Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ အတက်အကျအနည်းငယ်သာရှိ

Tue, 08/29/2017 - 14:13 -- journal_editor

         ကမ္ဘာ့ရွှေဈေးရော ပြည်တွင်းရွှေဈေးပါ ဆက်တိုက်မြင့်တက်နေချိန်တွင် ပြည်တွင်းငွေလဲနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း ကလည်း ပြည်တွင်း ငွေလဲနှုန်းများသည် အတက်အကျ အနည်းငယ်သာရှိခဲ့သည့်နည်းတူ ယခုတစ်ပတ် တွင်လည်း ယခင်တစ်ပတ်ကအတိုင်းသာ ရှိခဲ့သည်။ ယခုတစ်ပတ်တွင် အမြင့်ဆုံးဈေးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ်(ရောင်းဈေး)အထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံးဈေးအဖြစ် ၁၃၅၄ ကျပ်အထိသာ ကျဆင်းခဲ့သည်။
       "ဒီတစ်ပတ်က ပြီးခဲ့တဲ့တစ်ပတ်က လိုပဲ အတက်အကျနည်းနည်းပဲရှိတယ်။ ဈေးကွက်ထဲမှာ ဝယ်လိုအား များရင်များသလို အတက်အကျရှိတယ်။ ဒါပေမယ့် သိပ်အတက်အကျမရှိတော့ ရောင်းရဝယ်ရတာ အဆင်ပြေပါတယ်။ နေ့စဉ်လိုလို အတက်အကျကတော့ နည်းနည်းစီရှိတယ်။ တစ်ကျပ်နှစ်ကျပ်လောက်ပါပဲ။ အမြင့်ဆုံးက ၁၃၅၇ ကျပ်အထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံးက ၁၃၅၄ ကျပ်အထိပဲ ကျခဲ့တာပါ။ ဒါကြောင့် သိပ်အတက်ကြီးမဟုတ်သလို အများ ကြီးလည်း ကျမသွားပါဘူး"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲစင်တာများတွင် သြဂုတ်၂၁ ရက်က အမေရိကန်တစ်ဒေါ်လာလျှင်  ရောင်းဈေး ၁၃၅၅ ကျပ်၊ ဝယ်ဈေး ၁၃၅၂ ကျပ်ရှိခဲ့ပြီး သြဂုတ်လ ၂၅ ရက် တွင် ရောင်းဈေး ၁၃၅၅ ကျပ်၊ ