Main menu

Background

စီးပွားဖြစ် စိုက်ပျိုးထုတ်ယူကြရမည့် မြန်မာ့အကေးရှား ဆီနီဂေါ ရှားဖြူပင်

Mon, 11/04/2024 - 11:55 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိ အပူ ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဌာန သစ်တောဦးစီးဌာနပိုင် စိုက်ခင်းများတွင် အကေးရှား ဆီနီဂေါ ရှားဖြူပင်များ ရှိသည်။ ဒေသအခေါ် ဆူးဖြူပင်ဟုခေါ်ကြောင်း သိရသည်။  မြင်းမူ မြို့နယ်  ဘိုမင်းကြီး စိုက်ခင်း၊ သစ်တောရွာစိုက်ခင်း၊ ခြေတော် ရာစိုက်ခင်းနှင့် အခြား မိုးနည်းရေရှားရပ်ဝန်းဒေသများတွင် ပေါက်ရောက်သည်။ 
မုံရွာ-မန္တလေး လမ်းဘေး ဝဲ/ယာ တစ်လျှောက် ထိုဆူး ပင်များကိုတွေ့ရှိရပြီး  နေအပူကို အံတုကာ ရေရှားသည့်အရပ် တွင် အဆိုပါဆူးပင်များ‌ အလေ့ကျ ပေါက်ရောက်နေသည်ကို လေ့လာသိရှိရသည်။  ထိုရှားဖြူပင်များကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် မြေဆီလွှာများ ခန်းခြောက်မှု လျော့ နည်းစေရန်အတွက် သစ်တောဌာနမှ နှစ်စဉ် တိုးချဲ့စိုက်ပျိုး ထားကြောင်း သိရှိရသည်။  မြန်မာ အမည် ဆီနီဂေါရှားဖြူ ဟုခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာAcacia SenegalL(Wild)  ဖြစ်သည်။ ဒေသအခေါ်(ဆူးဖြူပင်)သည် မြေဆီလွှာမပျက် အောင် ကာကွယ်သည့်အပြင် သဘာဝပတ်ဝန်းကျင် ရာသီ ဥတုကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိကြောင်း သိရသည်။
ဆီနီဂေါရှားဖြူ၏ အသုံးဝင်ပုံ
]ဆီနီဂေါရှားဖြူ} အပင်မှထွက်ရှိသော အစေးသည် ဆေးဝါးလုပ်ငန်းများတွင် အဓိကထား၍  အသုံးပြုသော တွယ်ဆက်ပစ္စည်းBinder)) အဖြစ် အသုံးပြုနိုင်သည်။ အလှ ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရာ တွင်လည်း အသုံးပြုကြသည်။ ပုံနှိပ်လုပ်ငန်းတွင်လည်း ထည့် သွင်းအသုံးပြုကြသည်ဟု သိရသည်။
ပြည်ပမှဝယ်ယူတင်သွင်း အသုံးပြုနေကြသည့် ကော် စေးခဲ Gum Arabicများကို ဤဆူးဖြူပင်များမှ စီးပွားဖြစ် ထုတ်လုပ်နိုင်ပါက   ပြည်ပသွင်းကုန် အစားထိုးအနေဖြင့် အသုံးပြုပြီး  ပြည်တွင်းဝင်ငွေ  ရှာဖွေပေးနိုင်သည့်အပြင်  အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ထွက်လာနိုင် သည်။
အပင်သက်တမ်းနှင့် အစေးထွက်ရှိမှု
မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်အညီ ကုန်ကြမ်း(ဆူးဖြူ ပင်)များစွာကို မြန်မာပြည်အထက်ပိုင်းတွင် များစွာ ပေါက် ရောက်နေသည်ကို တွေ့ရှိနိုင်သည်။ စိုက်ပျိုးပင်များဖြစ်ပြီး နှစ်ပေါင်း (၃၀)အထိ ရှင်သန်နိုင်သည်။ စိုက်ပျိုးပြီး(၃-၄)နှစ်မှ စတင်၍ အစေးများထုတ်ယူ ရရှိနိုင်သည်။ အပင်သက်တမ်း ရင့်သည်နှင့်အမျှ အစေးရရှိနိုင်မှုပိုများသည်။ အပင်၏အစေး များသည် နိုဝင်ဘာလမှ မေလအထိထွက်ရှိပြီး ပူပြင်းခြောက် သွေ့သော ရာသီဥတုဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊  ဧပြီနှင့် မေလအတွင်း အစေးပိုမိုထွက်ရှိကြောင်းသိရသည်။
 အစေး (Acacia Senegal Gumထုတ်ယူခြင်း   
ဆီနီဂေါရှားဖြူပင်များ၏ ပင်စည်များကို နိုဝင်ဘာလမှ စတင်၍ ဧပြီလအထိ ဒဏ်ရာပေးနိုင်ပြီး ဒဏ်ရာမှအစေးများ သည် သုံးပတ်မှ ရှစ်ပတ်အတွင်း ထွက်ရှိသည်။ အစေးထွက် ချိန်တွင် လိုအပ်သော အပူချိန်မရခြင်း၊ လေတိုက်ခတ်ခြင်း၊ မိုးရွာခြင်း၊  မိုးအုံ့ခြင်း၊ ရွက်နုဝေခြင်းတို့ဖြစ်ပေါ်ပါက အစေး ထွက်နှုန်း လျော့ကျနိုင်သည်။ ပင်စည်အကိုင်းများနှင့် အကိုင်း ခွဆုံများရှိ အက်ကွဲကြောင်းမှ သဘာဝအလျောက် အစေးများ စိမ့်ထွက်လာသည်ကို စုယူနိုင်သည်။
