Background
ယခုတစ်ပတ် မတ်ပဲတင်ပို့မှု တန် ၄ဝဝဝ ခန့်သာရ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၇ဝဝဝ နီးပါး တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က အိန္ဒိယဝယ်လက်များ အဝယ်ပုံမှန်ရှိခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ အဝယ် အေးတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တချို့မှာ အရည်အသွေးကောင်းမတ်ပဲ အချို့အဝင်ရှိလို့ မြန်မာမတ်ပဲကို အဝယ်ထိုင်းခြင်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း အရောင်းအဝယ်အေးလို့ ဈေးလည်း အနည်းငယ် လျော့ကျလာခဲ့ ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ((FAQ) မတ်ပဲ(SQ)၂-၁၂-၁ဝ ၉၄ဝ-၉၅ဝ ၁၁၆ဝ-၁၁၇ဝ၂၅-၁၁-၁ဝ ၉၅ဝ-၉၆ဝ ၁၁၇ဝ-၁၁၈ဝ MIRT(MAPT)
တောင်သူနဲ့ အကျိုးတူဆောင်ရွက်နေတဲ့ စိမ်းလန်းမြေ မြန်မာကုမ္ပဏီ မိုးစပါးရိတ်သိမ်းပြီ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ နတ္တလင်းမြို့နယ်က ဆန်စပါးအထူးပြု ကုမ္ပဏီတစ်ခုဖြစ်တဲ့ စိမ်းလန်းမြေ မြန်မာကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းစိုက်ပိုျးခဲ့သော ၂ဝ၁ဝ မိုးစပါးဆင်းသွယ်စပါးများကို ယခုရက်ပိုင်းအတွင်း စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ကြိုတင်ပံ့ပိုးထုတ်ချေးငွေများနဲ့ သွင်းအားစုများ အပြည့်အဝ သုံးစွဲစိုက်ပိုျးခဲ့ကြတဲ့အတွက် ယခုနှစ်မှာ တစ်ဧကအထွက်နှုန်း ၇၈ တင်းနှုန်းအထိ ထွက်ရှိကြောင်း သိရပါတယ်။ ဆင်းသွယ်လတ်စပါးမျိုးဟာ မျိုးကောင်းမျိုးသန့်ဖြစ်ပြီး၊ ပြည်ပတန်းမြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်တဲ့ စပါးမျိုးဖြစ်တာကြောင့် တခြားစပါး မျိုးများထက် ဈေးနှုန်းပိုမြင့်ပါတယ်။ တောင်သူများနဲ့ ကုမ္ပဏီတို့ လက်တွဲညီညီ ကြိုးပမ်းခဲ့မှုများကြောင့် အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ လက်တွဲ ဆောင်ရွက်တဲ့ တောင်သူများမှလည်း မူလကညှိနှိုင်းသဘောတူခဲ့တဲ့အတိုင်း ထွက်ရှိ လာသောစပါးများကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပေါက်ဈေးဖြင့် ကုမ္ပဏီသို့ ပြန်လည် ရောင်းချနေကြောင်းသိရပါတယ်။ အေးမြတ်သီတာ
တောင်ငူဆန်ဈေးကွက်မှာ ဆန်သစ်က ရောင်းပန်းလှ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း တောင်ငူမြို့နယ်အနီးရှိ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များက ထွက်တဲ့ ဆန်များကို တောင်သူဆန်ဈေးကွက်ရှိ ဆန်ပွဲရုံများသို့ တင်ပို့ရောင်းချပြီး တောင်ငူမြို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်ဒေသများသို့ ထပ်ဆင့်တင်ပို့ရောင်းချကြပါတယ်။ တောင်ငူဒေသတစ်ဝိုက်မှာ အောက်တိုဘာ ပထမပတ်က အုတ်တွင်းမြို့နယ်မှ စပြီး ကောက်စောစပါး စပေါ်ခဲ့ပြီး၊ ကောက်စော ဧည့်မထ (အလတ်စ) တစ်အိတ်ကို ၁၃၅ဝဝ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပါတယ်။ မုန်တိုင်းမိုးကြောင့် ကောက်စောစပါးရိတ်သိမ်းမှုကို