Main menu

Background

စားသုံးသူများအတွက် အရေးပါသော ထုတ်ကုန်လုံခြုံမှုကဏ္ဍ

Tue, 06/02/2026 - 16:13 -- journal_editor

ကမ္ဘာပေါ်ရှိ သက်ရှိလူသားတိုင်းသည် မိမိတို့ အသက်ရှင် ရပ်တည်နိုင်ရန် အဓိကအရေးပါသော စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့်  နေထိုင်ရေးတို့အတွက်သာမက  အခြားလူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့်  ကျန်းမာရေး စသည်တို့အတွက်ပါ အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများကိုနေ့စဉ်သုံးစွဲနေကြရသော စားသုံးသူများ ဖြစ်ကြသည်။ စားသုံးသူများယုံကြည် စိတ်ချစွာဖြင့် စိတ်ချလက်ချသုံးစွဲနိုင်ရေးအလို့ငှာ ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုသည် အလွန် အရေးပါလှသည်။
ထုတ်ကုန်ဘေးကင်းလုံခြုံမှုဟူသည် ထုတ်ကုန်ပစ္စည်းတစ်ခု၏  ဒီဇိုင်းဆိုင်ရာဘေးကင်းမှု၊ ထုတ်လုပ်မှုတွင်အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ၏ ဘေးကင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်၏ ဘေးကင်းမှု တို့အပြင် သက်ဆိုင်ရာစစ်ဆေးစမ်းသပ်မှုများ၌ စားသုံးသူ၏ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဘေးကင်းရေးတို့ကိုပါ အာမခံချက်ပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ အာမခံချက်ပေးနိုင်ရန် ကုန်ပစ္စည်း စတင်ထုတ်လုပ်သည့်အချိန်မှစ၍ စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်သည်။
ကုန်ပစ္စည်းစတင်ထုတ်လုပ်ရန် ဒီဇိုင်းရေးဆွဲရာတွင် သုံးစွဲသူများအတွက်  အန္တရာယ်ရှိစေမည့် အစိတ်အပိုင်းများ မပါဝင်ဘဲ အသုံးပြုရလွယ်ကူစေသော ပုံစံဖြစ်ရပါမည်။  ထို့ပြင် မှားယွင်းစွာ အသုံးပြုမှုကိုလည်း ကာကွယ်နိုင်စေမည့် ဒီဇိုင်းအမျိုးအစား ဖြစ်ရပါမည်။ 
ထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက်တွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေးမြင့်မားပြီး စားသုံးသူကို ဓာတ်မတည့်မှုနှင့် အဆိပ်အတောက်ဖြစ်မှုများ မဖြစ်ပေါ်စေရန် လိုအပ်သည့်ပြင် ထုတ်လုပ်သည့်ပတ်ဝန်းကျင်  သန့်ရှင်းပြီး ၎င်းထုတ်ကုန်များအတွက် သတ်မှတ်ထားသော သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် အရည်အသွေး ထိန်းချုပ်မှုစနစ်ကောင်းများကို အသုံးပြုရမည်ဖြစ်သည်။ ထုတ်လုပ်ပြီးနောက်ဆက်တွဲအနေဖြင့် ထုတ်ကုန်အမျိုးအစားပေါ် မူတည်၍ ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲစစ်ဆေးချက်များ၊ ခိုင်ခံ့မှုနှင့် အထားခံနိုင်မှု သက်တမ်းစစ်ဆေးချက်များကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။ ထုတ်ကုန်၏ ထုပ်ပိုးပစ္စည်းသည်လည်း ထုတ်ကုန်တစ်ခုလုံးကို ကောင်းမွန်စွာ လုံခြုံမှုပေးနိုင်သည့်အပြင် ထုတ်ကုန်နှင့် ပြန်လည်ဓာတ်ပြုမှုမရှိစေရန် သတိပြုရမည်ဖြစ်သည်။  
အဆိုပါဆောင်ရွက်မှုများအားလုံး ပြီးစီးပါက ထုတ်ကုန်ပစ္စည်း၏  အချက်အလက်များနှင့်သုံးစွဲနည်း၊  သိမ်းဆည်းနည်း စသည့်ညွှန် ကြားချက်များပါသော ကုန်ညွှန်းအမှတ်အသားကို ထင်ရှားစွာဖော်ပြပေးရမည်။ 
ဤကဲ့သို့ အဆင့်တိုင်းတွင် အလေးအနက်ထားပြီး ဂရုတစိုက်ဆောင်ရွက်ပေးခြင်းဖြင့် ထုတ်ကုန်အရည်အသွေးကို မြင့်မားလာစေပြီး ဘေးကင်းလုံခြုံသော ထုတ်ကုန်အဖြစ် စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုဟူသည် ထုတ်ကုန်၏ အရည်အသွေးပိုင်းဆိုင်ရာ သတင်းအချက်အလက်များကပေးသော ဘေးကင်းလုံခြုံမှုပေါ်တွင်  ဖြစ်ပေါ်လာသည့်  စိတ်ခံစားချက်တစ်ခုဖြစ်သည်။ ထိုစိတ်ခံစား ချက်မှ တစ်ဆင့်ဝယ်ယူသုံးစွဲခြင်းဖြင့် အမြဲတမ်း ဖောက်သည်များ ဖြစ်သွားလေ့ရှိသည်။ ယခုခေတ်ကဲ့သို့ လူမှုကွန်ရက် အသုံးပြုမှုများသောခေတ်တွင် ယင်းတို့၏ သတင်းဖြန့်ဝေမှုများကြောင့် အခြားသူများပါ သိရှိလာကြပြီး လိုက်ပါသုံးစွဲခြင်းအားဖြင့်  ရေရှည်အောင်မြင်သော ထုတ်ကုန်များ ဖြစ်လာကြသည်။    
ယနေ့နိုင်ငံအသီးသီးတွင် အောင်မြင်မှုရရှိနေသော ထုတ်ကုန်များကို လေ့လာကြည့်မည်ဆိုလျှင် ''စားသုံးသူကပေးသော ယုံကြည်မှုသည် မိမိတို့ထုတ်လုပ်လိုက်သော ကုန်ပစ္စည်း၏ ဘေးကင်းလုံခြုံမှုအတွက်ဆုလာဘ်ဖြစ်သည်'' ဟူ သော ခံယူချက်ဖြင့် အကောင်းဆုံးအရည်အသွေးများနှင့် ဦးစွာပထမစတင်လေ့ရှိကြသည်။ ဒုတိယအနေဖြင့် ဘေးကင်းလုံခြုံမှုအရည်အသွေးကို အမြဲမြှင့်တင်နေခြင်းဖြင့်ယုံကြည်မှုကိုပိုမိုခိုင်မာလာစေရန် ကြိုးပမ်းကြပြန်သည်။ တတိယအချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဆောလျင်စွာဖော်ထုတ်ဖြေရှင်းနိုင်ရန် ထုတ်ကုန်လမ်းကြောင်း ခြေရာခံစနစ်၊ ပြန်လည်သုံးသပ်ပြီး သိမ်းဆည်းသောစနစ်များဖြင့်လည်းယုံကြည်မှုကို ပိုမိုမြှင့်တင်နေကြောင်း တွေ့ရှိနိုင်မည်ဖြစ်သည့်အပြင် ယင်းထုတ်ကုန်များသည် နိုင်ငံတကာ အရည်အသွေး စံချိန်စံညွှန်းများနှင့် ဒေသတွင်းစားသုံးသူကာကွယ်ရေး ဥပဒေများကိုလည်း လေးစားလိုက်နာကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ထုတ်ကုန်လုံခြုံမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတကာစံချိန်စံညွှန်းများ ရေးဆွဲရာတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အခြေခံမူများကိုချမှတ်ပြီး International Standards Organization(ISO)  အဖွဲ့က အသေးစိတ်ဆောင်ရွက်ရမည့် အချက်များကိုပြဋ္ဌာန်းသည်။ ISO 10377 သည် ထုတ်ကုန်လုံခြုံမှုဆိုင်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲခြင်း စံချိန်စံညွှန်း (Product  Safety  Risk  Management) ဖြစ်သည်။ ၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက စားသုံးသူထုတ်ကုန်လုံခြုံမှုဆိုင်ရာ အခြေခံမူများ (UN Principles For Consumer Product Safety) ကို အတည်ပြုခဲ့ပြီးဖြစ်သည်။ 
