Main menu

Background

ပြည်ပပို့ကုန်ဈေးကွက်ဝင် လျှော်ဖြူအကြောင်း တစေ့တစောင်း

Thu, 02/13/2020 - 15:59 -- journal_editor

        လူသားများအတွက် လွန်စွာဆေးဖက်ဝင်ပြီး များစွာအကျိုးပြု သည့် လျှော်ဖြူစေး(ခ) ဆေးကုလားမရရှိသော လျှော်ဖြူပင်၏ မူရင်း ဒေသမှာ မြန်မာနိုင်ငံဖြစ်သည်။ ၎င်းလျှော်ဖြူပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင်ပေါက်ရောက်၍  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးရိုးမတောင်များအပြင် အနောက်ရိုးမအစပ်တောင်တန်းများနှင့် ရှမ်းရိုးမအစပ်တောင်တန်း များတွင် အများဆုံးတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် လျှော်ဖြူပင်မျိုးများသည် ရိုးတန်အနီပင်၊ ရိုးတန်အစိမ်းပင်၊ အခေါက် ဖြူနှင့် အညိုပင်စသည်ဖြင့် နေရာဒေသအလိုက် တွေ့ရှိရသော်လည်း အစေးထွက်ရှိမှုနှင့် အစေးသဘာဝ  အခြေအနေအပြင်၊ အပင်ပုံပန်း သဏ္ဍာန်ကွဲပြားခြားနားမှုမရှိသည့် လျှော်ဖြူပင်မျိုးဖြစ်သည်။ အစေး ထွက်ရှိမှုနှင့် အစေးသဘာဝတူညီကြသော်လည်းမြန်မာ့လျှော်ဖြူပင် မှရရှိသောအစေးသည် ဖြူစွတ်နေပြီး လျှော်နီ၊ လျှော်ဝါနှင့် လျှော် ပင်မှရရှိသောအစေးသည် နီဝါရောင်အနည်းငယ်သန်း၍ ပြည်တွင်း ဈေးကွက်၌ လျှော်ဖြူစေးကဲ့သို့ဈေးကောင်းမရကြောင်း သိရှိရသည်။ လျှော်ဖြူပင်အကြောင်းများလေ့လာရာတွင် လျှော်ဖြူပင်သည် အပင်ကြီးအမျိုး အစား ဖြစ်ပြီးနှစ်ပေါင်း၈၀ကျော်ထိအသက်ရှင်ရပ် တည်နိုင်ကြောင်းတွေ့ရသည်။ အမြင့်ပေ ၆၀ ကျော်ထိရှိပြီး လုံးပတ် မှာ၁၂ ပေခန့်ရှိသည်။ အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်တတ် သောကြောင့် ပြုစုထိန်းသိမ်းမှုအထူးလိုအပ်သည်။ အပင်ကြီးချိန်တွင် ရောဂါပိုးမွှားဒဏ်ကိုကောင်းစွာခံနိုင်သော  အပင်အမျိုးအစားဖြစ် ပြီး အစာသိုလှောင်မှုပါသောကြောင့် ရေငတ်သည့်ဒဏ်ကို ကောင်း စွာခံနိုင်သည့် အပင်မျိုးဖြစ်သည်။

