Main menu

Background

မြန်မာ့သရက်သီး ပြည်တွင်း/ပြည်ပ ဈေးကွက် ရေရှည်တည်တံ့ရေး အစီအမံများ

Tue, 06/09/2026 - 13:12 -- journal_editor

၂၀၂၆ခုနှစ် သရက်သီးရာသီ စတင်ခဲ့ပါပြီ။  သရက်သီးသည် မြန်မာနိုင်ငံတွင် မတ်လနှောင်းပိုင်းမှ ဈေးကွက်စတင်ခဲ့ပြီး မိုးရာသီတစ်ခုလုံး သြဂုတ်လမှ စက်တင်ဘာလထိ ထုတ်လုပ်ရောင်းဝယ်ကြသည်။ သရက်သီးသည် အပူပိုင်း‌ဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံတစ်မျိုးဖြစ်ပြီး ထို့အတွက်ကြောင့်  မြန်မာနိုင်ငံတစ်ဝန်း စိုက်ပျိုးစားသုံးကြသည်။         
သရက်သီးတွင် အမျိုးအမည်ပေါင်းများစွာရှိသည်။  အစားအစာများတွင် စံတင်ထိုက်သည်များတွင် သရက်သီးပါဝင်သည်။ အရွက်မှာလက်ဖက်၊ အသားမှာဝက်၊ အသီးမှာသရက်ဟူ၍ တင်စားဖွဲ့ဆိုခဲ့ရာ အသီးအနှံများတွင် သရက်သီး သည် အနံ့အရသာနှင့် ကျန်းမာရေးကောင်းကျိုးများစွာရှိကြောင်း သိရသည်။  သရက်ပင်ကို သဘာဝကောင်းကျိုးများအရ သရက်ပင်၏အရွက် သရက်သီးကင်းချိန်မှ ဝင်းမှည့်ချိန်အထိ စားသုံးကြသည်။ သရက်သီးကို အကင်းသီးမှစ၍ တို့စရာအဖြစ် မြန်မာတို့ထမင်းဝိုင်းတွင် မပါမဖြစ် ရှိနေပေသည်။ သရက်သီးအစိမ်းကို သုပ်စားခြင်း၊ သရေစာအဖြစ် အချဉ်ပေါင်းပြုလုပ်၍ ရောင်းချခြင်း၊ သရက်သီးစိမ်းကို သရက်ချဉ်၊ သရက်သီးဆားရည်စိမ်၊ သရက်သီးပိုးတီ၊ သရက်ယိုများအဖြစ် မျိုးစုံပြုလုပ် အသုံးပြုကြသည်။ သရက်သီးအမှည့်များကို အချိုပွဲအဖြစ်လည်းကောင်း၊ အဖျော်ယမကာအဖြစ်လည်းကောင်း၊ ရေခဲချောင်း၊ ရေခဲမုန့်တို့တွင် ထည့်သွင်း၍လည်းကောင်း၊ သရက်သီးယို၊ သရက်ပြားအဖြစ်လည်းကောင်း တန်ဖိုးမြင့်ထုတ်ကုန် ပြုလုပ်ကြသည်။  
ထို့ကြောင့်ပင်လျှင် ပြည်တွင်းဈေးကွက်ဝင် သရက်သီးဈေးကွက်နှင့် ပြည်ပဈေးကွက်ဝင် သရက်သီးဈေးကွက်ဟူ၍ ထုတ်ကုန်အရည်အသွေးအရ ဈေးနှုန်းဈေးကွက် ကွာခြားရပေသည်။ ထို့ကြောင့် မြန်မာ့သရက်သီး ပြည်တွင်း၊ ပြည်ပဈေးနှုန်းဈေးကွက် တည်တံ့စေရန်မှာ ကောင်းမွန်သော အစီအမံများ ထားရှိရပေမည်။
