Main menu

Background

မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေးပြည့်မီရန်လိုအပ်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ၏ အရည်အသွေးလည်း မြှင့်တင်ရမည်

Mon, 01/02/2023 - 12:35 -- journal_editor

မြန်မာနိုင်ငံသည် ပြည်ပသို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ရော်ဘာ၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်များကို တင်ပို့လျက်ရှိသည်။ ထိုသို့ ပြည်ပသို့ ကုန်စည်များကို တင်ပို့ရာတွင် နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုကြသည့် အရောင်းအဝယ်စာချုပ် သတ်မှတ်အရည်အသွေးများနှင့် ကိုက်ညီမှုရှိအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည်။ ပြည်ပသို့ တင်ပို့ရာတွင်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု(Overseas) နှင့် နယ်စပ်ကုန်သွယ်မှု (Border Trade) တို့ဖြင့် တင်ပို့နေသည်။

ကုန်ဝယ်ဖက်နိုင်ငံ ကုန်ဝယ်သူနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ လိုအပ်ချက်များနှင့် ကိုက်ညီခြင်း ရှိ၊မရှိ သင်္ဘောမတင်မီ စစ်ဆေးခြင်းကို စစ်ဆေးရေးအဖွဲ့များ (Inspection Team) က ကုန်ဝယ်သူနှင့် ကုန်ရောင်းသူကြား တတိယအဖွဲ့အစည်းအနေဖြင့် စစ်ဆေးပြီး သင်္ဘောမတင်မီ စစ်ဆေးချက်အစီရင်ခံစာ (Pre-shipment Inspection Report -PSI) များနှင့် တစ်ဖက် ကုန်ဝယ်ဖက်နိုင်ငံသို့ တင်ပို့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်သော မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection and Testing Services Ltd. - MITS ) သည် ရောင်းသူ၊ ဝယ်သူ နှစ်ဖက်အကြား တတိယအဖွဲ့အစည်း (3rd Party) အဖြစ် ကုန်ပစ္စည်းအမယ်၏ အရည်အသွေးအား စစ်ဆေးခြင်းလုပ်ငန်းကို မြန်မာ့စံ (Myanmar Standard) ကို ကိုးကားပြီး ဆောင်ရွက်ပေးနေပြီး အချို့ကုန်ဝယ်ဖက်နိုင်ငံများ၏ လိုအပ်ချက်အရ ထုတ်လုပ်မှုလုပ်ငန်းအဆင့် (Processor Level) များကို စစ်ဆေးပေးနေသည်။

မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)အနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့် (Processor Level) စစ်ဆေးပေးသည့် လုပ်ငန်းများမှာ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် တင်ပို့သည့် ပဲတီစိမ်း သန့်စင်စက်ရုံနှင့် သိုလှောင်ရုံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့ခွင့်ရရှိရေး ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်နှင့် သိုလှောင်ရုံများ၊ ပြောင်းဖူးစေ့ အခြောက်ခံစက်နှင့် သိုလှောင်ရုံများအား ကုန်ဝယ်ဖက်နိုင်ငံများ၏ သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံတော်အရန်ဆန်ဌာန ရိက္ခာဆန်များ၊ အစိုးရအချင်းချင်း လှူဒါန်းမည့် ဆန်များ၏ သတ်မှတ်အရည်အသွေး၊ အလေးချိန်၊ အရေအတွက်တို့နှင့် ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးလျက်ရှိသည်။

ထို့ပြင် ကုန်ပစ္စည်းများ၏အခြေအနေ (ပျက်စီးမှု၊ ကွဲလွဲမှု၊ လျော့နည်းမှု)များ၊ အရောင်းအဝယ်စာချုပ်အရ သက်တမ်းကုန်၍ ပြန်လည်ပြုပြင်ရန် ပြည်ပသို့ ပြန်လည်တင်ပို့သည့်ပစ္စည်းများ၊ Drawback၊ စံချိန်စံညွှန်းပြန်လည်စမ်းသပ်မှု(Calibration)  စမ်းသပ်ရန် (Calibration) ပြုလုပ်ရန်၊ လုပ်ငန်းတွင် အသုံးပြုပြီး ပင်ရင်းနိုင်ငံသို့ ပြန်လည်ပေးပို့ရမည့် ကုန်ပစ္စည်းများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် တင်သွင်းလာသည့် လယ်ယာထွက်ကုန်များအနေဖြင့် သွင်းကုန်လိုင်စင်တွင် ကြေညာထားသည့် အမယ်များနှင့် ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်အစားအစာများအား လိုင်စင်လျှောက်ထားနိုင်ရေး စစ်ဆေးတွေ့ရှိမှု ထောက်ခံချက်များ ထုတ်ပေးလျက်ရှိသည်။

