Main menu

Background

Thursday, 28 Jan 2010

   နေပြည်တော်တွင် အသုံးမလိုတော့သည့် ပိုလျှံယာဉ်များကို ရောင်းချရန်အတွက်လေလံခေါ်ယူခဲ့ပြီး ဇန်နဝါရီလ ၁၃ရက်နှင့် ၁၄ရက် တို့တွင် လေလံဖွင့်ခဲ့ရာအဖွင့်ရက်၌ လေလံအောင်ခဲ့သော ကားများမှာ ယခင်လေလံဈေးများထက်အနည်းငယ်နိမ့်ပြီး လေလံအောင်ခဲ့ ကြောင်း ရန်ကုန်မြို့မှလေလံသွားဆွဲသူများကဆိုသည်။   ''၁၃ရက်နေ့မှာ ကားအစီး ၉၀လေလံတင်ခဲ့ရာမှာ ၃၂စီးက ယခင်လေလံဈေးနှုန်းတွေထက် နည်းနည်းနိမ့်ပြီး လေလံအောင်ကြတယ်။ အဲ့ဒီ ၃၂စီးထဲမှာ Hilux ,Surf, Wagon က ၈ စီးပါတယ်။ ၇စီးကိုဆိုင်းငံ့ထားပြီး၊ မကြော်ငြာတဲ့ကားက၁၂စီး။ကြမ်းခင် ဈေးမမီတဲ့ကားက ၃၉စီးရှိခဲ့တယ်။ အဖွင့်နေ့က ကျပ်သိန်း ၆၀၀ကျော်နဲ့ လေလံအောင်ခဲ့တ Hilux, Surf အမျိုးအစားက အပြင်ပေါက်ဈေး သိန်း၈၀၀ လောက်ရှိပါတယ်''ဟု အဆိုပါပုဂ္ဂိုလ်ကသတင်းပေးပြောကြားသည်။   အဆိုပါလေလံတွင် ပိုလျှံယာဉ်၁၇၆စီးကို လေလံတင်ရောင်းချရန် စီစဉ်ထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာချက် အရသိရသည်။            ခင်မျိုးသွယ်

Thursday, 28 Jan 2010

   ယခုလတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ဌားရမ်းသူများ၊ တိုက်ခန်း ရောင်းဝယ်သူများနှင့်အိမ်ရာစီမံကိန်းများမှ လုံးချင်းအိမ်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။  ''အခုအခြားစီးပွားရေးသမား တွေလည်းအိမ်၊ခြံ၊မြေဘက်ကိုလှည့်လာတယ်။ ပြီးခဲ့တဲ့ မိုးတွင်းတုန်းက အရောင်းအဝယ် နည်းနည်းအေးခဲ့ ပေမယ့်သီတင်း ကျွတ်နောက်ပိုင်းကို အရောင်းအဝယ်ပြန်ကောင်းလာတယ်။ အခုဆိုအကျိုးဆောင်ကုမ္ပဏီတွေကများတော့ ဈေးကွက် အေးတယ်လို့ပြောလို့မရတော့ဘူး။ အဆောက်အအုံလေလံတွေရှိတယ်။ ဆိုပေမယ့်လည်း၊ လေလံဆိုတာအမြဲမရှိတဲ့အတွက်ဈေးကွက် ကိုကြီးကြီးမားမားထိခိုက်တာမရှိဘူး။ တကယ်လို့အလုပ်အကိုင် အခွင့်အလမ်းတွေ ဒီထက်ပိုကောင်းလာမယ်ဆိုရင် အိမ်၊ခြံ၊မြေရောင်း ဝယ်မှုတွေ ပိုပြီးအဆင်ပြေလာမယ်လို့ထင်ပါတယ်'' ဟု အိမ်၊ခြံ၊မြေရောင်းဝယ်သူတစ်ဦးကပြောကြားသည်။   ယခုအခါတွင် ဆင်ခြေဖုံးဒေသများဖြစ်သော တာမွေ၊တောင်ဥက္ကလာကဲ့သို့သော နေရာများတွင် စိတ်ဝင်စားမှုများလာကာ ဝယ်ယူမှု များရှိလာကြောင်းနှင့် တောင်ဥက္ကလာ လမ်းသွယ်နေရာမျိုးတွင်ပင်ပေ ၄၀ဌ ၆၀ မြေကွက်တစ်ကွက်လျှင်ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိ ကြောင်းသိရသည်။  မင်းသန့်