မြန်မာ့သရက်သီးသည် အရည်အသွေးကောင်းမွန်သဖြင့် ပြည်တွင်း စားသုံးမှုနှင့် ပြည်ပဈေးကွက်မှ တောင်းဆိုမှုများ မြင့်တက်လာသည်။ ဈေးကွက်တွင် ရေရှည်ရပ်တည်နိုင်ရန် အရည်အသွေးထိန်းသိမ်းခြင်း၊ ထုတ်လုပ်မှုကွင်းဆက်တန်ဖိုးလျှော့ချခြင်းနှင့် ဈေးနှုန်းဈေးကွက်ကို အသာစီးရယူနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ချက်များ ပြုသင့်သည်။ သရက်သီးစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တန်ဖိုးတွင် အဓိကစိန်ခေါ်မှုမှာ သွင်းအားစု ဖြည့်ဆည်းရသည့် ကုန်ကျ စရိတ်ဖြစ်သည်။ ယနေ့သွင်းအားစု ဓာတ်မြေသြဇာ ဈေးနှုန်းများမှာ တစ်အိတ်လျှင် တစ်သိန်းခွဲမှနှစ်သိန်းဝန်းကျင်ရှိနေရာ သီးနှံတစ်ရာသီ တွင် သုံးကြိမ် လေးကြိမ်ဖြည့်သွင်းရသဖြင့် သရက်စိုက်ခင်းတစ်ခု၏ တစ်နှစ်အတွင်း ကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ် ရှစ်သိန်းမှ ၁၀ သိန်းခန့် ကုန်ကျသည်။ ထို့ကြောင့် ကုန်ကျစရိတ် နည်းပါးပြီး မြေဆီ လွှာကို ရေရှည်အရည်အသွေး ထိန်းသိမ်းပေးသည့် သဘာဝမြေသြဇာ များ ပြုလုပ်သုံးစွဲမည့် ဆောင်ရွက်ချက် အစီအမံများသည်သာ သရက်သီး စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့စေ မည့် အစီအမံများ ဖြစ်ကြောင်း တွေ့ရှိရသည်။
၂၀၂၆ ခုနှစ် သရက်သီးရာသီသည်  နွေနှောင်းပိုင်းကာလ မိုးဦးကျမှစ၍ မိုးကုန်သည်အထိရှိရာ သဘာဝဘေးဒဏ် အခံရဆုံး ကာလဖြစ်ပါသည်။  သရက်ပင်တစ်ပင်လုံးကို သီးကင်းမှစ၍ တယုတယ ပြုစုစောင့်ရှောက်လာသော အသီးအပွင့်များသည် လေပြင်းသည့်ဒဏ်၊ မိုးသည်းထန်မှုများကြောင့် မျက်မြင်တစ်ခဏအတွင်း ပျက်စီးကြွေလွင့်သွားနိုင်သည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အစီအမံများဖြင့် ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းအောင် ကြိုတင်ဆောင်ရွက်ရပေမည်။ သရက်စိုက်ခင်းကို လေ ပြင်းဒဏ်မှ ခံနိုင်ရန် လေကာပင်များစိုက်ပျိုးခြင်း၊ လေဝင်လေထွက် ကောင်းစေရန်  အတန်းလိုက် စိုက်ပျိုးခြင်းများ ပြုလုပ်သင့်သည်။ သဘာဝဘေးဒဏ်များကြောင့်  ပျက်စီးဆုံးရှုံးရချိန်တွင်  ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် အစီအမံများ ထားသင့်ပါသည်။ သရက်သီးကင်းချိန်နှင့် အသီးစိမ်းအခြေအနေတွင် သဘာဝဒဏ်ကြုံတွေ့ရပါလျှင် တို့စရာအဖြစ်ရောင်းချရန် နယ်ဈေးကွက်များဖြင့် ချိတ်ဆက်ခြင်း၊ အသီးစိမ်း အခြေအနေတွင် ကြုံတွေ့ရပါက သရက်သီးဆားရည်စိမ်ပြုလုပ်ခြင်း၊ သရက်ချဉ်ပြုလုပ်ခြင်း၊ သရက် သီးပိုးတီပြုလုပ်ခြင်း အတတ်ပညာများဖြင့် ပြုလုပ်ဆောင်ရွက်ပြီး ဆုံးရှုံးမှု  နည်းနိုင်သမျှနည်းအောင် ပြုလုပ်ဆောင်ရွက်သင့်သည်။ ရင့်မှည့်ချိန်တွင်လည်း အကြွေသီးများ ထုပ်ပိုးရာမှ ဖယ်သီးများကို သရက်ယို၊ သရက်ပြားပြုလုပ်၍ ဝင်ငွေရှာသင့်သည်။ သရက်ပင်မှ ထွက်ကုန်ဟူသမျှ လေလွင့်ဆုံးပါးမှုမရှိစေအောင် စီမံထားရပေမည်။ သို့မှသာ ထုတ်လုပ်မှုတန်းဖိုး လျှော့ချနိုင်မည်ဖြစ်သည်။ 
ဈေးကွက်ဝင် သရက်သီးစိုက်ပျိုးပင်များ၏ တစ်ပင်အထွက်နှုန်းမှာ အပင်သက် ငါးနှစ်မှ ၁၀ နှစ်အတွင်း အလုံးရေ ၅၀ မှ ၅၀ဝ အထိ၊ ၁၁ နှစ်မှ ၂၁ နှစ်အတွင်း အလုံး‌ရေ ၅၀ဝ မှ ၁၅၀ဝ၊ အပင် သက် ၂၀  ကျော်လျှင် အလုံးရေ ၁၅၀ဝ ခန့် ပုံမှန်ထွက်နိုင်ကြောင်း သိရှိရသည်။
သရက်သီး စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည် လုပ်ငန်း စတင်ချိန်မှစ၍ ကောင်းမွန်သော အစီအမံများဖြင့် ဆောင်ရွက်လျှင် စိုက်ထုတ်ထားသော အရင်းအနှီး၏ တစ်ဝက်ခန့်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပေသည်။ စိုက်ပျိုးသည့်နှစ်ကြာလာသည်နှင့်အမျှ ဝင်ငွေတိုးတက်လာပြီး အကျိုးအမြတ် ရရှိလာပေမည်။ 
မြန်မာ့သရက်သီးကို စုစုပေါင်းထုတ်လုပ်မှု၏ ၆၅ရာခိုင်နှုန်းကို ပြည်တွင်းဈေးကွက်သို့ ရောင်းချနေပြီး ၃၅ရာခိုင်နှုန်းကို ပြည်ပဈေး ကွက်သို့ တင်ပို့ရောင်းချကြောင်းသိရသည်။  ပြည်ပ ဈေးကွက်ဝင် သရက်သီးများကို ကုန်သွယ်ဖက်နိုင်ငံများသို့ အဆင်ပြေပြေ တင်ပို့ နိုင်ရန်  ကန့်သတ်ချက်နှင့်တောင်းဆိုမှုများ ရှိပေသည်။ ၎င်းတို့မှာ 
    (၁)     သန့်ရှင်းလတ်ဆတ်၍ အပြည့်အဝရင့်မှည့်ရမည်။
    (၂)     အစိမ်းရောင်မရှိစေရ၊ အမှည့်လွန်ခြင်း၊ နွမ်းရိခြင်း မရှိ စေရ။
    (၃)     နေလောင်ခြင်း၊ပိုးကိုက်ခြင်း၊အရောင်ပျက်ခြင်းမရှိစေရ။
    (၄)     အခွံပေါ်တွင် အပြစ်အနာအဆာကင်းရမည်။
