Background
တရုတ်ဝက်သားဈေး မြင့်တက်ပြီး ကြက်သွန်ဖြူဈေးကျ တရုတ်နိုင်ငံရဲ့ ဝက်သားဈေးဟာ ယခင်သီတင်းပတ်ထက် ဇွန်လ ၁၉ ရက်နေ့မှာ ကုန်ဆုံးတဲ့ သီတင်းပတ် အတွင်း ၄ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်လက်ကားပျမ်းမျှဈေးကတော့ ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး ကြက်ဥဈေးကတော့ ဝ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူဈေးဟာ လွန်ခဲ့တဲ့ ၃ လကျော်မှာ ၃၅ ရာခိုင်နှုန်းကျော်ကျဆင်းပြီး တစ်နှစ်ထက်တစ်နှစ် ကျဆင်းမှုကတော့ ၁၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ မြေပဲဆီဈေးက ယခင်တစ်ပတ်ထက် ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းနဲ့ မုန်ညှင်းဆီဈေးက ဝ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပါတယ်။ ဂံျုမှုန့်နဲ့ ဆန်ဈေးကတော့ တစ်ပတ်အတွင်း ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အမဲသားဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်း၊ ကြက်သားဈေးက ဝ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဆိတ်သားဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လမင်း၊Source: Bloomberg.
အိန္ဒိယတောင်သူများ ဈေးနှုန်းသတ်မှတ်ဖို့ နနွင်းကောင်စီတည်ထောင်မယ် အိန္ဒိယ နနွင်းတောင်သူများဟာ ဈေးနှုန်းထိန်းချုပ်ဖို့နဲ့ လိုအပ်ရင် ဈေးကွက်ကြားဖြတ်စနစ်တစ်ခု အကောင်အထည်ဖော်ဖို့ အဖွဲ့အစည်းတစ်ခုတည်ထောင်ရေး ကြိုးစားနေတယ်လို့ သိရပါတယ်။ နနွင်းအဓိက စိုက်ပျိုးတဲ့ဒေသများက တောင်သူ အဖွဲ့အစည်းများဟာ အဲဒီအစီအစဉ်က အောင်မြင်မယ်ဆိုရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေမယ်လို့ ဆိုပါတယ်။ နနွင်းတောင်သူများကောင်စီ (TFCI) ရဲ့ စီစဉ်သူ Mr P.K Deivadigamani ပြောကြားချက်အရ ၎င်းတို့ကောင်စီ ဟာ ကြက်ဥဈေးနှုန်းကို အပတ်စဉ်သတ်မှတ်တဲ့ အမျိုးသား ကြက်ဥပူးပေါင်းဆောင်ရွက်ရေးကော်မတီ (NECC) ရဲ့ ဆောင်ရွက်မှုတို့ကို စံနမူနာယူသွားမယ်လို့ ဆိုပါတယ်။ ၎င်းတို့ကောင်စီ ကို နိုင်ငံအတွင်း နနွင်းအများဆုံးစိုက်ပျိုးတဲ့ တမီနာဒူး တစ်လျှောက်ရှိ အင်ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာအတွင်း ကိုယ်စားပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ FCI ကို ဇူလိုင်လအတွင်း အီရော့မှာကျင်းပမဲ့ အမျိုးသားဆွေးနွေးပွဲမှာ တည်ထောင်သွားမှာဖြစ်ပါတယ်။ နနွင်းဈေးနှုန်းအပြောင်းအလဲမြန်ခြင်းဟာ တောင်သူတွေကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ဆိုပါတယ်။ နနွင်းဈေးဟာ လွန်ခဲ့တဲ့နှစ်နောက်ပိုင်းမှာ ၄ဝ-၅ဝ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး တစ်တန်ကို ရူပီး ၈ဝဝဝဝ(ကန်ဒေါ်လာ ၁၇၉၂) အောက် လျော့ကျခဲ့ တဲ့အတွက် တောင်သူတွေရဲ့ ကုန်ကျစရိတ်မျှသာဖြစ်ခဲ့ပါတယ်။ နနွင်းကောင်စီဟာ ထုတ်လုပ်မှုအတွက် ကြမ်းခင်းဈေးသတ်မှတ်ဖို့ စီစဉ်ထားပြီး လိုအပ်ပါက ထိုက်သင့်တဲ့ ဈေးနဲ့ ဝယ်ယူသွားပြီး ဈေးကွက်အတွင်း ကြားဖြတ်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ အိန္ဒိယတောင်သူများ အသင်းအဖွဲ့က အင်ဒရာပရာဒေ့ရှ်မှာ နနွင်းကောင်စီရဲ့ လုပ်ဆောင်မှု အသင်းရုံးချုပ်အဖြစ်နဲ့ ၎င်းတို့ရဲ့ အစီအစဉ်ကို အထောက်အပံ့ပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း Mr Deivasigamaniက ပြောကြားပါတယ်။ ယမင်းးခင်၊Source: hindubusiness
