ဗဟိုကချုပ်ကိုင်သော စီးပွားရေးစနစ်ကျင့်သုံးခဲ့ပြီး နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျခဲ့သည့်ကာလများအလွန် ၁၉၉၀ပြည့်နှစ်နောက်ပိုင်း မြန်မာ့စီးပွားရေးအဆောက်အအုံအတွင်း ဈေးကွက်(Market)ဟူသောစကားလုံး ရောက်ရှိလာခဲ့သည်။ Market-oriented system၊ market Economy၊ Market Economic System စသဖြင့် ဈေးကွက်စနစ်အခေါ်အဝေါ်များကို နေရာတကာတွင် ကြားသိမြင်တွေ့ခဲ့ကြရပါသည်။ ယခုတော့ ဈေးကွက်ဝေါဟာရသည် လူတိုင်းနှင့် ရင်းနှီးနေခဲ့ပြီဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ်ထဲ လူတိုင်းကျင်လည်လျက် စနစ်၏အကောင်းအဆိုးများကို မျက်ဝါးထင်ထင် တွေ့မြင်ရင်ဆိုင်နေကြရပြီလည်းဖြစ်သည်။
ဈေးကွက်စနစ်တွင် ဝယ်လိုအားနှင့်ရောင်းလိုအား အင်အားနှစ်ရပ်သည် လွန်စွာအရေးကြီး၏။ ထိုအင်အားစုနှစ်ရပ်၏အခြေအနေပေါ် မူတည်၍ ဈေးကွက်သည် လှုပ်ရှားပြောင်းလဲရသည်။ မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်၏ထိန်းချုပ်မှုမှမရှိဘဲ ဈေးကွက်အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရသောကြောင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် (Free Market Economic System) ဟုလည်း ဆိုရမည်ဖြစ်သည်။
လွတ်လပ်သောလှုပ်ရှားမှုကို ပိုမိုသဘောကျ နှစ်သက်လာကြသည့် ယနေ့ကမ္ဘာ့နိုင်ငံအများစုသည် ဈေးကွက်အခြေခံသော စီးပွားရေးစနစ်ကို ၎င်းတို့နိုင်ငံ၊ ၎င်းတို့ လူအဖွဲ့အစည်းအခြေအနေများနှင့် လိုက်လျောညီထွေစွာ ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသည်။ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမှုဖြင့် စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေမြင့်၊ ဂုဏ်တင့်လာသောနိုင်ငံများ အများအပြား ပေါ်ထွက်လာခဲ့သောကြောင့် နိုင်ငံအတော်များများသည်လည်း အဆိုပါနိုင်ငံများကို အတု ယူလျက် ဈေးကွက်စနစ်လမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ကြခြင်း ဖြစ်သည်။ လက်တွေ့အခြေအနေများအရ ဈေးကွက်စီးပွားရေးစနစ်သည် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေသည်မှာ ငြင်းခုံစရာမလိုသည့်အကြောင်းကိစ္စဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ်ပီပြင်မှု၊ ထိရောက်မှု၊ စွမ်းဆောင်ရည်ရှိမှု အခြေအနေများ ဖြစ်၊မဖြစ် အခြေခံစံ ပေတံသုံးချောင်းဖြင့် တိုင်းတာတတ်ကြသည်။ထိုစံပေတံများမှာ စီးပွားရေးစနစ်အတွင်းရှိ နယ်ပယ်ကဏ္ဍစုံ၌ စွမ်းဆောင်ရည်မြင့်မားလာမှု၊ ဆွဲဆောင်မှုမက်လုံးများ ဖန်တီးလာနိုင်မှုနှင့် လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင်ဆောင်ရွက်နိုင်မှု တို့ဖြစ်သည်။ လုပ်ငန်းများစွမ်းဆောင်ရည် မြင့်မားလာမှုဆိုသည်မှာ စီးပွားရေးအဆောက်အအုံအတွင်းရှိ လုပ်ငန်းများအကြား အပြိုင်အဆိုင်လုပ်ကိုင်နိုင်သည့် အခွင့်အရေးများရှိလာသောကြောင့် စီမံခန့်ခွဲမှု၊ ထုတ်လုပ်မှု၊ ဈေးကွက်ရှာဖွေမှုစသဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်လာခြင်း၊ရလဒ်အပိုင်းတွင် အရည်အသွေးမြင့်မား၍ ဈေးနှုန်းသက်သာသော ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်လာနိုင်ခြင်း စသည့်အခြေအနေ တို့ကို ဆိုလိုသည်။
ထိုအခြေအနေများသည်တီထွင်ကြံဆမှုများကိုလည်း ဖြစ်ထွန်းစေနိုင်သဖြင့် နည်းပညာတိုးတက်မှုကိုပါ တွန်းအားပေးသကဲ့သို့ရှိသည်။ ဆွဲဆောင်မှုမက်လုံးများ ဖန်တီးနိုင်မှုဆိုသည်မှာ ထုတ်လုပ်ရောင်းချသူနှင့် ဝယ်ယူစားသုံးသူ အင်အားစု နှစ်ဖက်စလုံးအတွက် ဆွဲဆောင်မှု များပြားလာစေခြင်းဖြစ်သည်။ ဈေးကွက်အတွင်းရှိ များပြားလှသော ဝယ်ယူစားသုံးသူများ၏လိုအင်ဆန္ဒများစွာက ထုတ်လုပ်ရောင်းချသူများကို ကုန်ပစ္စည်းအသစ်အဆန်းများ ထုတ်လုပ်လာစေရန် ဆွဲဆောင်နေသကဲ့သို့ ဈေးကွက်အတွင်း တီထွင်ကြံဆထုတ်လုပ်ထားသော များပြားလှသည့် ကုန်ပစ္စည်းအသစ်အဆန်းများကလည်း ဝယ်ယူစားသုံးသူများကို ဆွဲဆောင်နိုင်သည့်အခြေအနေဖြစ်လာသည်။ ထို့ကြောင့် စွမ်းဆောင်ရည်ရှိသော ဈေးကွက်စီးပွားရေးစနစ်သည် ထုတ်လုပ်သူများအတွက်လည်းကောင်း၊ စားသုံးသူများ အတွက်လည်းကောင်း ဆွဲဆောင်မှုမက်လုံးများ ဖန်တီးနိုင်သည့် အခြေခံအကြောင်းရင်းများ တည်ရှိရာဖြစ်နေသည်။ လွတ်လပ်စွာ လှုပ်ရှား၊ လုပ်ကိုင်၊ ဆောင်ရွက်နိုင်မှုသည်လည်း ဈေးကွက်စနစ်ကို ကျင့်သုံးမှုတွင် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။အမှန်တကယ် လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင်ဆောင်ရွက်နိုင်မှသာ ဈေးကွက် အင်အားစုနှစ်ဖက်စလုံးသည် စွမ်းရည်ပြည့် လှုပ်ရှားနိုင်စွမ်းရှိလာမည်ဖြစ်ပြီး ဈေးကွက်ယန္တရားသည်လည်း စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်စနစ်ကို ကျင့်သုံးသော စီးပွားရေးအဆောက်အအုံအတွင်းရှိ စီးပွားရေးလုပ်ငန်းကြီး၊ လတ်၊ ငယ်အားလုံး တရားမျှတမှုရှိသောဝန်းကျင်တွင် လွတ်လပ်စွာ ထုတ်လုပ်ရောင်းဝယ် ဖောက်ကားနိုင်စွမ်းရှိရေးအတွက် ပံ့ပိုးကူညီဆောင် ရွက်ပေးရန် လိုအပ်သည်။
ထိုအခြေအနေဖြစ်ပေါ်စေရန် တရားဥပဒေစိုးမိုးမှုရှိခြင်းသည် သော့ချက်ကျသော အကြောင်းတရားဖြစ်သည်ကိုလည်း သဘော ပေါက်ရန် လိုသည်။ ဈေးကွက်အတွင်း ပါဝင်လှုပ်ရှားနေသူများကို မည်သူတစ်ဦးတစ်ယောက်ကမျှ မည်သည့်အဖွဲ့အစည်းကမျှလမ်းညွှန် ထိန်းကျောင်းပေးစရာမလိုပေ။ ဈေးကွက်အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိလေလေ၊ ဈေးကွက်စနစ်သည် ပီပြင်လေလေဖြစ်ပါသည်။ ဈေးကွက်အနေအထား မူမမှန်ချိန်မှလွဲ၍(အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်မတည်ငြိမ်မှုဖြစ်နေချိန်လွဲ၍)ဈေးကွက်ယန္တရား လည်ပတ်မှုကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ပေ။ဈေးကွက်ယန္တရားလည်ပတ်မှု လွယ်ကူချောမွေ့စေရေးအတွက်သာ ဖြည့်ဆည်းပံ့ပိုးပေးရန် တာဝန်ရှိပေမည်။
