မြန်မာနိုင်ငံ၏ ရိုးရာဓလေ့တွင် အုန်းနှင့် ငှက်ပျောသည် မပါမဖြစ် အရေးပါသော သီးနှံများ ဖြစ်သည်။ မြန်မာနိုင်ငံသည် ငှက်ပျောမျိုးခွဲများစွာ ပိုင်ဆိုင်ထားပြီး မိရိုးဖလာ နည်းစနစ်အတိုင်း ဒေသငှက်ပျောမျိုးများကို သားတက်ဖြင့် မျိုးပွား၍ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါ အပင်တစ်သျှူး မျိုးပွားထားသော ငှက်ပျောများကို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြသည်။ တစ်သျှူးနည်းဖြင့် မျိုးပွား ခြင်းဆိုသည်မှာ အပင်မျိုးတစ်မျိုး၏ မူလမျိုးရိုးဗီဇ လက္ခဏာ အရည်အသွေး မပြတ်စေဘဲ ယင်းအပင် ၏ ဆဲလ်၊ အပင်အစိတ်အပိုင်းတစ်ခုကို ဓာတ်ခွဲခန်း တွင် မျိုးပွားခြင်းဖြင့် မိခင်အပင်နှင့် တစ်သွေမတိမ်း အရည်အသွေးရှိသည့် ဗီဇတူ အပင်ငယ်များကို အချိန်တိုကာလအတွင်း အမြောက်အမြား မျိုးပွား ထုတ်လုပ်ခြင်းဖြစ်သည်။
တစ်သျှူးငှက်ပျောမျိုးများသည် မိခင်နှင့် မျိုးရိုးဗီဇ လက္ခဏာ ထပ်တူခြင်း၊ ပိုးမွှားရောဂါ ကင်းစင်သော အရည်အသွေး ကောင်းမွန်သည့် ငှက်ပျောခိုင်များ ထုတ်လုပ်နိုင်ခြင်း၊ ပုံမှန်သား တက်ဖြင့် မျိုးပွားသောငှက်ပျောမျိုးထက် ငှက်ပျော ခိုင်ထွက်စောခြင်း၊ အပင်ကြီးထွားမှု ညီညာမှု ကြောင့် ငှက်ပျောခိုင်ထွက်ချိန် ညီညာပြီး ဈေး ကွက်သို့ တစ်ပြိုင်တည်း တင်ပို့ရောင်းချနိုင်ခြင်း၊ မိခင်အပင်မှ အကိုင်းခုတ်ပြီးနောက် သားတက် နှစ်ဆက် (လမိုင်းပင်)အထွက်နှုန်း အရည်အသွေး မလျော့ကျခြင်း၊ ဈေးကွက်လိုအပ်ချက် မြင့်မား သည့် အချိန်နှင့် ချိန်ညှိ စိုက်ပျိုးနိုင်သည့်အတွက် ဈေးကောင်း ရရှိနိုင်ခြင်း၊ စိုက်ပျိုးအပင်၏ ၉၅ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ ငှက်ပျောခိုင် ထွက်ရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တစ်သျှူးငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးလာကြ သည်။
တစ်သျှူးငှက်ပျောစိုက်ပျိုးမည့် မြေသည် ရေသွင်းရေထုတ် ကောင်းမွန်၍ မြေဆီသြဇာ ကောင်းမွန်ပြီး အစိုဓာတ် လုံလောက်စွာရရှိရန် လိုအပ်သည်။ တစ်သျှူးငှက်ပျော စိုက်ပျိုးရန် ကောင်းမွန်သော မြေအမျိုးအစားမှာ နုန်းတင်မြေ၊ သဲနုန်းမြေနှင့် နုန်းမြေတို့ ဖြစ်ကြသည်။ တစ်သျှူး ငှက်ပျောကို မစိုက်ပျိုးခင် မြေကို တစ်ပတ်ခန့် စော၍ ကြိုတင်ပြုပြင်ထားသင့်ပြီး ငှက်ပျောပင် သည် ရေကြိုက်သော်လည်း အပင်ရင်း ရေမဝပ်စေ ရန် ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင်ထားသင့် သည်။ တစ်သျှူးငှက်ပျောကို အပူချိန် နိမ့်လွန်း မြင့် လွန်းသောအချိန်မှလွဲ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုး နိုင်ပြီး စိုက်ပျိုးရန် အသင့်လျော်ဆုံးအချိန်မှာ မေလနှင့် နိုဝင်ဘာလဖြစ်သည်။ တစ်သျှူးငှက် ပျောစိုက်ပျိုးရန် စိုက်ကျင်းကို အကျယ် တစ်ပေခွဲ နှင့် အနက် တစ်ပေခွဲတူးပြီး မြေခံအနေဖြင့် မြေ ဆွေး၊ ကွန်ပေါင်း၊ ဖြူရာဒန်ထည့်၍ တစ်ပတ်ခန့် ရေနှင့်နှပ်ခါ ထားပေးရမည်။ ပျိုးပင်များကို ပင်ခြား