ရှမ်းနနွင်းလည်းဈေးအေးနေ ချင်းနနွင်းတွေပြန်စိုက်နေတဲ့အချိန်၊ ဈေးလည်းကျနေတဲ့အချိန်ကြောင့် ဈေးကွက်မှာလည်း နနွင်းတွေအဝင် ကဲျနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းကိုချင်းထက်အစိုက်နည်းပြီး နှစ်စဉ်ဧက ၃ဝဝဝ ခန့်စိုက်ပိုျးပါတယ်။ နနွင်းမှာအခြားသီးနံှတွေလို မျိုးအတွက် မပူပင်ရတဲ့သီးနံှဖြစ်ပါတယ်။ အရင်နှစ်တွေက စိုက်ပျိုးထွက်ရှိတဲ့ နနွင်းပင်မှ ခေါင်းကိုမျိုးအဖြစ် ပြန်လည် အသုံးပြုကြပါတယ်။ စိုက်ပျိုးသက်ရှည်ခြင်း၊ ပြည်တွင်းစားသုံးမှုပိုလံျှပြီး ပြည်ပဈေးကွက် အဝယ်မရှိပါက ဈေးနှုန်းကျခြင်း ကြောင့်အရင်းရှုံးတတ်လို့ တောင်သူများကတိုးခဲျ့မစိုက်ရဲကြောင်းသိရှိရပါတယ်။ ဒီနှစ်နနွင်းကလည်း ပြည်ပဝယ်လိုအား မရှိတာကြောင့် လက်ကျန်များနေပါတယ်။ တရုတ်နိုင်ငံကတိုင်းရင်းဆေး ဖော်ဘို့အတွက် နနွင်ခေါင်းကိုသာဝယ်ယူနေကြလို့ နနွင်းတက်ထက်နနွင်းခေါင်းကို ပိုအဝယ်လိုက်နေပါတယ်။ နနွင်း ခေါင်းအဝယ်သမားရှိပေမဲ့ ပစ္စည်းကမရှိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းတက်ဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာ ဆင်တောင်နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပင်းတယ (ရိုးရိုး)နနွင်းက ၁ဝဝဝ ကျပ်၊ ၁၂ဝဝ ကျပ် နဲ့ နနွင်းခေါင်းတစ်ပိဿာ ၁၅ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၁၂ဝဝ ကျပ်၊ ၁၃ဝဝ ကျပ် နဲ့တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ် ဈေးရှိပါတယ်။ ဧဧခိုင်
နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ပို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၂သန်း တန်ဖိုးရှိ နနွင်းတက် ၂၆ တန် ကျော်နဲ့ နနွင်းခေါင်း ၃၂ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၃ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။MIRT(DOBT)
မလေးရှားနဲ့ ကိုရီးယားကို နနွင်းတင်ပို့ ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နနွင်း တန်ချိန် ၂ဝ ဒသမ ၆ တန်ကို ပင်လယ် ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက မလေးရှားနိုင်ငံကို ၃ တန်နဲ့ ကိုရီယားနိုင်ငံကို ၁၇ ဒသမ ၆ တန်တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ သုံးသောင်းရှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတစ်တန်သာ တင်ပို့နိုင် ခဲ့တဲ့အတွက် ဒီတစ် ပတ်အပို့ သာခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