    လျှော်ဖြူစေး(ခ)ဆေးကုလားမ၏ ဂုဏ်သတ္တိများကို  လေ့လာ ရာတွင် လျှော်ဖြူပင်မှ ထုတ်ယူရရှိသော လျှော်ဖြူစေးသည် ရေကို အဆများစွာစုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့် ပေါင်းစပ်၍ နူးညံ့ ပျော့ပြောင်း၍ ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲစေနိုင်ခြင်း၊ ကော်ကပ် နိုင်စွမ်းရှိခြင်း၊ အက်စစ်ပျော့များနှင့် အဏုဇီဝပိုးများ၏ ခြေဖျက် တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိခြင်းတို့တွေ့ရှိရသည်။ လျှော်ဖြူစေး တွင် ပါဝင်သော အာဟာရဓာတ်များမှာကယ်လ်ဆီယမ် (Ca)၊ မဂ္ဂနီ ဆီယမ်(Mg)၊ သံဓာတ်(Fe)၊ သကြားဓာတ်(Glause)ဖြစ်ပြီး အရိုးများ သန်မာစေရန် လိုအပ်သောမဂ္ဂနီဆီယမ်ပါဝင်မှုသည် နို့တွင်ပါဝင်မှု ထက် ၂၀ ဆပိုများသည်ကိုတွေ့ရသည်။ လျှော်ဖြူစေးအသုံးဝင်မှု အခြေအနေများကို လေ့လာရာ တွင် လျှော်ဖြူပင်မှ ထုတ်ယူရရှိသော  အစေးခဲခြောက်များအား လျှော် ဖြူစေး(ဝါ)ဆေးကုလားမ (Myanmar Stercalia gums) ဟုခေါ်ကာ ပြည်တွင်းတွင် ရေခဲမုန့်၊ ဂျယ်လီမုန့် ၊ ရွှေရင်အေး၊ ဖာလူဒါစသည့် မြန်မာ့ရိုးရာအဖျော် စားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲသည်ကို တွေ့ရှိရပြီး လျှော်ဖြူပင်၏အခေါက်မှ လျှော်ထုတ်ယူနိုင်ပြီးလျှော်ဖြူ စေးကိုဖျော်ရည်၊ မုန့်လုပ်ငန်းများ၊  ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၊ အလှကုန်ပစ္စည်းများတွင် အသုံးပြုလျက်ရှိပြီး  လျှော်ဖြူစေးကိုလှော် ၍လည်း  စားသုံးကြသည်။ မြန်မာ့လျှော်ဖြူစေး   အရည်အသွေး ကောင်းခြင်းကြောင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ဝယ်ယူ လျက်ရှိပြီး အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှလည်းမျက်နှာပေါင်း တင်သည့် Comestic တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် ဝယ်ယူလျက်ရှိသည်ဟုဆိုသည်။

    မြန်မာနိုင်ငံတွင်လွန်ခဲ့သော  ဆယ်ခုနှစ်ကျော်ခန့်က ဆေး ကုလားမ(ခေါ်)လျှော်ဖြူ စေးရရှိသော လျှော်ဖြူပင်ကိုအလေ့ကျပေါက် သည့် အပင်ဟုမည်သူမျှတန်ဖိုးထားရမှန်းမသိခဲ့ကြဘဲ၊ လျှော်ဖြူစေး ခွာရောင်းချသူ  အနည်းငယ်ခန့်သာရှိခဲ့သည်ဟုဆိုသည်။ ပရဆေး ဖော်ရန်အတွက်သာဝယ်ယူကြပြီး လျှော်ဖြူပင်ကိုစီးပွားဖြစ်စိုက်ပျိုးသူ နည်းပါးခဲ့သည်။ ယခုအခါတွင် မြန်မာ့လျှော်ဖြူစေး(ခ) ဆေးကုလားမသည် ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်သော ဆေးဖက်ဝင်ဖြစ် ကြောင်း လျှော်ဖြူစေးကိုအခြေခံ၍ ထုတ်လုပ်သည့် စားသောက်ကုန် များကိုလည်း ပြည်ပဈေးကွက်ထိုးဖောက်ရန်ကြိုးစားဆောင်ရွက် လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြည်ပပြပွဲများဖြစ်သည့် တရုတ်နိုင်ငံ  ရွှေလီ၊ ကူမင်း၊ နန်နင်း  စသည့် ကုန်စည်ပြပွဲများတွင် မြန်မာ့လျှော်ဖြူလုပ်ငန်းရှင်များ   ဝင်ရောက်ဈေးကွက်ရှာဖွေ  ထိုးဖောက်၍ နိုင်ငံခြားဝင်ငွေရရှိအောင် ရှာဖွေပေးနေသည့် အမည်သစ် ပို့ကုန်တစ်မျိုးအဖြစ် ပြည်ပဈေးကွက် သို့    ထိုးဖောက်လျက်ရှိပြီး   မြန်မာနိုင်ငံ  လျှော်ဖြူအသင်းကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လျှော်ဖြူစေး  တင်ပို့မှုကိုကြည့်လျှင်   ယခုအခြေအနေတွင် လျှော်ဖြူစေးကို ကုန်ကြမ်းအတိုင်းပင်  တရုတ်ပြည်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း  သိရသည်။ ကြာဆန်၊ ရေခဲ သား၊ အဖြူ၊ အဝါ၊ အညိုဟူ၍ အရည်အသွေးပေါ်မူတည်၍ ခွဲခြား ရောင်းဝယ်လျက်ရှိသည်။ ကြာဆန်ကဲ့သို့ အမျှင်တန်းအောင် အစေး ခံ၍ထုတ်ထားသည့် လျှော်ဖြူစေးသည် ဈေးကွက်တွင် ဈေးအရဆုံး ဖြစ်သည်ဟုဆိုသည်။ ကြာဆန်တွင်လည်း  အမျှင်ရှည်သည့် အစက ဈေးပိုရပြီး အမျှင်တိုလျှင် ဈေးလျှော့ရသည့် ကြာဆန်အမျှင်ရှည် သည်စက်တင်ဘာလနှင့် အောက်တိုဘာလတွင် အစေးပိုမိုထွက်ရှိ ကြောင်း သိရှိရသည်။

