Main menu

Background

စစ်ကိုင်းမြို့မှ အောင်မြင်ကျော်ကြား ကြိမ်လက်ရာများ

Tue, 06/09/2026 - 15:18 -- journal_editor

မုံရွာမြို့မှလာလျှင် စစ်ကိုင်းမြို့အဝင် ကောင်းမှုတော်စေတီတော်ကြီးအလွန် မော်တော်ကားလမ်းဘေး တစ်ဖက်တစ်ချက်တွင် ဝယ်ချင့်စဖွယ် လက်ရာမျိုးစုံစွာ ကြိမ်ထည်ပစ္စည်းများကို ချိတ်ဆွဲခင်းကျင်းထားသည်ကို တွေ့ရသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည်ပစ္စည်းများက ဝယ်သူများကို ဆွဲဆောင်လျက်ရှိသည်။  မန္တလေးမြို့က လာမည်ဆိုလျှင် ငွေထည်လက်မှုအနုပညာလုပ်ငန်းနှင့် နာမည်ကြီးသော ရွာထောင်ရပ်ကွက် ငွေထည် အနု လက်ရာပစ္စည်း အရောင်းဆိုင်ကြီးများကို ဖြတ်ကျော်ပြီးနောက် ကောင်းမှုတော်စေတီတော်ကြီး မရောက်မီတွင် အဆိုပါကြိမ်ထည်ပစ္စည်းအရောင်းဆိုင်များကို တွေ့ကြရမည်ဖြစ်သည်။ စစ်ကိုင်းမြို့သည် မြန်မာ့အနုပညာလက်ရာကြိမ်ထည်ပစ္စည်းမျိုးမျိုးဖြင့် နာမည်ကျော်ကြားလှသည်။
ကြိမ်သမိုင်းကြောင်း တစေ့တစောင်း
ကြိမ်သည် သဘာဝပေါက်ပင်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ကြိမ်၏စွမ်းရည်ကို သိလာကြကာ လူသုံးကုန်ပစ္စည်းအဖြစ် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင် စတင်သုံးစွဲလာကြသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် စတင်အသုံးပြု သော ကြိမ်ပရိဘောဂများကို ကမ္ဘာ့အနောက်ခြမ်း‌‌ ဒေသသို့ စတင်ရောင်းချသဖြင့်  ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
မြန်မာ့ကြိမ်
ကြိမ်ဟူသော  ဝေါဟာရသည် မြန်မာဝေါဟာရဖြစ်ပြီး အင်္ဂလိပ်အခေါ်CANE ဟုလည်း ကောင်း၊ RATTAN ဟုလည်းကောင်း  ခေါ်ဝေါ် သည်။ ကမ္ဘာပေါ်တွင် ကြိမ်အမျိုးပေါင်း ၃၇၅ မျိုး ရှိရာ မြန်မာနိုင်ငံ၌ ၃၄ မျိုးခန့်ရှိပြီး ကုန်းပေါ်တွင် ပေါက်သော ကုန်းကြိမ်နှင့် ရေစပ်တွင် ပေါက်သောရေကြိမ်ဟူ၍   နှစ်မျိုးခွဲခြားထားသည်။  ကုန်းကြိမ်သည် ပင်စည်ကြီးပြီး ရေကြိမ်သည် နွယ်ဆန်သည့် အပင်မျိုးဖြစ်ကာ ပင်လုံးသေးသည်။ မြန်မာနိုင်ငံတွင်  ကြိမ်ပေါက်ရောက်ရန် ရေမြေတောတောင် သဘာဝ ရာသီဥတုနှင့် ကိုက်ညီသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးပေါက် ရောက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပေါက်ရောက်သော ကြိမ်အမျိုးအစားများ