အနည်းငယ် ကြန့်ကြာစေတဲ့အတွက် အောက်တိုဘာနောက်ဆုံးပတ်နဲ့ နိုဝင်ဘာ ပထမပတ်မှာ ဆန်သစ်ဈေးအနည်းငယ်တက်ခဲ့ပြီး ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ကျပ်ခန့် ဈေးပေါက်ခဲ့ပါတယ်။ မိုးပြတ်သွားခဲ့တဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်ကစပြီး အုတ်တွင်းမြို့နယ်အပြင်၊ ထန်းတပင်၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်စတဲ့ မြို့နယ်များမှလည်း မိုးစပါးသစ်များ အပြိုင်အဆိုင်ရိတ်သိမ်းပြီး တင်ပို့ရောင်းချလာခဲ့ရာ နိုဝင်ဘာ ဒုတိယပတ်မှာ ဆန်သစ်တစ်အိတ်ကို ၁၄ဝဝဝ ခန့်မှ တတိယပတ်မှာ ဆန်သစ်တစ်အိတ် ၁၂၅ဝဝ ကျပ်သို့ လည်းကောင်းကျဆင်းခဲ့ပါတယ်။ ဒေသအတွင်း ဆန်သစ်ကြိုက်သူအချို့စားသုံးမှုရှိသလို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့သို့လည်း တစ်နေ့ကို ဆန်အိတ် ၃ဝဝဝ မှ ၅ဝဝဝ အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ TT
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကြက်မွေးမြူရေးဇုန်များ မြန်မာနိုင်ငံသည်လည်း ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားရေး၊ ဖြစ်ပွားလျှင် လူသို့မကူးစက်ရေးနှင့် ဖြစ်ပွားရာဒေသတွင် ရောဂါထိန်းချုပ်နိုင်ရေးတို့ကို အထူးဆောင်ရွက်နေပြီး ကြက်မွေးမြူသူများကို ကြက်မွေးမြူရေး ဇုန်များ ထူထောင်ပေးပြီး မြို့တိုင်းမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။မုံရွာမြို့မှာလည်း အောင်မြင်ဖြစ်ထွန်းလျက် ရှိသော ကြက်မွေးရေးဇုန်ရှိပါတယ်။ မုံရွာကြက်မွေးမြူရေးဇုန်ဟာ မုံရွာမြို့အရှေ့မြောက်ဖက် အက်တောရွာအနီး၊ မြေဧရိယာ ၁၂၃ ဒသမ ၄၅ ဧကပေါ်တွင် တည်ရှိပြီး ဥစားကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂၂ဝ ကွက်၊ အသားတိုးကြက် (၁ဝဝ ပေ x ၁ဝဝ ပေ) ၂ဝ ကွက်၊ ငုံးမွေး မြူရေး (၁ဝဝ ပေ x ၁ဝဝ ပေ) ၉ဝ ကွက်၊ မွေးမြူရေးအထောက်အကူလုပ်ငန်းအတွက် ၆၄ ကွက်ဖော်ထုတ်ပြီး နေရာချထား ကြောင်း သိရှိရပါတယ်။ လက်ရှိတွင် ဥစားကြက်ခြံ ၂၆၆ ခြံ၊ အသားစားကြက်ခြံ ၈ ခြံ၊ ငုံးမွေးမြူရေးခြံ ၈ဝ ခြံ၊ ကြက်၊ ငုံးခြံစောင့် အိမ်ရာ ၁၅ဝ လုံး ၊ ကြက်စာကြိတ်စက်ရုံ ၁ဝ လုံး ရှိကြောင်း သိရပါတယ်။ ကြက်ကောင်ရေ ၁ ဒသမ ၃ သိန်းကျော်၊ ငုံးကောင်ရေ ၄ ဒသမ ၇ သိန်းကျော်မွေးမြူထားပြီး နေ့စဉ် ကြက်ဥ ၉ သောင်းကျော်၊ ငုံးဥ ၃ သိန်း ၅ သောင်းခန့် ထွက်ရှိနေကြောင်း သိရပါတယ်။ ထွက်ရှိတဲ့ ကြက်ဥတစ်လုံး ၈ဝ ကျပ်၊ ငုံးဥတစ်လုံး ၁၆ ကျပ်ဖြင့် ကြက်ဥဒိုင်များမှသိမ်းယူပြီး ဒေသတွင်း စားသုံးမှု ဈေးကွက်မှ ပိုလံျှသည်များကို ဖားကန့်၊ မိုးကုတ်မြို့များနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့များသို့ တင်ပို့ရောင်းချလျက် ရှိပြီး စားသုံးမှု ဈေးကွက်သို့ ဖြည့်စွက်ပေးနေလျက်ရှိပါတယ်။ အောင်မင်း
