လိုက်ချီးပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သောအပင်မျိုးဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်နှင့် ဖူကျန့်ပြည်နယ်မျိုးရိုးဇာတိဖြစ်သည်။ တရုတ်နိုင်ငံသည် လိုက်ချီးအဓိကစိုက်ပျိုးထုတ်လုပ်ရာနိုင်ငံဖြစ်ပြီး အိန္ဒိယနှင့် အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်နှင့် တောင်အာဖရိကရှိ နိုင်ငံများတွင်လည်း စိုက်ပျိုးထုတ်လုပ်ကြသည်။
မြန်မာနိုင်ငံတွင်လည်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။
လိုက်ချီးသီးကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်များတွင် စီးပွားဖြစ် အများအပြား စိုက်ပျိုးကြသလို အိမ်ခြံဝင်းများတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ လိုက်ချီးသီးသည် ဧပြီလနှောင်းပိုင်းမှစ၍ ဇွန်လဆန်းအထိ အသီးများထွက်ရှိလာပြီဖြစ်သဖြင့် သီးနှံကုန်သည်များနှင့် သီးနှံရောင်းချသည့် လက်ကားဆိုင်များမှ ခြံအရောက် သွားရောက်ဝယ်ယူလျက်ရှိကြောင်း၊ အပင်ပေါ်ရှိ အသီးအရေအတွက်ကို ခန့်မှန်း၍ ပင်ပြတ်ဝယ်ယူခြင်းရှိသလို အသီးအရေအတွက်ဖြင့် ဝယ်ယူ၍ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေကြောင်း လိုက်ချီးသီး ဝယ်ယူသူထံမှ သိရသည်။
ဈေးကွက်အတွင်း ဧပြီလနှောင်းပိုင်း လိုက်ချီးသီး ပေါ်ဦးပေါ်ဖျားအချိန်တွင် တစ်တွဲလျှင် အသီး ၅၀လုံးပါ အစေ့ကပ်တစ် တွဲကို ငွေကျပ် ၅၀ဝ၀နှင့် အစေ့မကပ်တစ်တွဲလျှင် ကျပ် ၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလိုက်ချီးသီးလှိုင်လှိုင်ပေါ်ထွက်လာသည့်အချိန်တွင် အသီး ၅၀ လုံးပါ အစေ့ကပ်တစ်တွဲလျှင် ငွေကျပ် ၃၀ဝ၀ နှင့် အစေ့မကပ်တစ်တွဲကို ကျပ် ၃၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခုအချိန်တွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိသောကြောင့် လိုက်ချီးစိုက်ပျိုးသူများ အကျိုးအမြတ်များစွာ ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်