    မြန်မာ့လျှော်ဖြူစေး(ခ)ဆေးကုလားမသည် ဂျယ်လတင် (Gala tangelos) ပါဝင်မှုကြောင့် ရေကိုအဆများစွာစုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့် ပေါင်းစပ်၍ နူးညံ့ပျော့ပျောင်းသော ဂျယ်အဖြစ် ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲနိုင်ခြင်းအပြင်စေးခြင်း၊ ကော်ကပ်နိုင်စွမ်းရှိခြင်း နှင့် အက်စစ်ပျော့များနှင့် အဏုဇီဝပိုးများ၏ ခြေဖျက်တိုက်စားမှုဒဏ် ခံနိုင်ရည်ရှိခြင်းစသည့် ထူးခြားသည့် ရုပ်နှင့်ဓာတ်ဂုဏ်သတ္တိများရှိ ခြင်းကြောင့် ကမ္ဘာပေါ်ရှိလူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း များ၊ စက်မှုလုပ်ငန်းများတွင် ကျယ်ပြန့်စွာအသုံးပြုလာကြကြောင်း၊ စားသောက်ကုန်၊ သားရေစာနှင့် မုန့်လုပ်ငန်းများ၊အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ရက် ကန်းနှင့်အထည်အလိပ်လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်းများစသည်တို့ တွင် လျှော်ဖြူစေးကိုအမျိုးမျိုးသုံးစွဲကြကြောင်းသိရှိရသည်။ လူသားများအတွက်  အသုံးတွင်ကျယ်လျက်ရှိသော မြန်မာ့ လျှော်ဖြူစေး(ခ) ဆေးကုလားမလျှော်ဖြူပင်ကို တောင်သူတိုင်းအနေ ဖြင့်လည်း စိုက်ပျိုးသင့်ပြီဖြစ်ပြီး ကြုံတွေ့ရတတ်သည့် ရာသီဥတု ဆိုးရွားချိန်  သီးနှံများပျက်စီးမှုများ ရင်ဆိုင်ရပါက သီးနှံများဈေးမှာ ကျဆင်းချိန်တွင် တစ်လဝင်ငွေပုံမှန်ရရှိနိုင်သည့် လျှော်ဖြူပင်လို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားခြင်းဖြင့် အကျိုးစီးပွားဖြစ်ထွန်းနိုင်မည် ဖြစ်သည်။ မြန်မာ့လျှော်ဖြူစေးပြည်ပတင်ပို့ထားရှိမှုအခြေအနေကိုလေ့ လာရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ လျှော်ဖြူ စေးတင်ပို့မှုမှာ ကုန်သွယ်ရေးဦးစီးဌာနစာရင်းအရတန်ချိန်ပေါင်း ၁၂ ဒသမ ၅၂၅ တန်ဖြစ်ကြောင်း တွေ့ရှိရပြီး ကုမ္ပဏီနှစ်ခုမှ တရုတ်နိုင်ငံ သို့ တင်ပို့ထားမှုရှိကြောင်းတွေ့ရှိရသည်။ တရုတ်နိုင်ငံတွင် လျှော်ဖြူ စေး(ခ)ဆေးကုလားမကို ]]ရုက္ခငှက်သိုက်}}ဟု ခေါ်ဆိုသည်။ မြန်မာ နိုင်ငံမှထွက်ရှိသော လျှော်ဖြူစေး(ခ) ဆေးကုလားမကိုတရုတ်နိုင်ငံ ဝယ်လက်များမှ ရသလောက်ဝယ်မည်ဖြစ်ကြောင်း၊ ဈေးကွက်အနေအထားမှာလည်းယခင်ကထက်ပို၍ ကောင်းနေကြောင်း၊ အိန္ဒိယကုန် သည်များမှာလည်း လာရောက်ဝယ်ယူမှုရှိခဲ့ကြောင်း၊ အစေး၏ ကောင်းမွန်မှုပေါ်တွင်မူတည်၍  ဈေးကောင်းပေးဝယ်ကြကြောင်း၊ စီးပွားဖြစ်လျှော်ဖြူ စိုက်ပျိုးသူတစ်ဦးကဆိုသည်။