လက်ကျန်နည်းလို့ ရှမ်းနနွင်း ဈေးကောင်းရ နနွင်းလက်ကျန်နည်းနေတာကြောင့် နနွင်းဈေးကကောင်းနေပါတယ်။ ဝယ်လက်တွေကလည်း နနွင်းသန့်တွေရွေးပြီး ဝယ်နေပေမဲ့ ပစ္စည်းလက်ကျန် ပြတ်သလောက်ဖြစ်နေတာကြောင့် လိုသလောက်မရဘူးလို့ သိရပါတယ်။ နနွင်း ခေါင်းမပါရင် အရောင်းအဝယ်ဖြစ်ပေမဲ့ နနွင်းခေါင်းရော နနွင်းအဖြူတွေ ရောပါ နေရင်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပေါင်းလောင်းကလည်း နနွင်းအထွက်များတဲ့ ဒေသဖြစ်ပြီး၊ နနွင်းဖြူတွေသာ လက်ကျန်များတာကြောင့် ဈေးကွက်မှာ ရောင်းပန်းမလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းသန့် တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ၃၂ဝဝ ကျပ် ဈေးရှိပြီး၊ နနွင်းခေါင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်၊ နနွင်းခါးက တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၅ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ ကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
နယ်စပ်က နည်းနည်းနဲ့ ပုံမှန်ပို့နေ ယခုအပတ်မှာ စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်ကို နနွင်းတက် ၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကလည်း ၁ တန်သာ တင်ပို့တဲ့အတွက် နနွင်းတက်တင်ပို့မှုပုံမှန်လေးဖြစ် နေပါတယ်။ နနွင်းသစ်ပေါ်ချိန် ဖြစ်တဲ့အတွက် တစ်ဘက်နိုင်ငံမှ မှာယူမှုနည်းနေခြင်းဖြစ်ပါတယ်။ ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော် ဒေသထွက် နနွင်းများကို စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ တင်ပို့နေ တာဖြစ်ပါတယ်။ နနွင်းတက်တစ်တန်ကို မိမိဘက် မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက် နိုင်ငံပေါက်ဈေးကတော့ ၁၄ဝဝဝဝ တာကာဖြစ်ပြီး ဈေးတည်ငြိမ်လျက်ရှိနေပါတယ်။ တင်တင်ထွန်း(MIRT)
ပင်လယ်ရေကြောင်းက မလေးရှားကို ၁ဝ တန်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၁ဝ တန်ကို တင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၆၄၅ ဒေါ်လာနဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တင်ပို့မှုက စုစုပေါင်းပို့ကုန်ငွေ ကန်ဒေါ်လာ ၁၆၄၅ဝ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်ကတော့ နနွင်းတန်ချိန် ၅ဝ ဒသမ ၇၃ တန်တင်ပို့ခဲ့ပြီး ယခုသီတင်းပတ်တင်ပို့မှုနဲ့ယှဉ်ရင် အားလျော့သွားတာတွေ့ရတဲ့အပြင် ဖောက် သည်တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံများဘက်ကလည်း အဝယ်ပါးသွားခဲ့ပါတယ်။ MIRT (DOT)
မန်ကျည်းသီးမှည့် အနည်းငယ်သာ နယ်စပ်ကပို့ စစ်တွေနယ်စပ်ကနေ အစေ့ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှု မရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန်၊ ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှအောက်တိုဘာလအထိ နယ်စပ်မှ မန်ကျည်းမှည့် တင်ပို့တဲ့ ပမာဏတန်ချိန် ၃၁ဝ ခန့်သာရှိပါတယ်။ စစ်တွေနယ်စပ်မှမန်ကျည်းမှည့် တစ်တန် ကို ၃၇၉၄၄ဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေးကတော့ ၃၅ဝဝဝ တာကာ (ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့် ဈေးပေါက်လျက်ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည် ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေနယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံးတင်ပို့ကြောင်း သိရပါတယ်။ တင်တင်ထွန်း(MIRT)