Thursday, 28 Jan 2010

   ဈေးအကျဖက်သို့ ဦးတည်နေသော ရန်ကုန်မြို့၏ ကားဈေးကွက်မှာ နှစ်ဆန်းပိုင်းကာလမှာပင် ဈေးဆက်လက် ကျဆင်းနိုင်မည်လား၊ အကျဈေးနှင့်ပင် ရပ်တန့်ပြီး ဈေးငြိမ်နေမလားဆိုသည်မှာ လေလံပွဲများ၊ လူအများ၏ ကားရင်းနှီးမြှုပ်နှံမှုပေါ်အာရုံစိုက် စိတ်ဝင်စားမှုပေါ် မူတည်နေသဖြင့် ယတိပြတ် ပြောမရသေးကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ်သက် ၂၅ နှစ်ခန့်ရှိသူ ဝါရင့်ဝယ်ရောင်းပုဂ္ဂိုလ် ဦးစိန်မှ ပြောသည်။   အချို့ပွဲစားများကလည်း လေလံကုန်သွားလျှင် (သို့) လေလံပစ်နိုင် သည့်ကားစီးရေနဲလာလျှက် ကားဈေးကွက်အကျဈေးငြိမ်သက် သွားနိုင်ကြောင်းခန့်မှန်းသလို အချို့ဝယ် ရောင်းပုဂ္ဂိုလ်ပွဲစားများကလည်း ကားဈေးကွက်အကြားသတင်းဖြင့် ထိုးနှက်မှုကြောင့် ယခု လက်ရှိဈေးထက် ကျဆင်းကောင်းကျဆင်းနိုင်ကြောင်းသုံးသပ်ကြသည်။   ကားဈေးကွက်ထဲ ဈေးများကျ ဆင်း၍ ရောင်းပန်းဝယ်ပန်းမကောင်းဟုဆိုသော်လည်း အပေါ်ဝိုင်း (ဟံ သာဝတီ) နှင့် ကျောက်မြောင်း၊ သံသု မာ (သင်္ဃန်းကျွန်း) တို့တွင် ညနေခင်းကားများလူများစည်းကားနေတက်ပြီး သိန်း ၁၀၀ ပတ်လည်၊  သိန်း၂၀၀ ပတ်လည် ကားများငွေပါးပါးအလိုက် အထိုက်ဖြစ့် အလဲအထပ်အချို့ဖြစ်နေကြောင်း၊ ဗင်ကားချောလျှင်ငွေဝင်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခု အချိန်သည် ငွေကိုင်ပြီးဝယ်ပါက အမြင့်ကားများ၊ ဒေါင်ဒေါင်မည်ဆိုရမည့်ကားချော၊ ကားကောင်းများအား ဈေးမှန်ဖြင့်ရနိုင်သော်လည်း အများစုမှာ တန်ဖိုးကြီးကားများ ဝယ်ရန်စိတ်မကူးသလို ပြန်ရောင်းဖို့သာ စိတ်ကူး ပေါ်ကြသဖြင့် အမြင့်ကားဈေးကွက်မှ ၍ ကျန်ကား များဈေးပြုတ်ကျလာ သည်မှာ ပိုမိုမြန်ဆန်ရခြင်းဖြစ်ကြောင်း အပေါ်ဝိုင်းမှ ဝါရင့်အကျိုးဆောင်တစ်ဦးမှသုံးသပ်ပြသည်။   ထိုထဲတွင် ဈေးမှန်၊ ဈေးတန်သော်လည်း ဈေးကျသည့်ဂယက်ထဲတွင် အရောင်းအဝယ်ပိုပါးလာသည်မှာ ဌာနဆိုင်ရာထုတ် အမ်အက်(စ်) ဒဗလျူပါဂျဲရိုးပုံစံဝက်ဂွန်ယာဉ်များ ဖြစ်ပြီး ပြင်ဆင်ပြီးယာဉ်တစ်စီးဈေး နှုန်းမှာ သိန်း ၁၁၀၀ ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် သိန်း ၉၀၀၊ ၉၅၀ ဝန်းကျင်ထိကျဆင်းလာသည့်အတွက် မပြင်ဆင်ရသေးသည့် ယာဉ်များမှာလည်း ဌာနဆိုင်ရာထုတ်ဈေးနီးနီးဖြင့် ပွဲစားခ ဆောင်းကာ ရောင်းချလာကြကြောင်းသိရသည်။ SN