ယင်းအခြေခံမူအရ အွန်လိုင်းဈေးကွက်မှဖြစ်စေ၊ ရောင်းသူဝယ်သူ တွေ့ဆုံရသော ဈေးကွက်မှဖြစ်စေ ရောင်းဝယ်ကြရာတွင် စားသုံးသူများသည် ဘေးကင်းလုံခြုံသော ကုန်ပစ္စည်းများကို ရရှိစေမည့် အခွင့်အရေးရှိသည်။ ယနေ့အချိန် အခါတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စားသုံးသူကို ဘေးအန္တရာယ်ဖြစ်စေမည့် ထုတ်ကုန်များ ပျံ့နှံ့မှုမြန်ဆန်ကြောင်းလေ့လာတွေ့ရှိရသည်။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများစွာရှိသည့်အနက် တစ်ခုမှာ အွန်လိုင်းဈေးကွက်ကြောင့်ဖြစ် သည်။ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) ၏ ခန့်မှန်းချက်အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏၄၄ရာခိုင်နှုန်း သည် စားသုံးသူထုတ်ကုန်လုံခြုံမှုအတွက် လုံလောက်သော ဥပဒေဘောင်များ ချမှတ်နိုင်ခြင်းမရှိသေးကြောင်း လေ့လာသိရှိရသည်။ ထို့ပြင် Organization for Economic Co-orperation and Development (OECD) ၏  လေ့လာမှုအရလည်း  ပြန်လည်သိမ်းဆည်းခြင်း သို့မဟုတ် တားမြစ်ခြင်းခံထားရသော ကုန်ပစ္စည်းများ၏ ၈၇ ရာခိုင်နှုန်းသည် အွန်လိုင်းဈေးကွက်များတွင် ဆက်လက်ရောင်းချနေကြောင်း သိရှိရသည်။ ၎င်းကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုမိသော စားသုံးသူများအနေဖြင့် အလွန်နစ်နာကြရပြီး ထိုသူတို့၏ နစ်နာမှုများအတွက် မျှတမှုပြန်လည်ရရှိရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉)ရောဂါဖြစ်ပေါ်ပြီးနောက်ပိုင်း၌ အွန်လိုင်းဈေးကွက် စတင်ထွန်းကားလာခဲ့ပြီး ငွေကြိုလွှဲပြီးနောက် ပစ္စည်းရောက်မလာခြင်း၊ ပစ္စည်းရောက်လာပါကလည်း မှာယူစဉ်က အချက်အလက်နှင့် ကိုက်ညီမှုမရှိခြင်းနှင့် ဘေးကင်းလုံခြုံမှုမရှိသော ထုတ်ကုန်များဖြစ်နေခြင်း စသည့်ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။ သို့ဖြစ်ရာ အစိုးရ၏ ထိန်းကျောင်းမှုစနစ် လိုအပ်လာသောကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင်အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းသည့်လုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ပြီး အမိန့်ကြော်ငြာစာအမှတ် ၅ဝ/၂ဝ၂၃ ဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအမိန့်သည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၄)၊ ပုဒ်မခွဲ(ဂ)ကို ကျောထောက်နောက်ခံပြုထားသောကြောင့် လိုက်နာခြင်းမရှိပါက ထောင်ဒဏ်မျှမက ငွေဒဏ်ကိုပါ ချမှတ်ခံရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဤအမိန့်ကြော်ငြာစာအရ မှတ်ပုံတင် လျှောက်ထားခြင်းဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းကို ဖောက်သည်များက ပိုမိုယုံကြည်လာမည်ဖြစ်သည်။ ဈေးဝယ်သူများအနေဖြင့်လည်း မှတ်ပုံတင်ရှိသော အွန်လိုင်းဈေးသည်ထံမှ ဝယ်ယူခြင်းအားဖြင့် ဘေးကင်းလုံခြုံမှုမရှိသော ထုတ်ကုန်ကြောင့် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာဥပဒေ၏ အကာအကွယ်ပေးခြင်းကို ခံစားနိုင်မည်ဖြစ်သည်။
