၀ဥပင်သည် Araceae (ခေါ်) ပိန်းမျိုးရင်းဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Amorphophallus Campanulatus ဖြစ်သည်။ အင်္ဂလိပ် အမည်မှာ Elephant Foot Yam White Yam နှင့်Tellinga Potato ဖြစ်သည်။ ဝဥ၏ မူရင်းဒေသမှာ အင်ဒိုနီးရှားကျွန်းဆွယ်ဖြစ်ပြီး အပူပိုင်းဒေသနှင့် အာဖရိကဒေသမျာတွင် သဘာဝအလျောက် ပေါက်ရောက်ကြသည်။ အချို့ဒေသများတွင် ]]ဖျံဥ}}ဟုလည်း ခေါ် ကြသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ သစ်ရိပ်၊ ဝါးရိပ်၊ အစိုဓာတ် ကောင်းသည့် နေရာများတွင် သဘာဝအလျောက် အမြောက်အမြား ပေါက်ရောက်လျက်ရှိသကဲ့သို့ စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။
ဝဥပင်သည် အရိပ်ကြိုက်သော အပင်မျိုးဖြစ်ပြီး စိုက်ခင်း တွင် အရိပ်ရပင်များမရှိပါက ၆၀ ရာခိုင်နှုန်း အရိပ်ရ အောင် ပြုလုပ် ပေးရမည်ဖြစ်ပြီး ရေမဝပ်ရန်အတွက် အထူးဂရုစိုက်ရန် လိုအပ် သည်။ မြန်မာနိုင်ငံရာသီဥတုအရ မိုးဦးရာသီ မေလမှ စတင်စိုက် ပျိုးသင့်ပြီး မိုးအကုန် ဆောင်းဦးရာသီ နိုဝင်ဘာနှင့် ဒီဇင်ဘာလ များတွင် တူးဖော်ရိတ်သိမ်းရသည်။ မြေချဉ်ငံဓာတ် ဏံ ၅ ဒသမ၂ မှ ၇ ဒသမ၂ အတွင်း ကောင်းစွာဖြစ်ထွန်းနိုင်သည်။ ဝဥစိုက်ပျိုးခြင်း တွင် ၃၀ ကျပ်သားရှိ ဥများကို တိုက်ရိုက်ချ၍ စိုက်ပျိုးခြင်း၊ တစ် ပိဿာခန့်ရှိ ဥများကို လေးစိတ်အညီအမျှခွဲ၍ စိုက်ပျိုးခြင်း၊ မြေကြီး ထဲမှ ပင်မဥမှ အဖုများကို ဖဲ့၍စိုက်ပျိုးခြင်း၊ အရွက်မှ အသီးများကို ပျိုးထောင်၍ စိုက်ပျိုးခြင်းတို့ဖြစ်သည်။
ဝဥစိုက်ပျိုးမည်ဆိုပါက သစ်ပင်၊ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းပြီး ထယ်တစ်လွှာ၊ ထွန်နှစ်လွှာဝင်ပြီး မြေပြုပြင် ရသည်။ ထို့နောက် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ပေးပြီး ပင် ကြား တန်းကြား (၂ ထ ၄)ပေ စိုက်ပျိုးပါက တစ်ဧက ၅၄၅၅ ပင် အနည်းဆုံး ဝင်ဆံ့နိုင်သည်။ ဝဥပင်များကို ရော်ဘာပင်၊ ထောပတ် ပင်၊ မက္ကဒေးမီးယားပင်၊ ငှက်ပျောပင်၊ ကော်ဖီပင်၊ အုန်းပင်နှင့် အခြား နှစ်ရှည်ပင်အောက်တွင် ကြားသီးနှံအဖြစ် စိုက်ပျိုးနိုင်သည်။ ထိုသို့ စိုက်ပျိုးပါက နှစ်ရှည်ပင်ကြီးများအတွက်လည်း မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်သကဲ့သို့ နှစ်ရှည်ပင်များ ရောင်းတန်းမဝင်မီ နှစ်စဉ်ဝင်ငွေ ရရှိနိုင်သည်။
