Background
ပဲလွန်းဖြူတစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ ယခင် တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ နည်း သွားတာကိုတွေ့ရပါတယ်။ နတ် တလင်း၊ တာပွန်၊ မိုးညိုဘက်မှထွက်တဲ့ ပဲလွန်းဖြူမှာ ရန်ကုန်ကို တင်ပို့မှု များ နေပြီး၊ ရွှေတောင်ဘက်မှဝင်တဲ့ ပဲလွန်း ဖြူများသာ ပြည်ဈေးကွက်ကို တင်ပို့မှု များတယ်လို့ သိရပါတယ်။
မန်းပဲဈေးကွက်မှာ ယခုအပတ် အတွင်း ပဲလွန်းဖြူ ပြန်မာလာကို တွေ့ ရပါတယ်။ ပြည်ပပို့ကုန်တန်းဝင်တဲ့ ပဲလွန်းဖြူဆိုရင် သုံးတင်းတစ်အိတ် ၅၆၀၀၀ ကျပ်မှ ၅၈၀၀၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ တစ် ပိဿာကို ၉၃၃ ကျပ်မှ ၉၆၇ ကျပ်ထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်းပဲလွန်းဖြူကို အဝယ် လိုက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပြီး ယခုဇန်နဝါရီလ ၁၃-၁၉ ရက်အတွင်းမှာလည်း ပဲလွန်းဖြူ တန်ချိန် ၇၀၀ ကျော်ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်ကို တိုင်းတွင်းဒေသများဖြစ်တဲ့ မြင်းခြံခရိုင်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို၊ မုံရွာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဆားတောင်၊ အရာတော်ဒေသများက ပဲစင်းငုံသစ်များအဝင်လှိုင်လာပြီဖြစ်ပါတယ်။ သီးနှံသစ်အဝင်များလာ သလို သီးနှံဟောင်းလက်ကျန်များလည်း လှောင်လက်တွေမှာ အများအပြားရှိနေသေး တယ်လို့ သိရပါတယ်။
အိန္ဒိယဈေးကွက်တွေကို မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့က ဝင်ရောက်မှု တိုးလာတာကြောင့် လွန်ခဲ့တဲ့ ရက်တွေမှာ ပဲစင်းငုံဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ပဲခွဲစက်တွေက အဝယ်ရှိလာနိုင်လို့ ပဲစင်းငုံဈေး ပြန်မာလာနိုင် တယ်လို့ ခန့်မှန်း ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်မှာလည်း ပဲစင်းငုံက အရောင်းအဝယ်အသွက်ဆုံးပဲဖြစ်နေပါတယ်။ ဇန်န ဝါရီလ ၁၃ရက်မှ ၁၉ ရက်အထိ ပဲစင်းငုံဖြူ၊ နီ၊ ဖြူနီ စုစုပေါင်း တန်ချိန် ၁၇၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတင်ပို့ရာမှာ ပဲစင်းငုံတင်ပို့မှုကတော့ တစ်ပတ်ထက် တစ်ပတ် ပိုမိုလာနေတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၉၀၀ နီးပါး တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၉-၁၃) အတွင်းမှာတန်ချိန် ၁၄၀၀၀ နီးပါး ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၃ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၂၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၃ သန်းကျော် ရရှိထားကြောင်း သိရပါတယ်။
ပြည်ရဲ့ ပဲဈေးကွက်မှာ မတ်ပဲအသစ်၊ အဟောင်းတစ်တင်းကို ၁၄၀၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲသစ်များ မကွေးတိုင်းဒေသကြီး ကံမ၊ သက်ကယ်၊မြောင်၊စစ္စရံရွာများဘက်မှရေလမ်းနဲ့ ပြည်ပွဲရုံများသို့ တစ်နေ့ ၁၀-၁၅ အိတ်ခန့်အနည်းငယ်အဝင်ရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယမတ်ပဲဈေးကွက်များမှာ ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်း မှု ရှိပေမဲ့ လာမယ့်ရက်တွေမှာတော့ ပဲခွဲစက်တွေက ဝယ်ယူမှုရှိနိုင်တာကြောင့် အမြင့်ဘက်ကိုသွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲက တော့ လေးလေးနဲ့ မှန်မှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယက ဝယ်လက်တွေ နေ့စဉ်အဝယ်ရှိနေလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်) အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၈၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။