Thursday, 28 Jan 2010

   ၂၀၁၀ဇန်နဝါရီ တတိယအပတ်အတွင်း ဆိုင်ခန်းများ သိသိသာသာတက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက အတည်ပြုပြောကြားသည်။   ''အောင်ဆန်းကွင်းပတ်လည်မှာ ၄ထပ်ပါဆိုင်ခန်းကို ၇သိန်း၊ တာမွေဘက်မှာ ၄သိန်း-၅သိန်း၊ စမ်း ချောင်းနဲ့ကမာရွတ်လမ်းမကြီးတွေ ပေါ်မှာ ၅သိန်း-၆သိန်း၊ လှိုင်သာယာစက်မှုဇုန်မှာ ပစ္စည်းသိုလှောင်ဖို့ အတွက် ဂိုဒေါင်အငှားသိန်း ၂၀ တစ်လအငှားဈေးနှုန်းတွေနဲ့ အလုပ်ဖြစ်ခဲ့ကြတယ်။ အရောင်းအဝယ်ဘက်မှာတော့ မင်္ဂလာဒုံစက်မှုဇုန်ဘက်မှာ တစ်ဧက သိန်း ၃၅၀နဲ့ ၈ဧကလောက်အရောင်း အဝယ်တွေဆက်ဖြစ်ခဲ့တယ်။ ဈေးနှုန်းသက်သာတဲ့နေရာအချို့မှာ အရောင်းအဝယ်တွေဆက်ဖြစ်ခဲ့တယ်။ သိန်း ၁၀၀၀၊ ၁၅၀၀မြေကွက် အရောင်းတွေတော့တန့်သွားတယ်''ဟု ယူနတီအိမ်ခြံမြေကုမ္ပဏီမှ ဦးဇော်ဇော်ကသတင်းပေးပြောကြားသည်။    ခင်မျိုးသွယ်

Tuesday, 19 Jan 2010

အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီး မြုပ်နှံမှုပြုလုပ်လိုသူများအနေဖြင့် လက်ရှိအနေအထားအရသော်လည်းကောင်း၊ ရေရှည်မျှော်မှန်းချက် အရသော်လည်းကောင်း အဆောက်အအုံမပါဝင်သည့် မြေကွက်လွတ်များကိုသာ ဦးစားပေးရွေးချယ်ဝယ်ယူသင့်ကြောင်း ဝါရင့်အိမ်ခြံ မြေအကျိုးဆောင်များကသုံးသပ်ပြောကြားကြသည်။   လက်ရှိအနေအထားအရ အဆောက်အအုံပါဝင်သည့်အိမ်ခြံမြေများသည်ဈေးနှုန်းမြင့်မားလျက်ရှိပြီး ရေရှည်ဝယ်ယူလိုသူများကလည်း မိမိနှစ်သက်ရာ စီးပွားရေးလုပ်ငန်းသော် လည်းကောင်း၊ နေထိုင်ရန်သော်လည်းကောင်း စိတ်ကြိုက်ဖန်တီးနိုင်သည့် မြေကွက်လွတ်များ ကိုသာပိုမိုရွေးချယ် ဝယ်ယူလာကြမည်ဖြစ်သည်။ ''လက်ရှိမှာ မြေကွက်လွတ်ဆိုရင်ဈေး သက်သာမယ်၊ အဆောက်အဦပါရင်ဈေးပို ပေးရမယ်၊ နောင်တစ်ချိန်ဝယ်မယ့်သူကလည်း သူစိတ်ကြိုက်လုပ်ကိုင်နိုင်တဲ့ မြေကွက်ကိုပိုဝယ်ယူမှာပဲ'' ဟု ယူနတီကုမ္ပဏီမှ ကိုဇော်ဇော်ကသုံးသပ်ပြောကြားသည်။ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်အနီးမြေကွက်များသည် လက်ရှိပေါက်ဈေး တစ်စတုရန်းပေကို နှစ် သိန်းခွဲဝန်းကျင်ရှိရာ အဆောက်အအုံ ပါဝင်ပါက သုံးသိန်းနီးပါး ဈေးခေါ်မည်ဖြစ်သည်။ နောင်တစ်ချိန်ဝယ်လို အားမြင့်တက်လာပါက ဝယ်ယူသူသည် ရင်းနှီးမြုပ်နှံမည့်သူဖြစ်ပါက မြေကွက်များသာဦးစားပေး ဝယ်ယူကြမည်ဖြစ်ပြီး နေထိုင်မည့်သူဆိုပါကလည်း မိမိ စိတ်ကြိုက် ဒီဇိုင်းဆောက်လုပ်နိုင် မည့်မြေကွက်များသာ ဦးစားပေးဝယ်ယူကြမည်ဖြစ်သည်။    တချို့ဆို လူနေပြီးသားအိမ်သိပ်မကြိုက်ကြဘူး။အဆောက်အအုံပါ တယ်ဆိုရင်လည်း အသစ်ဖြစ်လေ ကောင်းလေပဲဟု ၎င်းက ဆက်လက်ပြောကြားသည်။ ရန်ကုန်မြို့ရှိလမ်းမကြီးများအနီးမြေကွက်များ၏ တစ်စတုရန်းပေကို သုံးသိန်းခွဲအထိ ပေါက်ဈေးရှိနေပြီး စက်မှုဇုန်များတွင် တစ်ဧကကို ကျပ်သိန်း၂၇၀ နီးပါးရှိကြောင်းသိရသည်။ မြေကွက်များ၊စက်မှုဇုန်များမှ မြေကွက်များအား လက်ရှိ ရင်းနှီး မြုပ်နှံထားပါက နောင်တစ်ချိန်တွင်ပြန်လည်ရောင်းချ၍သော်လည်းကောင်း၊ ငှားရမ်း၍သော်လည်းကောင်း အကျိုး အမြတ်ရရှိနိုင်မည်ဖြစ် သည်။ကိုဖြိုး