မြန်မာနိုင်ငံတွင် ပေါက်ရောက်သော ကြိမ်အမျိုးအစားများမှာ သိုင်းကြိမ်၊  နွံကြိမ်၊ ကြိမ်ခါး၊ လက်ပံကြိမ်၊ ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူ လေးခေါ် ထားဝယ်ကြိမ်၊ ရမထာကြိမ်၊ ကပေါင်းကြိမ်၊ သာ ပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်၊ အူပွ ကြိမ်၊ ဆင်ကြိမ်၊ ဝါးအူ ကြိမ်၊  ကြာနှာမောင်း၊ ကြိမ်နီကြီး၊ တိုက်ကြိမ်၊ ကလာကြိမ်၊ သောင်ကြိမ်၊ စန်းသော် ကြိမ်၊ ကြက်ဥ ကြိမ်၊ ကြိမ်မဲ၊ မျောက်ချေးကြိမ်၊ ကြိမ်တက်၊  ကြိမ် စိမ်း၊ ကြိမ်ဖြူ၊  ခါးဆက်ကြိမ်၊ နောက်ကြောကြိမ်၊ လက်ဝါးကြိမ်များဖြစ်ကြသည်။ ရေကြိမ်၊ ကြိမ်နီ နှင့်  ကြက်ဥကြိမ်တို့ကို လက်မှုအနုပညာပစ္စည်းများ ထုတ်လုပ်ရာတွင်  အများဆုံးအသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် အသုံးများသော ကြိမ်များ
မြန်မာနိုင်ငံတွင် အသုံးအများဆုံး ကြိမ်မှာ သိုင်းကြိမ်၊ ရေကြိမ်၊  ကြိမ်နီ၊  ကြိမ်ဖြူကလေး၊ ရမထာကြိမ်၊  ကပေါင်းကြိမ်၊   သာပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊  ကြိမ်ခါး၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်နှင့် ကြက်ဥကြိမ်တို့ဖြစ်သည်။ ကြိမ်ထည် ပရိဘောဂလုပ်ငန်းတွင် အသုံးပြုသည့် ကြိမ်အမျိုးအစားများမှာ   ကြိမ်ပေါင်းခေါ်  ကြိမ်နှာမောင်း၊ ရမထာကြိမ်၊ ကြက်ဥကြိမ်နှင့် ရေကြိမ် တို့ ဖြစ်သည်။ ပရိ ဘောဂပြုလုပ်ရန် လိုအပ်သော စက်ကိရိယာများမှာ ကြိမ်ဖြောင့်စက်၊ နန်းဆွဲစက် နှင့် အခွံချွတ်စက်တို့ ဖြစ်သည်။
ထုတ်လုပ်ပုံအဆင့်ဆင့်
ကြိမ်ထည်ပစ္စည်းများ မပြုလုပ်မီ အသုံးပြု မည့် ကြိမ်ချောင်း၊ ကြိမ်လုံးများကို အညစ်အကြေးကင်းစင်ရန်အတွက် ဓားဖြင့် ဦးစွာခြစ်၍ အဆစ်သတ်ရသည်။ ကြိမ်လုံးပတ် အကြီး/ အသေးပေါ်မူ တည်၍ ဓားခုံတွင်လေးပင်မှ ခြောက်ပင်အထိ စိတ်ယူရသည်။ ကြိမ်လုံးများကို အစိတ်သေးသေးလေးရအောင် ခွဲစိတ်ပြီးနောက် နန်းခံနှင့် သုံးကြိမ်ခန့် နမ်းဆွဲရသည်။ သို့မှသာ ကြိမ်အစိတ်ကလေးများ အရွယ်ညီသွားမည်ဖြစ်သည်။  နန်းဆွဲထားသည့် ကြိမ်များ အရွယ်ချင်းတူရန် နန်းတိုက်သည်ဟု ခေါ်သည်။ ခွဲစိတ်ပြီးကြိမ်များ၏ အလယ်အူကိုဆွဲထုတ်၍ အကြောသာကျန်အောင် ထပ်မံပြုလုပ်ရသည်။  ထို့သို့ပြုလုပ်ခြင်းဖြင့် ကြိမ်ပင်များ ပျော့ပျောင်းပြီး ကွေးညွှတ်၍ လိုအပ်သလို ပုံဖော်နိုင်ရန် ဖြစ်ပါသည်။ 