မြန်မာနိုင်ငံမှထွက်ရှိသော ဝဥများကို ၁၉၇၂ ခုနှစ်မှ စတင် ၍ ပြည်ပနိုင်ငံများက စိတ်ဝင်စားခဲ့ပြီး ဂျပန်နိုင်ငံမှ ဝဥပညာရှင် များက မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာနိုင်ငံမှ ဝဥများသည် အရည်အသွေးကောင်းမွန်ကြောင်း သိရှိခဲ့သည့်အတွက် ဂျပန်နိုင်ငံ သည် ယနေ့တိုင် မြန်မာနိုင်ငံရှိ ဝဥများကို ဝယ်ယူနေကြောင်း သိရှိ ရသည်။ မြန်မာပြည်ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေ သော ဝဥအမျိုးအစား သုံးမျိုးခန့်ရှိသည်။ ၎င်းတို့မှာ အနီရောင် (ပထမတန်းစား)၊ အဝါရောင် (ဒုတိယတန်းစား)နှင့် အဖြူရောင် (တတိယတန်းစား) တို့ဖြစ်သည်။ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဝဥ များကို မန္တလေးဈေးကွက်သို့ပို့ပြီး ဂျပန်နိုင်ငံသို့ပို့မည့် ဝဥများကို ရန်ကုန်ဈေးကွက်သို့ ပို့ကြောင်း သိရသည်။
ဝဥတွင် ကျန်းမာရေးကောင်းကျိုးများနှင့် အသုံးချမှု အများ အပြားရှိသော်လည်း မြန်မာနိုင်ငံ၌ သုံးစွဲမှုနည်းသည်ကို တွေ့ရ သည်။ ပြည်ပတင်ပို့မှုတွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများသို့ အသီးသီး တင်ပို့လျက်ရှိ သည်။ မြန်မာနိုင်ငံ၌ ဝဥစိုက်ဧကပေါင်း ၁၃၀ဝ၀ ကျော်ရှိပြီး ပြည်ပ နိုင်ငံများတွင် ဝဥကုန်ကြမ်းသီးနှံများကို ခေတ်မီနည်းစနစ်များဖြင့် အချိုရည်၊ စားသောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်းရင်း ဆေးဝါးနှင့် ခေတ်မီဆေးဝါးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဝဥကို ကုန်ကြမ်းအဆင့်အနေဖြင့် ပြည်ပသို့တင်ပို့ပြီး ဂျပန် နှင့် တရုတ်နိုင်ငံများက ဝဥဆန်၊ ဝဥခေါက်ဆွဲ၊ ဝဥကြာဆံ စသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ကာ ပြန်လည်တင်သွင်းကြသည်။ သို့ဖြစ်၍ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော ဝဥများကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက စားသုံးသူဈေးကွက် လည်း တွင်ကျယ်လာမည်ဖြစ်သည်။ ဝဥကို စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုရာတွင် ဆေးဆိုးပန်းရိုက်လုပ်ငန်းများတွင် လည်းကောင်း၊ စာရေးကိရိယာ လုပ်ငန်းများတွင် အသုံးပြုသည့် ကော်အဖြစ် လည်းကောင်း အသုံးပြုကြသည်။ ဂျပန်နိုင်ငံတွင် ဝဥကို အမှုန့် ပြုလုပ်၍ ကော်ပြန့်၊ ခေါက်ဆွဲအဖြစ် စားသုံးပြီး ဖိလစ်ပိုင်နိုင်ငံတွင် ပေါင်မုန့်၊ အရက်၊ ဝိုင်ချက်ရာတွင် အသုံးပြုကြသည်။ တရုတ်နိုင်ငံ တွင် ဝဥကို အစားအစာ၊ ခေါက်ဆွဲ၊ အသားတုနှင့် မုန့်များ ပြုလုပ် ရာတွင် ထည့်သွင်းစားသုံးကြပြီး ဆေးဝါးအဖြစ် အဆီကျဆေးများ ဖော်စပ်ရာတွင် အသုံးပြုကြကြောင်း သိရသည်။