ခြောက်ပေ၊ တန်းခြား ရှစ်ပေဖြင့် တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့် တစ်ဧကလျှင် ပျိုးပင်ပေါင်း ၉၀ဝ စိုက်ပျိုးရန် လိုအပ်သည်။ အရွက် ငါးရွက်ပါ ခြောက်ပတ်သား ပျိုးပင်ကို စိုက်ခင်းတွင် တိုက်ရိုက် စိုက်ပျိုးနိုင်ပြီး ငှက်ပျောပျိုးပြီး တစ်လအကြာမှစ၍ ငှက်ပျောပင်များကို အပင်ခြေမှ ခြောက်လက်မ ခွာ၍ မြေသြဇာကျွေးပြီး ရေသွင်းပေးရသည်။ ခြောက်လပြည့်သည့်တိုင်ရေသွင်းပေး၍ ခြောက်လ ပြည့်သည့်အခါ မြေသြဇာကျွေးခြင်း ရပ်တန့်ရ သည်။ အပင် ခြောက်လသားသည် ပြုစုစောင့် ရှောက်မှု မှန်ကန်ပါက ငှက်ပျောဖူး စတင်ထွက်ရှိ သည့်အချိန်ဖြစ်သည်။ ငှက်ပျောခိုင်ကို စိုက်ပျိုးပြီး ၁၁-၁၂ လအတွင်း ခုတ်နိုင်ပြီး ပထမ လမိုင်းပင်ကို မိခင်အပင် ရိတ်သိမ်းပြီးနောက် ၈-၁၀ လအတွင်း ရိတ်သိမ်းနိုင်၍ ဒုတိယလမိုင်းပင်ကို ပထမ လမိုင်း ပင် ရိတ်သိမ်းပြီးနောက် ၈ လမှ ၉ လအတွင်း ရိတ် သိမ်းနိုင်သည်။
ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောကို ဘိန်းအစားထိုး သီးနှံအဖြစ် စတင်စိုက်ပျိုးခဲ့ပြီး ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော် မြို့နယ်၊ မိုးမောက်မြို့နယ်၊ မန်စီမြို့နယ်၊ ရွှေကူ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ငအိုးမြို့နယ် တို့၌ အများဆုံး စီးပွားဖြစ် တွင်ကျယ်စွာ စိုက်ပျိုး လျက်ရှိသည်။ ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင် မြစ်ကြီးနားခရိုင်၌ ၅၅၄၄၈ ဧက၊ ဗန်းမော် ခရိုင်၌ ၁၅၀၉၉ ဧက၊ စုစုပေါင်း ၇၀၅၄၇ ဧက စိုက် ပျိုးထားရှိပြီး တစ်သျှူးငှက်ပျော တစ်ဧကအထွက် နှုန်း ၁၃ တန်ခန့်ထွက်ရှိ၍ စုစုပေါင်း တန်၈၉၉၈၀ဝ ခန့် ထွက်ရှိခဲ့သည်။ တစ်သျှူးငှက်ပျောပျိုးပင် ဝယ်ယူခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ သွင်းအားစု ဝယ်ယူခြင်း၊ ခူးဆွတ်ခြင်း၊ စုစုပေါင်း ကုန်ကျစရိတ် တစ်ဧက ကျပ်သိန်း ၁၅၀ ခန့်ကုန်ကျ သည်။ ဈေးကွက်၌ တစ်သျှူးငှက်ပျော တစ်တန် လျှင် ကျပ် ၁၈ သိန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ တစ်သျှူးငှက်ပျော တစ်ဧက ဝင်ငွေအနေ ဖြင့် ကျပ် ၂၃၄ သိန်းခန့်ရရှိပြီး တစ်ဧက အကျိုး အမြတ်အနေဖြင့် ကျပ် ၈၄ သိန်းခန့် ရရှိကြောင်း တစ်သျှူးငှက်ပျော စိုက်ပျိုးသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။
တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ် အတွင်း ဧက ခုနစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောတင်ပို့သည့် ကုမ္ပဏီ စုစုပေါင်း ၂၀ ကျော် ရှိကြောင်း၊ တစ်သျှူးငှက်ပျောသည် စိုက်ပျိုးသည့် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ် ရရှိမှု ကောင်းမွန်သည့်အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်ရှိသော ပြည်ပ ပို့ကုန်သီးနှံဖြစ်သည့်အတွက် တစ်သျှူးငှက်ပျော အား ယခုထက် ပိုမိုစိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
အောင်ဇေယျာ(ကချင်)