Tuesday, 19 Jan 2010

   တရုတ်နိုင်ငံ Jetta ကုမ္ပဏီမှတင်သွင်းထားသော 2009 Modelအဝါရောင်Taxi စီးရေ ၁၀၀ ရန်ကုန်မြို့သို့ရောက်ရှိနေပြီး ပြေးဆွဲရန် အဆင်သင့်ဖြစ်နေပြီဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ သိရသည်။   အဆိုပါ Taxi များမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ၃၁ရက်နေ့ကရောက်ရှိခြင်းဖြစ်ပြီး လိုအပ်သောပြင်ဆင်မှုများပြုလုပ်နေရာ ယခုအခါ ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း အဆိုပါပို့ဆောင်ရေးမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ''ဒီကားတွေက တရုတ်နိုင်ငံလုပ်ဆိုပေမဲ့တရုတ်နဲ့ဂျာမနီဖက်စပ်ထုတ်လုပ်တာဖြစ်တယ်။ 2009 Model ဆိုတော့ အသစ်တွေဘဲ ကုမ္ပဏီ ကလူတွေကို တစ်စီးသိန်း ၁၅၀ ကျပ်နဲ့ရောင်းချပေးမယ်။ ပါရမီ Taxi အနေနဲ့ ပြေးဆွဲဖို့ပါ''ဟု ၎င်းကထပ်မံပြောသည်။     ဗန္ဓုလသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင်လက်ရှိပြေးဆွဲနေသော Taxi စီးရေ ၄၅၀ နှင့် ယခုရောက်ရှိလာ သော ၁၀၀ ပေါင်းပါက ၅၅၀ စီးဖြစ်လာမည်ဖြစ်သည်။ အဆိုပါယာဉ်များ အနက်ကိုရီးယားနိုင်ငံမှတင်သွင်းထား ပီးလက်ရှိပြေးဆွဲနေသည့်ဟွန်ဒိုင်း Taxi  ၅၀ ကို ပြန်လည်ရောင်းချမည်ဟုသိရသည်။ ယင်း Taxi ယာဉ်များမှာ 96/97 Model များဖြစ်ကြောင်းထပ်မံသိရသည်။                လွင်လွင်မိုး

Tuesday, 19 Jan 2010

   ၂၀၁၀ဇန်နဝါရီလအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ မြေကွက်များနှင့်ဂိုဒေါင်များ အငှားအား ၃၀ ရာခိုင်နှုန်းတက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။         ''အိမ်ခြံမြေအရောင်းအဝယ်မှာ ငွေဈေးလဲလှယ်နှုန်းမှာ ဒေါ်လာဈေးကပြန်တက်တယ်။ အဲ့ဒီထူးခြားမှုတွေနဲ့အတူ အရောင်းအဝယ်လေး က အရှိန်နည်းနည်းလေးနှေးသွားတယ်။ သိန်း၁၀၀၀ကနေ ၅၀၀၀၊ ၆၀၀၀အိမ်ခြံ မြေတွေအဝယ်တော့ရှိနေတယ်။ စက်မှုဇုန်အငှား အတော်တက်လာတယ်။ လှိုင်သာယာဘက်ဆိုရင် ကောက်ပဲသီးနှံသိုလှောင်ဖို့၊ အထည်ချုပ်လုပ်ငန်း၊ စက်ပစ္စည်းတွေထားဖို့စတဲ့ လုပ်ငန်းတွေအတွက် တစ်လကို ၁၀သိန်း ကနေ ၆၀-၇၀အထိ ဈေးနှုန်းတွေ ပေးငှားကြတာတွေရှိနေတယ်''ဟု မဏ္ဏိုင် အိမ်ခြံမြေကုမ္ပဏီ မှ ဦးသန်းဦးကအတည်ပြုပြောကြားသည်။ ခင်မျိုးသွယ်

Pages