တန်ဖိုးမြှင့်ကြိမ်ထည် ပရိဘောဂများ
ပြည်တွင်းကြိမ်များကို အသုံးပြုပြီး ဆန်းသစ်လှပသည့်  ဒီဇိုင်းဖြင့် ကြိမ်ပရိဘောဂပစ္စည်းများ၊ ဈေးကွက်အတွင်း အရောင်းသွက်ကြောင်း သိရ သည်။ ကြိမ်အချောထည် ပရိဘောဂပစ္စည်းများကို ယခင်ကထိုင်း၊ စင်ကာပူ၊  သြစတြေးလျ နှင့် ဆွစ်ဇာလန်နိုင်ငံများသို့ တင်ပို့နိုင်ကြောင်း သိရသည်။ လက်ရှိ အရောင်းသွက်နေသော တန်ဖိုးမြှင့် ကြိမ်အချောထည် ပရိဘောဂပစ္စည်းများမှာ ဈေးအသီးသီးရှိပြီး မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းဖြင့် အပ်နှံပါက  လက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။ 
ထုတ်ကုန်များနှင့် ဈေးကွက်ကွင်းဆက်
ကြိမ်ထုတ်ကုန်များကို ထုတ်လုပ်သည့် နည်းလမ်းမှာ နှစ်နည်းရှိသည်။ ပထမနည်းမှာ အိမ်တွင်းမှုလုပ်ငန်းအနေဖြင့် ထုတ်လုပ်သည့် နည်းစနစ်ဖြစ်သည်။ ဤနည်းတွင် ထုတ်လုပ်သူများသည် ထုတ်ကုန်ပစ္စည်းများကို ၎င်းတို့၏ မိသားစုဝင်လုပ်အား၊ လုပ်သားများဖြင့် ထုတ်လုပ်ပြီး ထုတ်ကုန်ပစ္စည်များကို ဒေသတွင်းရှိ ဈေးကွက်/ပွဲစားများ သို့မဟုတ် ပြည်ပ ပို့ကုန်လုပ်ငန်း ကုမ္ပဏီများသို့  ရောင်းချကြသည်။  ဒုတိယနည်းမှာ ကုမ္ပဏီထုတ်လုပ်သည့်စနစ် သို့မဟုတ် ကုမ္ပဏီ ကန်ထရိုက်စနစ် ဖြင့် ထုတ်လုပ်သည့်နည်းတို့ဖြစ်သည်။ ထုတ်လုပ် သူအများစုနှင့် ကုမ္ပဏီများတွင် ကြိမ်ပစ္စည်းများ ထုတ်လုပ်ရန်  ၎င်းတို့၏  ကိုယ်ပိုင်အလုပ်သမား များနှင့် စက်ရုံများရှိသည်။   လတ်တလော ဝယ်လို အားနှင့် ဈေးနှုန်းများပေါ်မူတည်၍  ကြိမ်ထုတ်ကုန် များကို ပြည်တွင်းဈေးကွက် သို့မဟုတ် ပြည်ပဈေး ကွက်သို့ တင်ပို့ရောင်းချကြသည်။ ကြိမ်ကိုအသုံးပြု ၍  မြန်မာ့ရိုးရာ လက်မှုပညာများအဖြစ် လူ့အသုံးအဆောင်ပစ္စည်း အမျိုးမျိုး၊ အိမ်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး၊  ဟိုတယ်အသုံးအဆောင်ပစ္စည်း  အမျိုးမျိုးတို့ကို ပြုလုပ်ကြသည်။