ဘေးကင်းလုံခြုံမှုမရှိသော ထုတ်ကုန်ပစ္စည်းတစ်ခုသည် လူ့အသက်ပေါင်းများစွာကို ထိခိုက်ပျက်စီးစေခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် တရုတ်နိုင်ငံ၌  ဖြစ်ပေါ်ခဲ့သော နို့မှုန့်ပြဿနာသည် ထင်ရှားသော အစားအစာဆိုင်ရာ ထုတ်ကုန်ဘေးကင်းလုံခြုံမှုမရှိသည့် ကိစ္စရပ်ဖြစ်သည်။ နို့နှင့်ကလေးနို့မှုန့်ထဲတွင် ဓာတုမယ် လမင်းရောနှောထည့်သွင်းထုတ်လုပ်ထားခြင်းကြောင့် ကလေးငယ်များစွာ ကျောက်ကပ်ပျက်စီးခဲ့ကြရသည်။ အစိုးရ၏ စုံစမ်းစစ်ဆေးမှုများအရ နို့မှုန့်ထုတ်လုပ်သောကုမ္ပဏီသည် အရည်အသွေးစစ်ဆေးချက်တွင် ပရိုတိန်းဓာတ်ပါဝင်မှု မြင့်မားပုံပေါက်စေခြင်းငှာ ဤကဲ့သို့ မသမာမှု ပြုလုပ်ခဲ့ကြောင်းသိရှိလာရသောကြောင့် ပြင်းထန်စွာ အရေးယူခဲ့ရ သည်။ တရုတ်အစိုးရက နောင်အနာဂတ်တွင် ထိုကဲ့သို့ ဆိုးရွားသောဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ထုတ်ကုန်လုံခြုံမှု စည်းမျဉ်းစည်းကမ်းများ ပြန်လည်ရေးဆွဲပြီး အမျိုးသားရေးအသွင်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဤဖြစ်ရပ်ကို လေ့လာခြင်းဖြင့် ထုတ်ကုန်များကို စားသုံးသူများယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ရန် နိုင်ငံတော်အစိုးရ၏ ပါဝင်ထိန်းကျောင်းမှုနှင့်အတူ အဆင့်မြင့် စစ်ဆေးမှုနည်းပညာများ လိုအပ်လာကြောင်း သုံးသပ်ရရှိသည်။
စားသုံးသူပြည်သူများနေ့စဉ်အသုံးပြုနေရသော ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုသည် စားသုံးသူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှုစသည်တို့အတွက် အရေးပါသော အကြောင်းအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် မိမိတို့နိုင်ငံရှိ စားသုံးသူများ နေ့စဉ်နှင့်အမျှ အသုံးပြုနေရသော ထုတ်ကုန်ပစ္စည်းများအနက်မှ စားသောက်ကုန်အုပ်စုတွင် ပါဝင်သော အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီတို့ကို ထိန်းချုပ်အစားအသောက်အဖြစ် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က  အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂ဝ၂၁ ဖြင့်အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ 
ဤအမိန့် ထုတ်ပြန်ခြင်းအားဖြင့် ထိန်းချုပ်အစားအသောက်နှင့်ပတ်သက်၍  အမျိုးသားအစားအသောက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။ ထို့အပြင် ဤအမိန့်နှင့်ဆက်စပ်ပြီးသောက်ရေသန့်နှင့် စားသုံးဆီတို့သည်  စားသုံးသူများအတွက် ''ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း''ဟူသည့် စားသုံးသူအခွင့်အရေးကိုလည်း ရရှိစေမည်ဖြစ်သည်။
မိမိတို့နိုင်ငံအတွင်းရှိ  ဈေးကွက်များတွင် ဘေးကင်းလုံခြုံမှုမရှိသော ထုတ်ကုန်များကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများအား  ကြိုတင်ကာကွယ်နိုင်ရန် တာဝန်ရှိဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။  ထိုသို့ဆောင်ရွက်ရာ၌ စားသုံးသူ အသိပညာပေးဟောပြောခြင်း၊  စီးပွားရေးလုပ်ငန်းရှင် များအား ဆွေးနွေးဟောပြောခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း စသည့်လုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ  စားသုံးသူရေးရာဦးစီးဌာနနှင့်  ကျန်းမာရေးဝန်ကြီးဌာနရှိ   မြန်မာနိုင်ငံ အစားအသောက်နှင့်   ဆေးဝါးအာဏာပိုင်အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