ဒဏ်ရာပေးအစေးထုတ်ခြင်း  
  (၃-၄)နှစ်သားအရွယ်ရှိ ဆူးဖြူပင်များ၏ ပင်စည် အခေါက်ကို ဓား၊ ပဲကွတ်၊ V  ပုံသဏ္ဌာန် ဆူးကောက်များဖြင့် ကန့်လန့်ထစ်၍ ဒဏ်ရာရအောင် ပြုလုပ်ပြီး ထိုဒဏ်ရာမှနေ၍ သစ်ခေါက် (Outer Bark)အား ရှည်လျားကျဉ်းမြောင်းသော မျက်နှာပြင်တစ်ခု ပင်စည်ပေါ်တွင်ပေါ်လာစေရန် အောက် ဘက်သို့  ခွာချရမည်။ ထိုခွာချထားသောနေရာမှ ထွက်လာ သည့် အစေးများကို  စုဆောင်းထုတ်ယူခြင်းနည်းဖြစ်သည်။ နေရောင်ရသောဘက်တွင် အစေးပိုထွက်သည်။ ယခင်နှစ် ဒဏ်ရာဟောင်းများအားပြန်၍  ဒဏ်ရာပေးပါက အစေးပို ထွက်ကြောင်း သိရသည်။ 
ဆီနီဂေါ ရှားဖြူပင်မှ ရောင်းတန်းဝင် ထုတ်ကုန်များ
ဆီနီဂေါရှားဖြူပင်မှ သစ်သားဗန်းများ၊ သစ်သားဘုတ် ချပ်များ၊ ပါကေးတုံးများပြုလုပ်ပြီး ရောင်းချနိုင်သည်။ 
ဆေးဖက်ဝင် ထုတ်ကုန်များ
ရှားဖြူပင်အစေးမှ အိမ်သုံးဆေးဝါးများ ထုတ်လုပ်ရာ၌ ဆေးပြားရိုက်ရာတွင်  တွဲကပ်နိုင်သော အမှုန့် တွယ်ဆက် ပစ္စည်း Binder) အနေဖြင့် အသုံးပြုနိုင်သည်။ အစေးမှုန့် Gum Acacia) သည် အစာနှင့်ဆိုင်သော  အမျှင်တန်းများ အဓိကပါဝင်ပြီး   ရေတွင်ပျော်ဝင်နိုင်ကြောင်း  သိရှိသည်။ အစေးမှုန့် (Gum Acacia )သည် သွေးအတွင်း အဆီ Chole- sterol Level)ကို လျှော့ချပေးနိုင်သဖြင့် ကိုယ်အလေးချိန်ကို ကျစေသည်။
သုံးသပ်တင်ပြချက်
မြန်မာ့ရေ မြေနှင့်ကိုက်ညီသော ဆီနီဂေါရှားဖြူပင် (Acacia Senegalကို ရေရှည်ကုန်ကြမ်း ရရှိနိုင်ရန်၊ သစ်သား အသုံးပြု ထုတ်လုပ်နိုင်ရန် ရေရှည်စီမံချက်ဖြင့် စိုက်ပျိုးကြရ မည်။ ပေါက်ရောက်ပြီးဖြစ်သော ရှားဖြူပင်များကိုလည်း ထင်း အဖြစ်သာ အသုံးပြုနေရာမှ အပင်ကြီးများ ဖြစ်လာအောင် စနစ်တကျ စောင့်ရှောက်ထိန်းသိမ်းကြရမည်။
ဆီနီဂေါရှားဖြူပင်များ   စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ ပျက်စီးပြုန်းတီးမှုကို ကာကွယ်ရန်နှင့်  သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုရှိပြီး   အပူပိုင်း   စိမ်းလန်းစိုပြည်ရေး အထောက်အကူ ရရှိစေသည်။ ဆီနီဂေါရှားဖြူပင်များ၏ သစ် သားများ အသုံးဝင်မှုကြောင့်   လူသုံးကုန်ပစ္စည်းများအဖြစ် ဆောက်လုပ်ရေးကဏ္ဍတွင်  ထုတ်လုပ်ရောင်းချနိုင်ပါမည်။ ဆီနီဂေါရှားဖြူပင်များမှ   အရည်အသွေး ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာ သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီသော  သစ်စေး Gum Arabic)) ထုတ်လုပ်ခြင်းဖြင့်   စက်မှုသွင်းကုန်အဖြစ် အစားထိုးနိုင်၍ နိုင်ငံခြားငွေ ကုန်ကျစရိတ် သက်သာစေမည်။ Myanmar Export ထုတ်ကုန်တစ်ခုအဖြစ် စီးပွားရေးကဏ္ဍ တစ်ခု ထူထောင်နိုင်စေရေးအတွက် အညာမြေတစ်ခွင် ဆီနီ ဂေါ ရှားဖြူပင်များကို အကျိုးရှိစွာ စိုက်ပျိုးအသုံးချနိုင်ခြင်း ဖြင့်  ဒေသခံ မြန်မာပြည်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရရှိကာ   ကောင်းကျိုးခံစားနိုင်ကြပါစေရန်   ရည်ရွယ်၍ လေ့လာရေးသား တင်ပြလိုက်ရပါသည်။

 

ဒေါက်တာမေယုခိုင်(ဆေးဝါးစက်ရုံ) စစ်ကိုင်း