စစ်ကိုင်းမြို့မှ မြန်မာ့ကြိမ်ထည်များ မျက်နှာပန်းလှလာ 
မြန်မာ့လက်မှုပညာဖြင့် ကြိမ်ထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချသော စစ်ကိုင်းမြို့နယ် မကျည်းစဉ်ကျေးရွာတွင် ကြိမ်လုပ်ငန်းလုပ်ကိုင်သူ ၆၀ ဦးခန့် ရှိပြီး မန္တလေး-စစ်ကိုင်း-မုံရွာ ကားလမ်း ပေါ်ရှိ ကားလမ်းဘေး  တစ်ဖက်တစ်ချက်တွင် ဝယ်ချင့်စဖွယ်လက်ရာမျိုးစုံ ကြိမ်ထည်ပစ္စည်းများကို ချိတ်ဆွဲ၊  ခင်းကျင်းထားသည့် ကြိမ်အချောထည် ပစ္စည်းအရောင်းဆိုင်  ခုနစ်ဆိုင် ရောင်းချလျက်ရှိသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည်ပစ္စည်းများက ဝယ်သူများကို  ဆွဲဆောင်လျက်ရှိနေသည်။  စစ်ကိုင်းမြို့သည် မြန်မာ့အနုပညာလက်ရာ  ကြိမ်ထည်ပစ္စည်း အမျိုးမျိုးဖြင့် နာမည်ကျော်ကြားလှသည်။
ကုန်ကြမ်းရရှိမှု အခြေအနေ
ကြိမ်ကုန်ကြမ်းကို ယခင်က ကချင်ပြည် နယ်သို့ ကိုယ်တိုင်ကိုယ်ကျသွား၍ သွားရောက် ဝယ်ယူစဉ်က  ကြိမ်တစ်လုံးလျှင်  ကျပ် ၅၀ဝ ပေးရ ပြီး ကြိမ်တစ်စည်းလျှင် ကြိမ်လုံးရေ ၂၀ဝ ပါရှိကာ ကျပ် ၁၀ဝ၀ဝ၀ သိန်းဖြင့် ဝယ်ယူရပါကြောင့်  ယခု တွင် ကချင်ပြည်နယ်မှ  ကြိမ်သည်  ကြိမ်တစ်လုံး လျှင် ကျပ် ၁၂၀ဝ၊ ကြိမ်တစ်စည်းလျှင် ကြိမ်လုံးရေ ၂၀ဝ ပါရှိပြီး ကျပ်၂၄၀ဝ၀ဝ ပေးရပါကြောင်း၊  ယခု လက်ရှိတွင် ပုသိမ်မှထွက်ရှိသည့် ကြိမ်နီ၊ ရေကြိမ် များကိုသာ  အသုံးပြုပါကြောင်း၊ ကြိမ်နီသေးတစ်လုံးလျှင် ကျပ် ၅၀ဝ -၇၀ဝ ပေးဝယ်ရပြီး    ကုန်ချောပစ္စည်းများကို  မြန်မာပြည်အနှံ့ တင်ပို့ရောင်းချသည်။ 
မကျည်းစဉ် ကျေးရွာသူ/ရွာသားများသည်  ကြိမ်ထည်လုပ်ငန်းကို မိရိုးဖလာ လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများဖြစ်ပြီး ပုံခွေ၊ ပုံရိုက်၊ ကြိမ်တုပ်၊ နန်းဆွဲ၊ အရောင်တင်ခြင်း လုပ်ငန်းများကို အမျိုးသားများက ဦးဆောင်လုပ်ကိုင်ကြပြီး ကြိမ်ထိုးခြင်းလုပ်ငန်းကို အမျိုးသမီးများက လုပ်ကိုင်ကြကြောင်း သိရသည်။
ခေတ်မီပြီး ခိုင်ခံ့သော စစ်ကိုင်းကြိမ်ထည်များ