အောင်ပန်းချင်း ဈေးကွက်ထဲ ပုံမှန်အဝယ်ရှိလို့ ဈေးလျော့လာ မြန်မာနိုင်ငံမှာ ချင်းကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အများဆုံး စိုက်ပါတယ်။ အရင်ကတော့ ပြည်တွင်း ဈေးကွက်သာရှိပေမဲ့ အခုနောက်ပိုင်း နှစ်တွေမှာ ပြည်ပဈေးကွက်ထိ ကျယ်ပြန့်လာပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ချင်းကို နှစ်စဉ်ဧက ၇ဝဝဝ ကျော်စိုက်ပိုျးပါတယ်။ ကလောမြို့နယ်မှာ အများဆုံးစိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်တာကပင်လောင်းမြို့နယ်၊ တတိယအများဆုံးက နမ့်စန်မြို့နယ် ဖြစ်ပါတယ်။ ချင်းကို ဧပြီ၊ မေလတွေမှာ စိုက်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ပြန်ပြီးတူး ဖော်ကြပါတယ်။ ဒီနှစ်က ချင်းဈေးကောင်းတာကြောင့် ချင်းစိုက်တောင်သူ တွေ လည်းမိုးတစ်ပြိုက်နှစ်ပြိုက်ကျတာနဲ့အမြန်ပြန်စိုက်ကြတာကြောင့် အောက်တိုဘာလ လယ်လောက်မှစပြီး ဈေးကွက်ကိုဝင်လာပါတယ်။ ကလောမြို့နယ်က ချင်းတွေကိုတော့ ဥမအဖြစ်ပြန်ဖော်ပြီး ရောင်းပေမဲ့ နမ့်စန်မြို့နယ်၊ ဟိုပုံးမြို့နယ်တွေကတော့ ဥမကို မဖော်ဘဲ ချင်းတက်ကိုသာ ရောင်းတာကြောင့် ဟိုပုံး၊ နမ့်စန်ချင်းက ပိုပြီး အခက်လှလို့ ဈေးကွက်ပိုဝင်တယ်လို့ သိရပါတယ်။ ဟိုပုံး၊ နမ့်စန်ကချင်းတွေကတော့ ဒီဇင်ဘာလလယ်လောက်မှဈေးကွက်ကိုစပြီးဝင်မှာဖြစ်ပါတယ်။အောင်ပန်း ဈေးကွက်မှာ ချင်း (စို)တွေ ပုံမှန်ဝင်နေတာကြောင့် ဈေးကတော့ အနည်းငယ် ကျလာပါတယ်။ အကြီးအခက်လှတွေက တစ်ပိဿာ ၈ဝဝ ကျပ်၊ အလတ်စတွေက တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဒီနှစ်ကချင်းစိုဈေးကောင်းနေတာကြောင့် ချင်းခြောက်အဖြစ်ပြုလုပ်တာနည်းပြီး ချင်းစိုအတိုင်းသာ ရောင်းနေတယ်လို့ သိရပါတယ်။ လက်ကျန်ချင်းခြောက်ကတွေကတော့ တစ်ပိဿာ ၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
လက်ကျန်နည်းလို့ ဈေးကောင်းရတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်အတွင်း ဈေးကောင်းရနေတဲ့ ပဲအမျိုးအစားထဲမှာ ပဲနီပြား လည်းပါဝင်နေတာကို တွေ့ရပါတယ်။ နိုဝင်ဘာ ဒုတိယပတ်မှစပြီး တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အထိ ၎င်းဈေးအတိုင်း ဈေးငြိမ်အရောင်း အဝယ် ဖြစ်နေခဲ့ပြီး ယခုနိုဝင်ဘာနောက်ဆုံးပတ်မှာတော့ တစ်တင်း ကို ၃ဝဝဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဈေးကွက်မှာ ပဲနီပြားကလက်ကျန်နည်းလာခဲ့ပြီဖြစ်တဲ့ အတွက် တစ်ရက်ကို အိတ် ၁၅ အိတ်ခန့် လက်လီသမားများဖြင့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်နဲ့ ယှဉ်ရင် တစ်တင်းကို ၂ဝဝဝ ကျပ်ခန့်မြင့်တက်ခဲ့ပါတယ်။ ခင်ဆွေဝင်း