ချင်းပြည်နယ်နှင့် မွန်ပြည်နယ်မှ ထွက်ရှိသော ဝဥများသည် အခြားဒေသများမှ ထွက်ရှိသော ဝဥများထက် အရည်အသွေး၊ အရသာ ပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။ မြန်မာပြည်တွင် ဝဥများ ပြည်ပတင်ပို့နိုင်ရန် စက်ကိရိယာများအသုံးပြု၍ ဝဥရေ ဆေးခြင်း၊ အခွံခွာခြင်း၊ အခြောက်ခံခြင်း စသည်ဖြင့် ဆောင်ရွက်နိုင် သော်လည်း တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် အဆင့်များတွင် လိုအပ်ချက်ရှိနေသေးကြောင်း သိရသည်။ ဝဥများ ပြည်ပသို့ တင်ပို့ ရာတွင် မျိုးစေ့၊ ဝဥအစို၊ အခြောက်နှင့် အမှုန့်စသည်ဖြင့် ထုတ်ကုန် များ တင်ပို့ရောင်းချပြီး ဝဥအခြောက်ကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင်GACC (General Administration of Customs China) ) လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်မှ ထွက်ရှိသော ဝဥ(အဝါ)သည် ပြည်ပဝယ် လက်များတွင် အရည်အသွေး ကောင်းမွန်သောကြောင့် ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသည်။ မွန်ပြည်နယ်တွင် ယခင်နှစ်များ က ဝဥအစို တစ်ပိဿာလျှင် ကျပ် ၉၀ဝ-၁၁၀ဝ နှင့် ဝဥအခြောက် တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ-၁၁၅၀ဝ အထိရရှိပြီး ယခုနှစ် တစ် ရာသီလုံး အစိုတစ်ပိဿာလျှင် ကျပ် ၁၁၀ဝ-၁၅၀ဝ နှင့် အခြောက် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀-၁၃၀ဝ၀ အထိရရှိ ကြောင်းသိရသည်။ ဝဥရာသီ ကုန်ဆုံးချိန်ဖြစ်သော ဇန်နဝါရီလမှ သြဂုတ်လအထိ စက်ရုံများ ရပ်နားထားခဲ့ရာ စက်တင်ဘာလတွင် စက်ရုံများ ပြန် လည် လည်ပတ်လျက်ရှိကြောင်း သိရသည်။ ဝဥ စတင်ထွက်ပေါ်ချိန် စက်တင်ဘာလဆန်းတွင် ဝဥအစို တစ်ပိဿာလျှင် စက်ရုံအရောက် ဈေးနှုန်းများမှာ ကျပ် ၁၀၂၅ ခန့်ရှိကြောင်း ယခင်နှစ် ဝဥ စတင် ထွက်ပေါ်ချိန်တွင် ကျပ် ၆၀ဝ-၈၀ဝ ရှိခဲ့ရာ ယခုနှစ်တွင် ဝဥဈေး ကောင်းရရှိသည်ဟု သိရသည်။
ချင်းပြည်နယ်တွင် ယခင်နှစ်က အစိုတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀-၂၀ဝ၀ ရရှိသော်လည်း ယခုနှစ်တွင် ကျပ် ၅၀ဝ-၇၀ဝ သာ ရရှိပြီး အခြောက်တစ်ပိဿာလျှင် ယခင်ဈေး ကျပ် ၉၀ဝ၀-၁၂၀ဝ၀ ရရှိသော်လည်း ယခုနှစ်တွင် ကျပ် ၅၀ဝ၀-၆၅၀ဝ ရကြောင်း သိရ သည်။ မျိုးစေ့ဈေးနှုန်းများအနေဖြင့် ကျပ် ၇၀ဝ-၁၀ဝ၀ ရှိကြောင်း သိရသည်။ ဈေးကွက်များအနေဖြင့် ကုန်သည်များမှတစ်ဆင့် ရောင်းချရပြီး ချင်းပြည်နယ်မှ ထွက်ရှိသော ဝဥများကို ပိုမိုကြိုက် နှစ်သက်ကြသည်။
ဝဥသည် ဆန်၊ ပဲ၊ ဂျုံကဲ့သို့ အစာအာဟာရအတွက် အရေးပါ သော စားသောက်ကုန်ဖြစ်သည်သာမက စက်မှုကုန်ကြမ်းအဖြစ် လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် နေရာရရှိနေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
Source: DOCA, Local New, Google, Local New, Department of Agriculture
ပြည့်ဖြိုးသန်း (CTQM)