စစ်ကိုင်းကြိမ်ထည်များသည် ရှေးရိုးရာပုံစံ ကနေ ယနေ့ခေတ် သြိနမည ဒီဇိုင်းတွေအထိ အဆင့်မြင့်လာသည်ကို တွေ့ရသည်။ အိမ်သုံး ပရိ ဘောဂ  ဆိုဖာဆက်တီ၊ ခုတင်၊ ထမင်းစားစားပွဲနှင့်် ထိုင်ခံများ၊ အလှဆင်ပစ္စည်းများ၊ ပန်းအိုးတင်စင်၊ မီးဆိုင်း၊  ဓာတ်ပုံဘောင်များ၊ လူသုံးကုန်ပစ္စည်း ဈေးခြင်းတောင်း၊ လက်ကိုင်အိတ်၊ ဖိနပ်နှင့် ဦးထုပ်များ  ထုတ်လုပ်လာကြပြီး  စစ်ကိုင်းကြိမ်ထည်၏ ထူးခြားချက်က အချောကိုင်စနစ် ကောင်းမွန်ခြင်း၊ ပေါ့ပါးခြင်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်းတို့ ကြောင့်  လူနေအိမ်များတွင်သာမက  ဟိုတယ်နှင့် အပန်းဖြေစခန်းများမှာပါ   အသုံးပြုနေကြသည်ကို  တွေ့ရသည်။
 ဈေးကွက်နှင့် စီးပွားရေးအခြေအနေ
စစ်ကိုင်းကြိမ်ထည်ဈေးကွက်သည် ပြည်တွင်းသာမက ထိုင်း၊ တရုတ်နဲ့ ဥရောပနိုင်ငံ အချို့အထိပါ  တင်ပိုသည့် အလားအလာရှိသည့်လုပ်ငန်းတစ်ခုဖြစ်သည်။ လက်ရှိတွင် ကုန်ကြမ်းကြိမ် ရှားပါးမှု နှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲအချို့ ရှိနေ သောကြောင့်  ဝယ်လိုအား အနည်းငယ်အေးနေသည်။
စစ်ကိုင်းမြို့ ရွာထောင်နယ်မြေ လမ်းတစ်လျှောက်မှာ ကြိမ်ထည်အရောင်းဆိုင်ကြီးတွေ အများအပြားရှိပြီး ခရီးသွားဧည့်သည်တွေရဲ့ အဓိကအမှတ်တရလက်ဆောင်ဝယ်ယူရာ နေရာလည်း ဖြစ်ပါတယ်။
ကြိမ်ကုန်‌ချောဈေးနှုန်းများ အခြေအနေ
ဈေးနှုန်းများအနေဖြင့် ဒီဇိုင်းအနုစိတ်မှုနှင့် ကြိမ်အမျိုးအစားပေါ် မူတည်ပြီး ကွာခြားနိုင် သည်။ ကြိမ်အမှီပါကုလားထိုင် ကြီး/လတ်/ငယ် တစ်လုံးလျှင်  ကျပ် ၅၀ဝ၀ဝ-၉၀ဝ၀ဝ မှ  ကျပ် ၁၀ဝ၀ဝ၀၊ ကြိမ်ဆက်တီတစ်စုံလျှင်  ကျပ် ၁၀ သိန်း မှ ၃၀ သိန်းအထိရှိကြောင်း၊ စားပွဲဝိုင်းကြီး/လတ်/ ငယ်  (၃ ပေ၄ပေ) တစ်လုံးလျှင်  ကျပ်  ၁၅၀ဝ၀ဝ မှ ကျပ် ၁၈၀ဝ၀ဝ၊  စာအုပ်စင် တစ်ခုလျှင် ကျပ် ၁၂၀ဝ၀ဝ၊  ကြိမ်ခြင်းတောင်း  ဈေးခြင်းလက်ဆွဲ ကျပ် ၁၅၀ဝ၀- ကျပ် ၃၅၀ဝ၀၊ ကြိမ် တစ်ရှူးဘောက် ဝိုင်းတစ်ခုလျှင် ကျပ် ၁၅၀ဝ၀၊ ခေါင်းအုံး တစ်ခု လျှင် ကျပ် ၅၀ဝ၀- ကျပ် ၆၀ဝ၀၊  ကြိမ်ဖျာ (အချော ပတ်) ကျပ် ၄၀ဝ၀ဝ- ကျပ် ၉၀ဝ၀ဝ၊ ကန်တော့ခြင်း တစ်လုံးလျှင်  ကျပ် ၇၀ဝ၀-ကျပ် ၉၀ဝ၀၊ ဒီဇိုင်းအလိုက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး မန္တလေး၊ ပုဂံ၊ညောင်ဦး၊ မြင်းခြံ၊ လာရှိုးမြို့ များသို  တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အလုပ်အကိုင် အခွင့်အလမ်း ဖန်တီ‌ပေးနိုင်မှု
