Background
ပဲတီစိမ်း FOB အရောင်းအဝယ် ပုံမှန်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်ပုံမှန်ရှိနေပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ (တစ်ပတ်အတွင်း) ဈေးပိတ်ရက်ရှိခဲ့ပေမဲ့ ယခင်သီတင်းပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏနီးပါး တန်ချိန် ၄၅ဝဝ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်များမှ အရည်အသွေးနိမ့်ပဲများ ပိုမိုဝယ်ယူ တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် စုစုပေါင်း ၁၁၅ဝဝ ခန့် ပြည်ပအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၂၁ ရက်မှာ ပဲတီစိမ်း (အညာ)တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၁၅ဝ-၁၁၇ဝ ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲတီစိမ်းသင်္ဘောတင် လျော့ကျနေဆဲ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့ကတော့ ယခင်သီတင်းပတ်လိုဘဲ ယခုတစ်ပတ် (ဇူလိုင်လ ၁ဝ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း တန် ၁၆ဝဝ ခန့်နဲ့ လျော့ကျတင်ပို့နေဆဲဖြစ်တာတွေ့ရပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ ပဲတီစိမ်း အရောင်းအဝယ်ပါးသလိုပြည်ပဝယ်လက်များ အဝယ်ပါးတာကြောင့် တင်ပို့မှုလျော့ကျ နေတာဖြစ်ပါတယ်။ လာမယ့်သီတင်းပတ် မှာလည်း ဆက်လက်လျော့ကျတင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁၄ ရက်နေ့အထိ ပဲတီစိမ်း တင်ပို့မှုဟာ တန်ချိန် တစ်သိန်းလေးသောင်းခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၇၁ဝဝဝ ကျော်သာရှိလို့ ယခုနှစ်မှာ တစ်ဆပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT
လက်လီဈေးကွက်မြင့် အရောင်း အဝယ် ဖြစ်တဲ့ ပြည်ပဲလွန်းဖြူ ပြည်မှ ပွဲရုံတွေမှာ ဇူလိုင်ဒုတိယ ပတ်က ပဲလွန်းဖြူတစ်တင်း၁၈ဝဝဝကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု အပတ်မှာ ပဲလွန်းဖြူတစ်တင်း ၁၅ဝဝဝ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ပဲ အဝင်လည်းမရှိဘဲ လက်ဝယ်ရှိတဲ့ ပဲများ ကိုသာထုတ်ရောင်းနေကြပြီး အရောင်း အဝယ်ဖြစ်မှုကတော့ မြို့တွင်းလက်လီ သမားများသာ တစ်နေ့ကို အိတ် ၄ဝ- ၅ဝ ခန့်အဝယ်ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ ပြည်ပတင်ပို့မှု တန် ၁၅ဝ သာရှိ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်ထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း က ပဲလွန်းဖြူတင်ပို့မှုဟာ တန်ချိန် ၁၅ဝ ခန့်သာရှိတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ်များက တန်ချိန် ၄ဝဝ မှ ၁ဝဝဝ အတွင်း တင်ပို့မှုရှိခဲ့ရာမှ ယခု တစ်ပတ်မှ သိသိသာသာလျော့ကျ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပြည်တွင်းလက် ကျန် လျော့နည်းလာတဲ့အတွက် ပြည်ပ အဝယ်ရှိသလောက် တင်ပို့နိုင်ခြင်း မရှိတော့ကြောင်း သိရပါတယ်။ ယခု တစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ စင်ကာပူ၊ အိန္ဒိယနဲ့ ကိုရီးယား တို့ကို ဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၁၂၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၁၅ဝဝ ခန့် တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ MIRT - MAPT
လက်ကျန်နည်းလို့ ပဲလွန်းဖြူ ပြည်ပအရောင်းအဝယ် အနည်းငယ်သာ ဖြစ် လက်ကျန် နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူကို ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေး ကွက်မှာပြည်ပအဝယ်ရှိပေမဲ့ အရောင်း အဝယ် စာချုပ် ချုပ်ဆိုမှုမှာ ယခုတစ် ပတ် တန် ၈ဝ ခန့်သာရှိတာ တွေ့ရပါ တယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက် အတွင်းမှာ တန်ချိန် ၁၁ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ လက် ကျန်နည်းသွားပြီဖြစ်တဲ့ ပဲလွန်းဖြူရဲ့ ရန်ကုန် FOB ဈေးဟာ ယခင်သီတင်း ပတ်ဈေးများအတိုင်း ဇူလိုင်လ ၂၁ ရက်မှာလည်း FAQ တစ်တန် ကန် ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ငြိမ်နေ တာ တွေ့ရပါတယ်။ MIRT - MAPT