       သက်တမ်းငါးနှစ်ရှိသော လျှော်ဖြူပင်မှအစေးထွက်နှုန်းသည် တစ်ရက်လျှင်ငါးကျပ်သားမှ ၁၀ ကျပ်သားအထိရရှိပြီး နှစ်စဉ်ဇူလိုင်မှ ဒီဇင်ဘာလအထိပုံမှန်ထုတ်ယူနိုင်ကြောင်း၊သက်တမ်းရင့်အပင်ဖြစ် လာပါ ကတစ်လလျှင်တစ်ပိဿာမှနှစ်ပိဿာဝန်းကျင်တွင် ထွက်ရှိ ကြောင်း လေ့လာသိရှိရပြီး  မြန်မာနိုင်ငံအနေဖြင့် လျှော်ဖြူစေး(ခ) ဆေးကုလားမကို ယခင်ကတည်းက  သိရှိလာကြပြီး တိုင်းဒေသကြီး အချို့တွင် အနည်းငယ်မျှသာစိုက်ပျိုးမှုရှိနေသေးသည့်အတွက် ဈေး ကွက်လိုအပ်ချက်အရတန်းမီ၍ တင်ပို့နိုင်ခြင်းမရှိသေး ကြောင်းသိရှိရ သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အားလျော်စွာစိုက်ပျိုးရေးနှင့်မွေးမြူရေးကို လုပ်ဆောင်ကြရာတွင် ပြောင်းလဲသင့်သည်များကို ပြောင်းလဲပြီးလုပ်ကိုင် ဆောင်ရွက်ကြရ မည်ဖြစ်သည်။ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့်အတူရာသီဥတု၊ နည်းစနစ်၊ ရေမြေဒေသ၊ သီးနှံမျိုးစေ့များသုံးစွဲမှုတို့သည်လည်း ပိုမိုကောင်းမွန်သည့် အနေအထားသို့ ရရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်ဒေသများနှင့် ကိုက်ညီသည့်ရာသီ ဥတုပြောင်းလဲပေးနိုင်မှုများဖြစ်စေသည့်အပြင် ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ဝင်ပြီးနိုင်ငံဝင်ငွေ၊ မိသားစုဝင်ငွေများလည်းတိုးတက်ရရှိနိုင်မည့် လျှော်ဖြူစေး(ခ) ဆေးကုလားမပင်များကိုတိုးချဲ့စိုက်ပျိုးရန် သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ဌာနများအနေဖြင့်လည်းလွင်တီး ခေါင်ဖြစ်နေသည့် နေရာများတွင် အမြဲစိမ်းလန်းစိုပြည်သည့် သစ် တောများဖြစ်လာနိုင်သော လျှော်ဖြူပင်ကို  နည်းစနစ်ကောင်းများ၊ စီမံချက်များချမှတ်၍   စိုက်ပျိုးနိုင်မည်ဆိုပါက  နှစ်အနည်းငယ် အတွင်းတွင်  စိမ်းလန်းစိုပြည်သော ဒေသများဖြစ်လာကာ  နိုင်ငံခြား ဝင်ငွေများ တိုးမြင့်လာမည်မှာသေချာကြောင်း  ရေသားတင်ပြလိုက် ရပါသည်။     

KCS (Myantrade)