ယခုအပတ် မူဆယ်မှ မန်ကျည်းမှည့် အပို့ရှိ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၇၇ဝဝဝ တန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) တန် ၉ဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကစပြီး နယ်စပ်မှ မန်ကျည်းမှည့်အပို့နားနေရာကနေ ယခု အကြိမ်ဟာ ၂ဝ၁၁ အတွက် ပထမဆုံးအကြိမ် နယ်စပ်က အပို့ ရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ နယ်စပ်မှ မန်ကျည်းမှည့်တင်ပို့မှုဟာ တန် ၂၂ဝ ကျော်ရှိခဲ့ပါတယ်။ MIRT (DOBT)
မန်ကျည်း စင်ကာပူကို အများဆုံးတင်ပို့ ယခုသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း မန်ကျည်း ၄၆ ဒသမ ၃၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေက စင်ကာပူနိုင်ငံကို ၄ဝ တန်နဲ့ အိန္ဒိယနိုင်ငံကို ၆ ဒသမ ၃၅ တန်ဘဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်း ၄၇ တန်ကျော်တင် ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုက အမှီလိုက်နိုင်တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၅၇ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ နှစ်သောင်းခုနှစ်ထောင်နီးပါးရရှိခဲ့ပါတယ်။ MIRT (DOT)
ဝါတွင်းအလှူအတွက် ချင်း (ဥမ) များအရောင်းသွက် ပြည်ဈေးကွက်သို့ အောင်ပန်းဘက်မှ ချင်း(အတက်) အပြင် ချင်း(ဥမ) များပါ ယခုတစ်ပတ်အတွင်း ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်ဝင်ရောက်မှုရှိပြီး ချင်းတက် တစ်ပိဿာကို ယခင်အပတ်ဈေးအတိုင်း (ဂျွန်) ၁၃ဝဝ ကျပ်၊ (ရှယ်) ၁၅ဝဝ ကျပ်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ဧရာဝတီနှင့် ရခိုင်ဘက်သို့ အပါ အဝင်တစ်နေ့ကို ပိဿာချိန် ၄၅ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ချင်း (ဥမ) များမှာတော့ တစ်ပိဿာကို ၇၅ဝ-၈ဝဝ ကျပ်ရှိ၍ ချင်း (ဓါးလှီး) သမားများမှ အဝယ်ရှိပြီး ဝါတွင်းချင်းသုပ်အလှူအတွက် မျှော်မှန်းပြီး ချင်း (ဥမ) များတစ်နေ့ကို ပိဿာချိန် ၂၃ဝ ခန့်နှင့် အရောင်းသွက်လျက်ရှိနေပါတယ်။ ဝင်းလဲ့ဝါ
ချင်းပြန်စိုက်ချိန်နီးလို့ ရှမ်းချင်းဈေးကွက်ကို ချင်းဥမအဝင်များ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းသီးနံှကိုနှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပျိုးပါတယ်။ စိုက်ဧကရဲ့တတိယအများ ဆုံးစိုက်တဲ့မြို့နယ်ကနမ့်ဆန်မြို့နယ်ဖြစ်ပါတယ်။ နမ့်ဆန်ကလည်း ကလော၊ အောင်ပန်းဒေသတွေလိုပဲ ချင်း(ဥမ) ကိုပြန်ဖော်ကြပါတယ်။ အခုလည်းချင်းဥမတွေကိုပြန်ဖော်ပြီးတာကြောင့် ပြန်စိုက်နေကြပါပြီ။ တစ်ချိုု့တောင်သူတွေက မေလကုန်မှာစိုက်ပြီး၊ တစ်ချို့တောင်သူတွေကလည်း ဇွန်လမှသာ ပြန်စိုက်ကြပါတယ်။ ချင်းအထွက်များတဲ့ ဒေသတစ် ခုဖြစ်ပြီး ထွက်တဲ့ ချင်းတွေကိုတော့ တောင်ကြီး၊ အောင်ပန်းကိုအဓိကပို့ပါတယ်။ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း စတဲ့နယ်တွေကိုတော့အနည်းအကျင်းလောက်သာ စီးတယ်လို့ သိရပါတယ်။ မနှစ်က ဒေသထွက်ချင်း (စို) တန်ချိန်ပေါင်း ၃၃၁ ဒသမ ၉ တန်တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ နမ့်ဆန်ကုန်စည်ဒိုင်က သိရှိရပါတယ်။ ချင်းတက်(စို)က ကုန်သလောက် ဖြစ်သွားပြီး (ဥမ)တွေသာဈေးကွက်မှာရှိပါတော့တယ်။ ချင်း(ဥမ) ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုန်းဈေးကွက် ကတော့ချင်းစိုတွေမရှိတော့ဘဲ ချင်းခြောက် ကတော့တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ အောင်ပန်း ဈေးကွက် မှာချင်း (ဥမ) တစ်ပိဿာ ၃ဝဝကျပ်၊ ၃၈ဝကျပ်၊ ချင်းခြောက်ကတစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ထိုင်းနိုင်ငံက ဒုတိယနှစ်အဖြစ် သကြားထုတ်လုပ်မှုဆက်လက်စံချိန်တင်လို့ ဈေးနှုန်းကျဆင်းနိုင် ကမ္ဘာ့သကြားတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ယခုနှစ်မှာ လည်း ယခင်နှစ်လိုပဲ သကြားထုတ်လုပ်မှု့နဲ့ တင်ပို့မှု စံချိန်တင်မြင့်တက်တာကြောင့် သီတင်း ၇ ပတ်အတွင်း ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ သကြားဈေးကျဆင်းဖို့ အကူ အညီဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလမှာ စတင်တဲ့ သီးနံှရာသီအတွင်း တန်ချိန် ၁ဝ သန်းအထိ မြင့်တက်ထွက်ရှိနိုင်ပြီး တန်ချိန် ၇ ဒသမ ၅ သန်းအထိ တင်ပို့နိုင်မယ်လို့ ထိုင်းနိုင်ငံမှ အကြီးဆုံးသကြားစက် Mitr Phol Sugar Corp ရဲ့ ဒုတိယဥက္ကဌ Parin Amatyakul က ပြောကြားပါတယ်။ အဲဒီပမာဏဟာ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၉ ဒသမ ၆ သန်းထက် ၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တင်ပို့မှု တန်ချိန် ၇ သန်းထက် ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ဆိုပါတယ်။ရောင်းချမှုတိုးတက်ခြင်းက လွန်ခဲ့တဲ့ နှစ် အတွင်း ၆၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ ဈေးနှုန်းကိုထိန်းခုျပ်နိုင်မယ်လို့ ကမ္ဘာ့ စား သောက်ကုန်ကုမ္ပဏီ Nestle SA (NESN) ကပြောကြားပါတယ်။ ကမ္ဘာ့သကြားရောင်းချမှု ကြီးမားကျယ်ပြန့်လာခြင်းက ဇူလိုင်လအတွင်း နယူး ယောက်ဈေးနှုန်းကို သကြားကြမ်း တစ်ပေါင် ကန်ဒေါ်လာ ၂၂ ဆင့် (တစ်တန် ကန် ဒေါ်လာ ၄၈၅) ကို ၁၅ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ၁၉၈၅ ခုနှစ်ကတည်းက သကြားရောင်းဝယ်နေတဲ့ Beydoun က ပြောကြားပါတယ်။ ဈေးနှုန်းမြင့်မားမှု ကြောင့် ထုတ်လုပ်သူများ တိုးမြင့်ထုတ်လုပ်မှာဖြစ်လို့ ကမ္ဘာ့ စုစုပေါင်းထုတ်လုပ်မှု ဟာ တန်ချိန် ၁၈၂ ဒသမ ၂ သန်းအထိ စံချိန်တင်ပြီး ယခင်နှစ်ထက် ၁၄ ဒသမ ၂ သန်း တိုးတက်မယ်လို့ ဇွန်လ ၃ ရက်နေ့မှာC. Czarnikow Sugar Futures ကုမ္ပဏီမှ ခန့်မှန်းထားပါတယ်။ နိုဝင်ဘာမှ စတင်တဲ့ ကြံရာသီအတွင်း ထိုင်းနိုင်ငံမှာ ကြံစိုက်ပျိုးမှုဟာ ၂ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ၁ ဒသမ ၃ သန်းမြင့်တက်လို့ ကြံရိတ် သိမ်းမှုကလည်း ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ဝ၅ ဒသမ ၁ သန်းအထိ စံချိန်တင်နိုင်တယ်လို့ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံးမှ ဆိုပါတယ်။ နယူးယောက်မှာ ဇွန်လ ၂၂ ရက်နေ့ အောက်တိုဘာလပို့ရမယ့် သကြားကြမ်း ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဒသမ ၉၃ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၇၁) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: bloomberg.com