ယခုအခါ ကုန်ဝယ်ဖက်နိုင်ငံများအနေဖြင့် ကုန်ပစ္စည်း၏ အရည်အသွေးကို သာမက ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်များကိုပါ စိစစ်မှုများပြုလုပ်လျက်ရှိရာ ယခုဆောင်းပါးတွင် ပို့ကုန်အမယ်များ ကြိတ်ခွဲထုတ်လုပ် သန့်စင်သည့်စက်ရုံ၊ သိုလှောင်ရုံ အခြေအနေများကို တစ်ဖက်နိုင်ငံ၏ သတ်မှတ်ချက်များ၊ မှတ်ကျောက်များ (Criteria)နှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးရသည့်အပိုင်းများကို ဖော်ပြအသိပေးသွားမည်ဖြစ်သည်။ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက် ဖောက်ရန် မြန်မာ့ပဲများ တင်ပို့နိုင်ရေးအတွက် ၂၀၁၄ ခုနှစ်ကစတင်ပြီး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ဥရောပသမဂ္ဂနိုင်ငံများသို့ အိမ်နီးချင်းနိုင်ငံများမှ ပဲများ တင်ပို့နေသော်လည်း မြန်မာ့ပဲများကိုသာ ကြိုက်နှစ်သက်မှုရှိကြောင်း သိရသည်။

ဥရောပသမဂ္ဂနိုင်ငံများ၏ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးသည့် တောင်သူအဆင့်၊ စုဆောင်းသည့် အဝယ်တော်အဆင့် (Collector Level) နှင့် လုပ်ငန်းစဉ်ဆောင်ရွက်သည့် စက်ရုံလုပ်ငန်း (Processor Level) အဆင့်တိုင်းမှာ ဥရောပသမဂ္ဂကလည်းကောင်း၊ GIZ တို့ကလည်းကောင်း သင်တန်းများပို့ချပေးခဲ့ပြီး မြန်မာပဲတီစိမ်းတင်ပို့ရန် ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဝယ် လက်၏ ကျေနပ်မှုကို လက်ခံရရှိနေပြီဖြစ်သည်။ သတ်မှတ်ချက်မြင့်မားသည့် ဥရောပသမဂ္ဂနိုင်ငံများမှ မြန်မာ့ပဲကို တရားဝင် ဝယ်ယူနေသည့်အတွက် ဈေးကွက်ပေါက်ဈေးနှုန်းကို ရရှိသည့်အပြင် အခြားနိုင်ငံများသို့လည်း ဈေးကွက်ထိုးဖောက်ရန် လွယ်ကူမှုရှိလာစေသည်။

အဆင့်မြင့်ဈေးကွက်သို့ တရားဝင် ထိုးဖောက်နိုင်သည့် ထုတ်ကုန်ဖြစ်ရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် မြန်မာပဲများတင်ပို့ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက်နေသည်။

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲတင်ပို့မှုကို လုပ်ဆောင်နေသည်မှာ ရှစ်နှစ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်မှစတင်ပြီး ၂၀၂၂ ခုနှစ်ထိ ဆောင်ရွက်ခဲ့ရာ အခက်အခဲမရှိခဲ့သလို ဝယ်ယူသူဘက်ကလည်း တစ်စုံတစ်ရာ ပြန်ကြားလာခြင်းမရှိဘဲ အဆင်ပြေလျက်ရှိပြီး သက်ဆိုင်ရာဌာနများအနေနှင့် စစ်ဆေးချက်လက်မှတ်ထုတ်ပေးရာတွင်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် တင်ပို့မည့် ပဲတီစိမ်းသန့်စင်စက်ရုံ၊ သိုလှောင်ရုံများကို တစ်ဖက်ဝယ်လက်နိုင်ငံမှ သတ်မှတ်ထားသည့် မှတ်ကျောက်များ (Criteria)နှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များ ထုတ်ပေးလျက်ရှိသည်။

