အရောင်းအဝယ်ရှိခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ကုလားပဲ အသစ်များ အနည်းငယ် အဝင်ရှိလာကြောင်း သိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ တစ်နေ့အိတ် ၄၀-၅၀ ခန့်ရှိပြီး၊ ပဲသစ်များကို ရန်ကုန်ဝယ်လက်မှ ဝယ်ယူပြီး၊ ဒေသ တွင်း ခွဲစက်သမားများကတော့ ပဲဟောင်းများကိုသာဝယ်ယူကြိတ်ခွဲလျက်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို အသစ်ထွက်တဲ့ ကုလားပဲဖြူလုံးကြီးဝင် ရောက်နေတာကြောင့် ယခုရက်ပိုင်းဈေးလျော့နေပါတယ်။ ဒါပေမဲ့ ရိုးရိုးကုလားပဲ ကိုတော့ ပြုပြင်ဖို့ ပဲခွဲစက်တွေက အဝယ်ရှိနေတဲ့အပြင် ကြိုပွိုင့်ဈေးကွက်မှာ ဈေး အနည်းငယ် တိုးလာတာကြောင့်လည်း လက်ငင်းဈေးအနည်းငယ်ကြွခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမရှိ ပေမဲ့ FOB ဈေးကွက်မှာတော့ အသစ်ဝင်လာတဲ့ ပဲအနည်းငယ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အတွင်း ကုလားပဲဖြူလုံးကြီးFAQ နဲ့ ခွဲခြမ်း တန်ချိန် ၅၂၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်ကို ဘိုကိတ်ပဲသစ်များ နေ့စဉ်ဆက်တိုက်ဆိုသလို ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တစ်ရက်အိတ် ၁၀၀ ကျော်ဝင်ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်မှ အဝင်ရှိသလို အောင်လံဘက်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ယခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်းမှာ ဆောင်းပဲတီစိမ်းလျာထားစိုက်ဧက ၂၁၀၀၀ ကျော်မှ ဧက ၂၄၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားတာထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းဝင်ရောက်မှုမှာ ဇန်နဝါရီကလောက် အဝင်မများတော့ဘဲ ပဲအဝင်ကျဲသွားခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးငြိမ်နေပြီး ဈေးကွက်တချို့သာ ဝယ်ယူမှုနည်းလို့ ဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းပဲတီစိမ်းများမှာ ဒေသအလိုက် အရည်အသွေးအရ ဈေးနှုန်းကွာခြားမှု ရှိနေပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၇၇၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၁၄ တန်ကျော်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလ အတွင်း တစ်ဘက်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို ယခုတစ်ပတ်လည်း အရောင်းအဝယ် ကောင်းနေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အတွင်း ပဲတီရွှေဝါ၊ ပဲတီစိမ်း စုစုပေါင်း တန်ချိန် ၁၃၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