စစ်ကိုင်းကြိမ်ထည်လုပ်ငန်းများသည် မြန်မာ့ ရိုးရာလက်မှုအနုပညာကို ဖော်ပြနေရုံတင်မကဘဲ ‌ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့် အလမ်းပေါင်းများစွာ ဖန်တီပေးထားသည့်လုပ်ငန်း ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံတွင် အလုပ်မလုပ်ဘဲ အိမ်တွင်းမှုလုပ်ငန်းအဖြစ် အိုးမကွာ အိမ်မကွာ လုပ်ကိုင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ရိုးရာလက်မှုလုပ်ငန်းများ ပျောက်ပျက်မသွားစေရန် ကုန်ကြမ်းတင်ပို့မှုထက် ကုန်ချောတင်ပို့မှုသာ ဦးစားပေးလုပ်ကိုင်ဆောင်ရွက်နေသည့်အတွက် ရွှေလရောင်ကြိမ်ထည်လုပ်ငန်းမှ လုပ်သားအင်အား ၂၅ ဦးကို လုပ်သားတစ်ဦး၏ ကျွမ်းကျင်မှု အဆင့်နှင့် လုပ်အားခပေးချေသည့်စနစ်၊ ပုတ်ပြတ်စနစ်၊ နေ့စားစနစ်ဖြင့် ကျွမ်းကျင်မှုအပေါ်မူတည်၍  အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
နိဂုံး
စစ်ကိုင်းကြိမ်ထည်များသည် ခိုင်ခံ့မှု၊ လှပမှုနှင့် သဘာဝဆန်မှုတို့ကို မြတ်နိုးသူတွေအတွက် လက်မှုအနုပညာ လက်ရာများသည် သေသပ်လှပသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဝယ်ယူအားပေးရသည့်  လက်ရာမွန်ပစ္စည်းများအဖြစ် ထင်ရှားကျော်ကြားနေသည်။ နေအိမ်၊ တိုက်ခန်းများသာမက ဟိုတယ်များတွင် အလှဆင်ပစ္စည်းအဖြစ်  အသုံးပြုနိုင်သည့် အသုံးအဆောင်ပစ္စည်းများအဖြစ်  စိတ်ကြိုက်ရွေးချယ်သုံးစွဲနေကြသည်။ နိုင်ငံတော် အစိုးရဖြင့် ကြိမ်လုပ်ငန်းရှင်များပူးပေါင်း၍ ကြိမ် လုပ်ငန်းများ တိုးတက်ရေးနှင့် ပြည်ပသို့ ကြိမ်ထည် ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေးနည်းလမ်းများ ချိတ် ဆက်ဆောင်ရွက်သွားပါက  နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ပြီး ကြိမ်လုပ်ငန်းရှင်နှင့် လုပ်သားတို့ဘဝ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး စစ်ကိုင်းမြို့မှထွက်သည့် ကြိမ်ထည်ပစ္စည်းတွေဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နေဦးမှာ အသေ အချာပင်ဖြစ်သည်။

သင်းသင်းအေး(မုံရွာ)