စားသုံးသူများ ဝယ်ယူအသုံးပြုလိုသည့်  ထုတ်ကုန်သည် ၎င်း တို့၏  လိုအပ်ချက်အတွက် သင့်လျော်မှုရှိစေရန်၊ ယင်းထုတ်ကုန်နှင့် စပ်လျဉ်း၍  အခြေခံလိုအပ်ချက်များပေါ်တွင်  စိတ်ကျေနပ်မှု ရရှိစေ ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရန် အလို့ငှာ ထုတ်ကုန်ပစ္စည်းအုပ်စု အမျိုးမျိုးအတွက် သိပ္ပံနည်းကျ ရေးဆွဲထား သော စံချိန်စံညွှန်းများကလည်း  အရေးပါလှသည်။ ထို့ကြောင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ အမျိုးသားစံချိန်စံညွှန်းနှင့် အရည် အသွေးဌာနက ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးတို့အတွက် ရည်ရွယ်ပြီး မြန်မာစံချိန်စံညွှန်း များကို ရေးဆွဲထုတ်ပြန်ပေးလျက်ရှိသည်၊၊ ထုတ်ကုန်အမျိုးမျိုးအတွက် မြန်မာစံချိန်စံညွှန်းများ  သတ်မှတ်နိုင် ခြင်းဖြင့် အရည်အသွေးမမီဘဲ လုံခြုံမှုမရှိသော  ထုတ်ကုန်များကို ဈေးကွက်သို့မရောက်မီ ကြိုတင် ဟန့်တားနိုင်သောကြောင့် ထုတ်ကုန်လုံခြုံစေမှုနှင့်အတူ စားသုံးသူ ကာကွယ်ရေးအတွက် အကျိုးရှိစေသည်။   
စားသုံးသူများ  ဘေးအန္တရာယ်ကင်းရှင်းပြီး နစ်နာဆုံးရှုံးမှု မရှိ စေရန် ထုတ်ကုန်မျိုးမျိုးအတွက် စံချိန်စံညွှန်းများ၊ အရည်အသွေး သတ်မှတ်ချက်များ ထုတ်ပြန်ပြီးသည့်နောက်တွင် မဖြစ်မနေ လိုက်နာ ရမည့်အချက်များအား  လိုက်ပါလုပ်ဆောင်ခြင်း ရှိ၊ မရှိကို သိပ္ပံနည်း ကျ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းများက စစ်ဆေးအဖြေ ထုတ်ပေးရသည်။ သက်ဆိုင်ရာ စစ်ဆေးစမ်းသပ်မှုများတွင် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသော  ဓာတ်ခွဲခန်းက စစ်ဆေးအဖြေ ထုတ်ပေးလိုက်သော ထုတ်ကုန်‌များသည် စားသုံးသူ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။    
သို့ဖြစ်ရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ''စီးပွားရေးလုပ်ငန်းရှင်ကိုယ်တိုင်  စားသုံးသူတစ်ယောက်ဖြစ်သည်''ဟူသော အချက်ကို လက်ကိုင်ပြု၍ ကျင့်ဝတ်သိက္ခာသာမက စေတနာပါပေါင်းထည့်ပြီး ထုတ်လုပ်သင့်သည်။ ထို့နည်းတူ စားသုံးသူများ အနေဖြင့်လည်း ဘေးကင်းလုံခြုံသော ထုတ်ကုန်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ရန် စားသုံးသူ အခွင့်အရေးများနှင့်တကွ ဆောင်ရွက်ရမည့် တာဝန်များကိုပါ သိရှိထားရမည်ဖြစ်သည်။ အလားတူပင် ဌာနဆိုင်ရာများကလည်းအချိန်တိုအတွင်း တိကျ စွာ စစ်ဆေးစမ်းသပ်ပေးနိုင်သော ကိရိယာနှင့် နည်းပညာအသစ်များ၊ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာ အသိ အမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ 
အချုပ်အားဖြင့်ဆိုသော် ထုတ်ကုန်လုံခြုံရေး သည် စားသုံးသူများ၏ နေ့စဉ်ဘဝအတွက် အရေးပါသောကြောင့် ထုတ် လုပ်ဖြန့်ဖြူးသူများနှင့်အတူ စားသုံးသူကိုယ်တိုင်ပါဝင်ပြီး ဌာနဆိုင်ရာများ၏ ထိန်းကျောင်းပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဘေး ကင်းလုံခြုံသော ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်စေရန် ရည်သန်၍ ရေးသားလိုက်ပါသည်။

အိအိချော(CTQM)