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်အနေနှင့် Processor ကို ၂၀၁၆ ခုနှစ်မှစတင်ပြီး Processor Level စစ်ဆေးခြင်းကို ဆောင်ရွက်ပေးနေသည်။ စစ်ဆေးရာတွင် ဥရောပသမဂ္ဂနိုင်ငံများက သဘောတူထားပြီးဖြစ်သည့်အတိုင်း အဓိကအပိုင်းအားဖြင့် အခြေခံအဆောက်အအုံပိုင်း(Infrastructure) နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအပိုင်း (Hygiene) ကို စစ်ဆေးဆောင်ရွက်ခဲ့သည်။ အသေးစိတ် စစ်ဆေးပေးရသော အခြေခံအဆောက်အအုံပိုင်းမှာ ဝယ်ယူခြင်းနှင့် ပဲအိတ်များ လက်ခံထားရှိမှုအခြေအနေ၊ ကုန်ကြမ်းနှင့် ကုန်ချောများ သိုလှောင်ရုံမှာ သိုလှောင်ထားရှိမှု အခြေအနေ၊ သိုလှောင်ရုံ/စက်ရုံများ၊ အဆောက်အအုံများ၏ အခြေခံအဆောက်အအုံ (Infrastructure) အနေအထား ၊ ကြမ်းခင်း၊ အမိုး၊ တံခါး၊ ပြတင်းပေါက်၊ ဖျက်ပိုးနှင့် ကြွက်နှိမ်နင်းမှု၊ ငှက်မလာအောင်တားခြင်းနှင့် လေဝင်လေထွက်အခြေအနေ၊ ထိန်းချုပ်ဖျက် ပိုးထောင်ခြောက်များအား သတ်မှတ်ထားသည့် ၁၀ဝ စတုရန်း မီတာလျှင် ထောက်ခြောက်တစ်ခုနှုန်းထားရှိမှု၊ မီးထောင်ခြောက်မှ ဖမ်းမိသော ထိန်းချုပ်ဖျက်ပိုးများအား စိုက်ပျိုးရေးဌာနသို့  ပေးပို့မှတ်တမ်းများထားရှိခြင်း၊ ပစ္စည်းကိရိယာများ သန့်ရှင်းရေးလုပ်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ ပဲတီစိမ်းကို ကိုင်တွယ်ခြင်း၊ အိတ်ဖွင့်ခြင်း၊ ချိန်တွယ်ခြင်း၊ အလုပ်လုပ်သည့်နေရာ၌ ကြမ်းပြင်သန့်ရှင်းမှု ရှိ၊ မရှိ မှတ်တမ်းများထားရှိမှု၊ သန့်စင်ထုတ်လုပ်စဉ် နမူနာယူ၍  ပိုးနှင့် ပေါင်းစေ့ ကင်းစင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် မှတ်တမ်းထားရှိမှုများကို စိစစ် သည်။

လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအပိုင်းတွင် ယာယီလုပ်သားများအပါအဝင် လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး သင်တန်းပေးမှု အခြေအနေ၊ စက်ရုံအတွင်း အလုပ်လုပ်စဉ် ဝတ်ဆင်သည့် အဝတ်နှင့် ပြင်ပမှဝတ်လာသောအဝတ်များ လဲလှယ်ဝတ်ဆင်ရန် အဝတ်လဲခန်းထားရှိပေးမှု၏ တည်နေရာ၊ နေရာလုံလောက်မှု၊ ပိုးမွှားကာကွယ်ခြင်းနှင့် ကျန်းမာရေးနှင့် ဆိုင်သော ပစ္စည်းများ ခေါင်းဆောင်း၊ ခါးစည်း၊ နှာခေါင်းစည်းနှင့် ဖိနပ်သီးသန့်အသုံးပြုမှု၊ သန့်ရှင်းစင်ကြယ်သော အဝတ်အစား ဝတ်ဆင်ထားမှု၊ အိမ်သာတည်နေရာနှင့် စပ်လျဉ်းပြီး အိမ်သာတည်ဆောက်ပုံ၊ အမျိုးအစားအသုံးပြုနိုင်မှုအခြေအနေ၊ ရေရရှိမှုနှင့် ထုတ်လုပ်ထားသော ကုန်များအား ညစ်ညမ်းနိုင်စွမ်း ရှိ၊မရှိ၊ ထုတ်လုပ်သော ကုန်စည်ကို ကိုင်တွယ်သော လုပ်သားများ၏ ကျန်းမာရေးအခြေအနေနှင့် အစာကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွားလျှင် သတင်းပေးပို့မှု၊ ကုသမှုဆေးမှတ်တမ်းများ ရှိ၊ မရှိ၊ ကုန်စည်ထုတ်လုပ်စဉ် ကုန်စည်ကို တိုက်ရိုက်ကိုင်တွယ်သူများ၏ သန့်ရှင်းရေးဆောင်ရွက်ထားမှုနှင့် သန့်ရှင်းစွာကိုင်တွယ်မှု (ဥပမာ-မကိုင်တွယ်မီ လက်ဆေးခြင်း ရှိ၊ မရှိ၊ ကုန်စည်အပေါ် ခြေဖြင့်နင်းခြင်း ရှိ၊ မရှိ) တို့ကို စိစစ်ခြင်း ရှိ၊ မရှိ စသည့် အချက်များကို အသေးစိတ် စစ်ဆေးမှုပြုလုပ်ပေးသည်။

