Background
ယခုရက်ပိုင်း ကျောက်ဆည်နယ်ထွက် နနွင်းတက်များ အရောင်းအေးပြီး ဈေးကျလာတယ်လို့ သိရပါတယ်။ ယမန်နှစ်က တစ်ပိဿာ ၂၈၀၀ ကျပ်- ၃၀၀၀ကျပ်ဈေးနဲ့ အဝယ်လိုက်ဈေးကောင်းရခဲ့သလောက် ဒီနှစ်မှာတော့ အနည်းငယ်သော တရုတ် ဝယ်လက်သာရှိခဲ့တဲ့အတွက် ဈေးအေးနေပါတယ်။
နနွင်းခြောက်တွေကတော့ အဝင်များနေပါတယ်။ အဝင်များပေမဲ့ ရောင်းအားကတော့ သိပ်မကောင်းလာ ပါဘူး။ ပြည်တွင်း သုံးအတွက်သာ ဝယ်နေတာကြောင့် ဈေးကလည်းသိပ်မကောင်းပါဘူး။ ဟိုပုံးအရည်အသွေး ကောင်းတဲ့ ဟိုပုံးနနွင်း ကတော့ မူဆယ်ဝယ်လက်တွေအဝယ်ရှိစဉ်က တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးထိ ရခဲ့ပေမဲ့ ယခုလောလောဆယ်မှာ တော့ တစ်ပိဿာ ၁၀၀၀ ကျပ် အောက်ဈေးသာရှိပါတယ်။
မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၂၈ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၁ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ နနွင်းတက် ၃၀၂ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်က တင်ပို့မှုနဲ့ သိပ်ကွာဟမှုမရှိတာတွေ့ရပါတယ်။MIRT(DOBT)
မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၄၇ တန်နဲ့ မန်ကျည်းစေ့ ၁၅ တန်ကျော်ကို မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများမှ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် မန်ကျည်းမှည့် (အစေ့ပါ) ၃၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)
မေ ၆ ရက်မှ ၁၂ ရက် တာကာလအတွင်း မန်ကျည်း ၁၀၇၈ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ နိုင်ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေက အိန္ဒိယနိုင်ငံကို တန် ၂၀၀၊ အင်ဒိုနီးရှားနိုင်ငံကို ၃၄၉ တန်၊ မလေးရှားနိုင်ငံကို ၁၇၁ တန်နဲ့ စင်ကာပူနိုင်ငံကို ၃၅၈ တန်အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်မန်ကျည်းတင်ပို့မှုက တန်ချိန် ငါးရာကျော်ရှိခဲ့ ပါတယ်။ ယခင် FOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၄၆၀ ကျော်ရရှိခဲ့တဲ့ မန်ကျည်း ကဒီတစ်ပတ်မှာ ကန်ဒေါ်လာ ၄၉၀ ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ တီကျစ်၊ နောင်တရားစတဲ့နယ်တွေက ချင်းတွေအဝင်များ လာပြီး၊ တစ်ရက်ပိဿာချိန် ၁၀၀၀၊ ၂၀၀၀ ခန့် ဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။ ဒီတစ်လမှာ ချင်းထိုးသမားေ တွက လည်း အော်ဒါနည်းတာကြောင့် ယခင်လလောက်တောင် အရောင်းမသွက်ဘဲ၊ ခပ်အေးအေးသာ ရောင်းနေရတယ် လို့လည်း ဆိုပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး၊ အဝင်မှာ အောင်ပန်းဖက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၇၀၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက်အတွင်း ပိဿာချိန် ၂၀၀ ခန့် အရောင်းအဝယ်ရှိနေပါတယ်။ ဈေးကွက်က တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို စားသုံးမှုအဖြစ်ပိဿာချိန် ၁၈၀ ခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
မုံရွာကုန်စည်ဒိုင် မေလလယ်ကုလားပဲဈေးကွက်မှာ ပစ္စည်းလက်ကျန်လျော့ နည်းလာတဲ့အတွက် ရောင်းလိုအားနည်းနေကာ ဝယ်လိုအားကတော့ ဆက်လက် ကောင်းမွန်နေဆဲဖြစ်လို့ ဈေးမာနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲမျိုးစုံ တစ်တင်းပေါက်ဈေး အနိမ့်အမြင့်နဲ့ အရောင်းအဝယ် ဖြစ်မှုအခြေအနေကို လေ့လာကြည့်တဲ့အခါ V2 အနေနဲ့ အမြင့်ဆုံး ၁၉၅၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ အနိမ့်ဆုံး ၁၉၂၀၀ ကျပ်သာ ဖြစ်ခဲ့ကာ ရန်ကုန်ဝယ်လက်တွေ တစ်လ နီးပါးနေ့စဉ် ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၁၅၀၀ ဝန်းကျင်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်သိသိသာသာပိုလာ ခဲ့ပါတယ်။ယခင်တစ်ပတ်က တန်ချိန် ၂၄၀၀ ကျော်သာရှိရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၆၅၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ယခုဘဏ္ဍာနှစ်ဧပြီလမှာ ကန်ဒေါ်လာ သုညဒသမ ၈၇၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၆၅ တန်ကျော် တင်ပို့နိုင်ခဲ့ရာ အနီးစပ်ဆုံး ကာလထက် တန် ၁၂၀ ကျော် အပို့ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာ ပဲတီစိမ်းဝယ်လိုအား ကောင်းမွန်လျက်ရှိပြီး တစ်တန်ကို ယွမ် ၅၀၀၀ မှ ၅၅၀၀ ထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။