Background
မန္တလေးဈေးကွက်ကို တိုင်းတွင်းဒေသများဖြစ်တဲ့ မြင်းခြံခရိုင်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို၊ မုံရွာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဆားတောင်၊ အရာတော်ဒေသများက ပဲစင်းငုံသစ်များအဝင်လှိုင်လာပြီဖြစ်ပါတယ်။ သီးနှံသစ်အဝင်များလာ သလို သီးနှံဟောင်းလက်ကျန်များလည်း လှောင်လက်တွေမှာ အများအပြားရှိနေသေး တယ်လို့ သိရပါတယ်။
အိန္ဒိယဈေးကွက်တွေကို မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့က ဝင်ရောက်မှု တိုးလာတာကြောင့် လွန်ခဲ့တဲ့ ရက်တွေမှာ ပဲစင်းငုံဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ပဲခွဲစက်တွေက အဝယ်ရှိလာနိုင်လို့ ပဲစင်းငုံဈေး ပြန်မာလာနိုင် တယ်လို့ ခန့်မှန်း ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်မှာလည်း ပဲစင်းငုံက အရောင်းအဝယ်အသွက်ဆုံးပဲဖြစ်နေပါတယ်။ ဇန်န ဝါရီလ ၁၃ရက်မှ ၁၉ ရက်အထိ ပဲစင်းငုံဖြူ၊ နီ၊ ဖြူနီ စုစုပေါင်း တန်ချိန် ၁၇၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတင်ပို့ရာမှာ ပဲစင်းငုံတင်ပို့မှုကတော့ တစ်ပတ်ထက် တစ်ပတ် ပိုမိုလာနေတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၉၀၀ နီးပါး တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၉-၁၃) အတွင်းမှာတန်ချိန် ၁၄၀၀၀ နီးပါး ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၃ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၂၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၃ သန်းကျော် ရရှိထားကြောင်း သိရပါတယ်။
ပြည်ရဲ့ ပဲဈေးကွက်မှာ မတ်ပဲအသစ်၊ အဟောင်းတစ်တင်းကို ၁၄၀၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲသစ်များ မကွေးတိုင်းဒေသကြီး ကံမ၊ သက်ကယ်၊မြောင်၊စစ္စရံရွာများဘက်မှရေလမ်းနဲ့ ပြည်ပွဲရုံများသို့ တစ်နေ့ ၁၀-၁၅ အိတ်ခန့်အနည်းငယ်အဝင်ရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယမတ်ပဲဈေးကွက်များမှာ ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်း မှု ရှိပေမဲ့ လာမယ့်ရက်တွေမှာတော့ ပဲခွဲစက်တွေက ဝယ်ယူမှုရှိနိုင်တာကြောင့် အမြင့်ဘက်ကိုသွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲက တော့ လေးလေးနဲ့ မှန်မှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယက ဝယ်လက်တွေ နေ့စဉ်အဝယ်ရှိနေလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်) အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၈၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်းပြန်တိုးတက် လာခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၅၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်)အတွင်းမှာတော့တန်ချိန် ၈၂၀၀ ကျော် ထိတိုးတက်လာခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဇန်ဝါရီလ ၁၃ ရက်နေ့အထိ မတ်ပဲ ပြည်ပတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၅ သိန်းကျော်ပြီဖြစ်ပြီး ဝင်ငွေအားဖြင့် ကန် ဒေါ်လာ ၄၁၄ သန်းကျော်ရရှိပြီဖြစ်ကြောင်း သိရပါတယ်။
ယခုဖြစ်ပွားနေတဲ့ H5N1အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါကို ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ မလေးရှား လက်အိတ်လုပ်ငန်းများအတွက်ကတော့ အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း OSK ကုမ္ပဏီရဲ့ သုတေသီများက ပြောကြားခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဆက်လက်ပျံ့နှံ့မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာ H1N1 ဗိုင်းရပ်စ် ပျံ့နှံ့ခဲ့စဉ်ကလို လက်အိတ်ကဏ္ဍရဲ့ အလားအလာ အပေါင်းလက္ခဏာဆောင်မှာ ဖြစ်ကြောင်း ၎င်းသုတေသီများက ပြောကြားပါတယ်။
ဇန်နဝါရီလ ၄ရက်မှ ၁၀ ရက်ထိကာလအတွင်း မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၈၅၃ သန်းတန်ဖိုးရှိ RSS-3 ၁၇၅ တန်၊RSS-5 တန်၂၀၊ MSR-20 တန် ၁၀၀ ၊ Compound MSR-20 တန် ၂၀ နှင့် ဃသာစသကညိ RSS-3 တန် ၅၀ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က မြိတ်နယ်စပ်မှ အပို့မရှိခဲ့ပါဘူး။