ဈေးကွက်စနစ်ထဲရှိ စီးပွားရေးလုပ်ဆောင်ချက်မှန်သမျှသည် ဈေးကွက်အင်အားစုနှစ်ရပ် ပြဋ္ဌာန်းပေးသော အချက်ပြဈေးနှုန်းပေါ် မူတည်၍ လှုပ်ရှားပြောင်းလဲနေသည်ဖြစ်ရာ ဈေးကွက်သည် အချိန်တိုင်းတွင် ရောင်းလိုအားနှင့်ဝယ်လိုအား အင်အားစုနှစ်ခုတို့၏သဘောအတိုင်းသာ ဖြစ်နေလိမ့်မည်။ ဈေးကွက်အလေ့အထများကို ထိထိရောက်ရောက်၊ ပီပီပြင်ပြင် ကျင့်သုံးနိုင်ရေးအတွက် အသိပညာပေးခြင်း၊ လိုအပ်သော အင်စတီကျူးရှင်းများ ထူထောင်ပေးခြင်း၊ အခြား သော လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးခြင်းတို့ကို လုပ်ဆောင်ပေးကြ ရသည်။
အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်ယန္တရား လည်ပတ်မှုကို ထိခိုက်စေသော အခြေအနေများ ဖြစ်ပေါ်လာပါက ဈေးကွက်ပြန်လည်လည်ပတ်မှု ချောမွေ့စေရေး ပြန်လည်ထိန်းကျောင်းပေးကြရသည်။ စီးပွားရေးအင်အားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးရာ၌ စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍအလိုက်အခြေအနေများနှင့် အလိုက်သင့်ဖြစ်စေရေး သတိထားကျင့်သုံးသင့်သည်ဟု ဆိုကြသည်။
ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးနေသည့်တိုင် အများပြည်သူ နှင့်သက်ဆိုင်သည့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု နယ်ပယ်များ၌ နိုင်ငံတော်မှ ပါဝင်ဆောင်ရွက်သည့်ကဏ္ဍများလည်းရှိသည်။ အခြေခံ ပညာရေး၊ အခြေခံကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးကဲ့သို့ အရေးကြီးသည့် ပြည်သူ့ဝန်ဆောင်မှု ဖြည့်ဆည်းပေးခြင်းများကို များသောအားဖြင့် ဈေးကွက်ထဲတွင် ခွင့်ပြုပေးထားခြင်းမရှိပေ။နိုင်ငံသားအားလုံးအတွက် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်ဆည်းပေးရမည့်အခြေအနေတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ပေသည်။
ယနေ့ကမ္ဘာပေါ်တွင် လုံးဝလွတ်လပ်သော ဈေးကွက်စနစ်မျိုးကို ကျင့်သုံးနေသည့်နိုင်ငံဟူ၍မရှိပေ။ ရောစပ်စီးပွားရေးစနစ် (Mixed Economic system)ဟုခေါ်သည့် နိုင်ငံတော်က ပတ်သက်မှု တစ်စိတ်တစ်ပိုင်းပါဝင်သည့် ဈေးကွက်စနစ်မျိုး ကျင့်သုံးနေကြသည်ကို တွေ့ရလိမ့်မည်။ ထို့ကြောင့် စီးပွားရေးစနစ်ကျင့်သုံးမှုတွင် အစိုးရ နှင့် ဈေးကွက်ယန္တရားတို့သည် အဝေးဆုံးနေရာတစ်နေရာစီ၌ တသီးတခြား တည်ရှိနေကြသည်မဟုတ်ဘဲ မနီးမဝေး အခြေအနေတစ်ရပ်တွင် အတူတည်ရှိနေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
ငြိမ်းဝေနှင်း(ရန်ကုန်စားသုံး)