တစ်ပတ်အတွင်း ပဲစင်းငုံ FOB တန် ၃ဝဝဝ ခန့် အဝယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ ကို FOB အဝယ်တန် ၃ဝဝဝ ခန့်သာ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဝယ်လိုအားကောင်းခဲ့ပြီး ပြည်ပအဝယ်တန် ၆ဝဝဝ ကျော်ခဲ့ရာ မှ ယခုတစ်ပတ်မှာ အဝယ်ပါးသွားတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်များတဲ့ သတင်းတွေအပြင် မိုးပြန်လည်ရွာသွန်းလာလို့ ပဲစိုက်ပျိုးမှု ပြန်လည်သွက်လာခြင်းတွေက ဝယ်လက်တွေ အဝယ်အေးစေခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ ပဲစင်းငုံအရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် နှစ်သောင်းနီးပါးရှိတာ သိရပါတယ်။ ရန်ကုန် FOB ပဲစင်းငုံနီဈေးကတော့ ယခင်သီတင်းပတ်များအတိုင်း ဇူလိုင်လ၂၁ ရက်မှာလည်း ပဲစင်းငုံနီ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၅၂ဝ- ၅၄ဝ နဲ့ ငြိမ်နေပါတယ်။ MIRT - MAPT
ပဲစင်းငုံ ပုံမှန်ပမာဏသာ တင်ပို့မှုရှိ ပဲစင်းငုံပြည်ပတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၆၅ဝဝ ထိ တိုးတက် တင်ပို့ခဲ့ရာမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အထိ တစ်ပတ်အတွင်းမှာတော့ အစောပိုင်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြည်ပဝယ်လက်များ ပုံမှန်အဝယ်ရှိနေပေမဲ့ ယခု တစ်ပတ်အတွင်း ခပ်ပါးပါးနဲ့သာ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ခြောက် သောင်းနီးပါးရှိနေတာတွေ့ရပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် သုံးသောင်းကျော်ထက် ၁ ဆခန့် ပိုမိုတင်ပို့ပြီးတာတွေ့ရပါတယ်။ MIRT - MAPT
ပြည်မတ်ပဲဈေး ခပ်အေးအေး ပြည်ပဲဈေးကွက်မှာ ဇူလိုင် ဒုတိယပတ်က မတ်ပဲဈေးငြိမ်နေခဲ့ရာမှ ဇူလိုင် တတိယပတ်မှာတော့ ပဲတစ်တင်းကို ၁၆၅ဝဝ ကျပ်ထိဈေးလျော့လာခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ပြည်ပွဲရုံများသို့ မကွေးတိုင်းဒေသကြီး အောင်လံမှ တစ်နေ့ ကို ပဲအိတ် ၃ဝဝ ခန့်အဝင်ရှိပြီး အကျဘက်ကိုသာဦးတည်နေတဲ့ ပဲဈေးမှာ ရာသီဥတုကလည်း မိုးရွာမှုများနေတာကြောင့် ဈေးပိုအေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အရောင်း အဝယ်ဖြစ်ကာ ပြည်ပွဲရုံများမှ ရန်ကုန်ဘုရင့်နောင်သို့ နေ့စဉ်အိတ် ၅ဝဝ ခန့်တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ယခုတစ်ပတ် မတ်ပဲ FOB အရောင်းအဝယ် ထက်ဝက်လျော့ကျ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ပြည်ပဝယ်လက် အဝယ်အေးတဲ့အပြင် ဈေးပိတ်ရက်ရှိတာကြောင့် FOB အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှုမှာ ယခင် သီတင်းပတ်ထက် ထက်ဝက်လျော့ကျပြီး တန်ချိန် ၆၅ဝဝ ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လအတွင်း အိန္ဒိယပဲစိုက်ဒေသများမှာ မိုးပြန်လည်ရွာသွန်းလာ တာကြောင့် ပဲစိုက်ပျိုးမှု တိုးတက်လာတဲ့အတွက် အဝယ်ပြန်အေးလာခြင်းဖြစ်တယ် လို့ သိရပါတယ်။ဒါပေမဲ့ ဇူလိုင်လ နောက်ဆုံး သီတင်းပတ်လောက်မှာတော့ ဒီပါ ဝတီပွဲတော်အတွက် အဝယ်ပြန်ထွက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြ ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်း စုစုပေါင်း FOB စာချုပ်ချုပ်ဆိုမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် အားလုံး စုစုပေါင်း တန်ချိန် ငါးသောင်းနီးပါးရှိတယ် လို့ သိရပါတယ်။ ရန်ကုန် FOBမှာ အရောင်းအဝယ်ပါးလို့ ဈေးအနည်းငယ်အေး လာခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ ) မတ်ပဲ(SQ)၂၁-၇-၁၁ ၇၅ဝ-၇၇ဝ ၈၃၅-၈၅၅၁၄-၇-၁၁ ၇၆ဝ-၇၈ဝ ၈၄ဝ-၈၆ဝMIRT(MAPT)
ဒီတစ်ပတ် မတ်ပဲသင်္ဘောအတင်လျော့ ယခင်သီတင်းပတ်များက မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ဝဝဝဝ ဝန်းကျင်ထိ တင်ပို့မှုရှိခဲ့ရာမှ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အတွင်းမှာတော့ တန်ချိန် ၁၁ဝဝဝ ကျော်ကို လျော့ကျတင်ပို့လာပါတယ်။ အိန္ဒိယဝယ်လက်များ ၎င်းတို့နိုင်ငံမှာ ပဲ စိုက်ပိုျးဖို့ ရာသီဥတုပြန်လည် ကောင်းမွန်လာတဲ့အတွက် ပဲအဝယ်လျော့သွားတာ ကြောင့်လို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁၄ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီး မှုဟာ တန်ချိန် နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး ယခင်နှစ်ဘဏ္ဍာနှစ်ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် တစ်သိန်းခွဲခန့်ထက် ပိုမိုနေတာတွေ့ရပါတယ်။ ယခုသီတင်းပတ် တွေမှာလည်း အရောင်းအဝယ် အေးတာကြောင့် လာမယ့်အပတ် ပဲတင်ပို့မှုမှာ အနည်းငယ် လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