စက်ပိုင်းအနေဖြင့် စတင်တည်ထောင်သည့် ခုနှစ်၊ အမျိုးအစား၊ ထုတ်လုပ်သည့်နိုင်ငံ၊ စက်စွမ်း အား-၂၄ နာရီတန်ကျ၊ အတိုင်းအတာ (အလျား၊ အနံ၊ အမြင့်) အားပေးစက်အမျိုးအစား (လျှပ်စစ်၊ ဘွိုင်လာ၊ နေစွမ်းအား) ခေတ်မီစက်ယူနစ် တပ်ဆင်ထားရှိမှု စသည်တို့ကို စိစစ်ပေးသည်။

ဥရောပသမဂ္ဂကုန်ဝယ်သည့်နိုင်ငံမှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ စစ်ဆေးရေးမှူးများက စစ်ဆေးပြီးနောက် ကိုက်ညီမှုမရှိပါက ကာလတစ်ခုအတွင်း အပြီး ပြင်ဆင်/တပ်ဆင်ရန်မှာကြားပြီး ဒုတိယအကြိမ်စစ်ဆေးမှုကို လုပ်ဆောင်ပေး၍ စစ်ဆေးတွေ့ရှိချက်၊ အစီရင်ခံစာအား စားသုံးသူရေးရာဦးစီးဌာနမှတစ်ဆင့် သီးနှံကာကွယ်ရေးဌာနခွဲသို့ ပေးပို့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဥရောပသမဂ္ဂသို့ အတည်ပြုချက်အား ဆက်လက်ပေးပို့ပေးလျက်ရှိသည်။

မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မည့် ဆန်များကြိတ်ခွဲမယ့် ဆန်စက်များ စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့နှင့် မြန်မာနိုင်ငံဘက်မှ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းအရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး၊ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့နှင့် မြန်မာနိုင်ငံဘက်မှ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း သန့်စင်ကြိတ်ဆန်နှင့် ဆန်ကွဲ တင်ပို့ရန်အတွက် သဘောတူစာချုပ်များ ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုသဘောတူစာချုပ်များအရ ဆန်စက်များကို မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်အား တတိယအဖွဲ့ ( 3rd Party ) အနေဖြင့်စစ်ဆေးရန် တာဝန်ပေးချက်အရ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့သည်။ ထိုသို့ စစ်ဆေးခြင်းကို နှစ်နှစ်တစ်ကြိမ် စစ်ဆေးပေးသည်။

ထိုသို့ စစ်ဆေးရာတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲတီစိမ်းတင်ပို့ရာတွင် စစ်ဆေးရသည့် သတ်မှတ်ချက်များကို အခြေခံပြီး စစ်ဆေးမှုများကို ပြုလုပ်ပေးလျက်သည်။ ၂၀၂၁ ခုနှစ်တွင် ဆန်စက် ၉၅ စက်၊ သိုလှောင်ရုံ ၂၀ ရုံတို့ကို စစ်ဆေးပေးခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင် ဆန်စက် ၇၉ စက်၊ ၂၀၂၁ ခုနှစ်တွင် ဆန်စက် ၇၉ စက်၊ သိုလှောင်ရုံ ၁၉ ရုံ စိစစ်ရွေးချယ်ပေးနိုင်ခဲ့သည်။

တရုတ်ပြည်သူသမ္မတနိုင်ငံသို့ မြန်မာ့ပြောင်းဆံများတင်ပို့ခြင်းတွင်လည်း ဆန်တင်ပို့သည့် ဆန်စက်များကို ဝယ်လက်တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က သတ်မှတ်ချက်နှင့် ညီညွတ်မှုရှိသည့် ဆန်စက်များမှ ကြိတ်ခွဲသည့်ဆန်များကိုသာ တင်ပို့ခွင့်ပြုသကဲ့သို့ ပြောင်းတင်ပို့မည့် ပြောင်းခြွေစက်နှင့် အခြောက်ခံစက်များကိုလည်း စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ တင်ပို့ခွင့်ပြုမည်ဟု တရုတ်နိုင်ငံဘက်က အသိပေးလာသည့်အတွက် ပြောင်းတင်ပို့မည့် ကုမ္ပဏီများ၏သိုလှောင်ရုံ၊ အခြောက်ခံစက်နှင့် အခြောက်လှန်းကွင်းများကို စစ်ဆေးပေးခဲ့ရသည်။ ပြောင်းသိုလှောင်ရုံ၊ အခြောက်ခံစက်နှင့် နေလှန်းကွင်းများကို စစ်ဆေးရာတွင်လည်း ဥရောပသမဂ္ဂနိုင်ငံသို့ ပဲပင်ပေါက်ဖောက်ရန် တင်ပို့မည့် ပဲတီစိမ်းသန့်စင်ထုတ်လုပ်မည့်အဆင့် (Processor Level)  ကို စစ်ဆေးသည့်အချက်များကို အခြေခံကာ စစ်ဆေးပြီး လုပ်ငန်းကြီးကြပ်မှုအဖွဲ့(Working Task Force) မှ စိစစ်အတည်ပြု၍ စိုက်ပျိုးရေးလုပ်ငန်း၊ အပင်ပိုးမွှားဌာနခွဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်သို့ တင်ပြအတည်ပြုချက်များ တောင်းခံလျက်ရှိသည်။

တင်ပို့မည့် ပို့ကုန်အမယ်၏  အရည်အသွေးသာမက ထုတ်လုပ်မှုအဆင့်အဆင့်ကိုပါ စိစစ်မှုများ လုပ်ဆောင်ရာတွင်လည်း တင်ပို့ခွင့်ရရှိရေးအတွက် သတ်မှတ်ချက်များကို စစ်ဆေးခြင်းမပြုလုပ်မီ သက်ဆိုင်ရာ ကုမ္ပဏီ/လုပ်ငန်းရှင်များအား အသင်းအဖွဲ့များ၏ ဦးဆောင်မှုနှင့် သင်တန်းများ ပို့ချပေးခြင်းကိုလည်း နှစ်စဉ်စစ်ဆေးရေးလုပ်ငန်း မစတင်မီမှာ ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်ဖက်ဝယ်လက်နိုင်ငံများ၏ ကန့်ကွက်ငြင်းဆိုမှုမရှိဘဲ လက်ခံမှုများရရှိနေပြီးဖြစ်သည့်အတွက် စစ်ဆေးရေးလုပ်ဆောင်သော မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ စစ်ဆေးရေးလုပ်ငန်းများအပေါ် လိုက်ပါဆောင်ရွက်ပေးသော ပို့ကုန်လုပ်ငန်းရှင်များ၊ ပို့ကုန်တင်ပို့သူများ စက်ပိုင်များ၊ စက်တာဝန်ခံများ၏ စိတ်ပါဝင်စားမှုများကို အသိအမှတ်ပြုလိုက်ရသည်။

လက်ရှိတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့် (Processor Level) စစ်ဆေးပေးနေရသည့် ပဲပင်ပေါက်ဖောက်ရန် ပဲတီစိမ်း၊ ဆန်စက်နှင့် ပြောင်းဆန်သိုလှောင်ရုံနှင့် အခြောက်ခံစက်များအပြင် လိုအပ်ပါက ပို့ကုန်အမယ်များ၏ အရည် အသွေးသာမက ထုတ်လုပ်မှုလုပ်ငန်းအဆင့်များတွင် ဝယ်သူ၏ သတ်မှတ်အရည်အသွေးများ ပြည့်မီရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်နှင့် အတူလက်တွဲပြီး ရှေ့ဆက်လျှောက်လှမ်းကြပါစို့လို့ နှစ်သစ်ကူးအခါသမယမှာ ဆန္ဒပြုလိုက်ရပါသည်။

ပန်းချယ်ရီ(MITS)