    (၅)     အရွယ်အစားတစ်ညီတည်းတူညီ၍ ကြီးလွန်းသော သေး လွန်းသော အလုံးများမပါဝင်ရ။
    (၆)     အချိုဓာတ်( TSS) 20 Brix  မြငထ အနည်းဆုံးရှိရမည်။
    (၇)     ပျမ်းမျှအချဉ်ဓာတ် ဝ.၄ မှ ဝ.၄၅ ရှိရမည်။
    (၈)     အမျှင်နည်း၍ အသားထူပြီး အစေ့သေးလျှင်ပိုကောင်း သည်။
ထိုသို့သော ဈေးကွက်တောင်းဆိုသည့် အရည်အသွေးပြည့်ဝ နေစေရန် အထက်တွင်ဖော်ပြခဲ့သော စိုက်ပျိုးမြေနှင့် ရေရရှိမှု စိုက် နည်းစနစ်အပြင် သွင်းအားစုများကို စနစ်တကျကိုင်သွယ်စီမံ ဖြေရှင်းပုံ၊ အပင်ပြုစု‌စောင့်ရှောက်ပုံများပါ ကောင်းမွန်စနစ်ကျပါက ဈေးကွက်ဝင်သီးနှံများ ထွက်ရှိပြီး ရေရှည်တည်တံ့နိုင်သည်။ ထို့အပြင် သရက်စိုက်တောင်သူများသည် ဈေးကွက်ဝင် အရည်အသွေးမီရန် အတွက် သရက်သီး ၇၇ ရက်သား ကြက်ဥအရွယ်တွင် အိတ်စွပ်ခြင်း၊ သွင်းအားစုနှင့်ရေဖြည့်တင်းမှုကို အချိန်ဇယားနှင့် မှတ်တမ်း၊ မှတ်ရာများထားရှိပြီး ကောင်းမွန်သော စိုက်ပျိုးရေးစနစ် GAP စံနှုန်း တည်‌ထောင်သင့်သည်။ ဈေးကွက်တင်ပို့ရာတွင်လည်း ရိတ်သိမ်းချိန် လွန်နည်းပညာများနှင့်  ခေတ်မီထုပ်ပိုးမှုနည်းစနစ်များ ကျင့်သုံးရပေ မည်။  သို့မှသာ   မြန်မာ့သရက်သီး ပို့ကုန်၏ အရည်အသွေးရော အရည်အချင်းပါ ပြည့်စုံသည့် ကောင်းသတင်းကို နိုင်ငံတကာ ဈေး ကွက်တွင် ထင်းရှာကျယ်ပြန့်လာပေမည်။ 
စီးပွား‌ရေးလုပ်ငန်းတစ်ခု၏  အနှစ်သာရမှာ ထုတ်ကုန်တစ်ခု သည် ဘေးအန္တရာယ်ကင်းရှင်းပြီး စားသုံးသူကို လုံခြုံမှုအပြည့်အဝ ပေးစေခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများသည်လည်း ထိုက်သင့်သော အကျိုးအမြတ်ဖြင့် လူမှုစီးပွားတိုးတက်စေခြင်း၊ ကုန်သွယ်ရောင်းဝယ် သည့် လုပ်ငန်းရှင်များသည်လည်း သင့်တင့်မျှတသော အကျိုးအမြတ် ရရှိစေခြင်း၊ မိမိစိုက်ပျိုးထုတ်ကုန် ထုတ်လုပ်ခြင်းဖြင့် သဘာဝပတ် ဝန်းကျင်ကို အားနည်းစေခြင်း စသည့်အချက်များကို အလေးထား လိုက်နာ၍ မြန်မာ့သရက်သီးထုတ်လုပ်မှုလုပ်ငန်း ပြည်တွင်း၊ ပြည်ပ ဈေးကွက်တွင်  ရေရှည်တည်တံ့ပါစေကြောင်း ရည်ညွှန်းရေးသားရ ပေသည်။

တင်ဌေး (တောင်ကြီး)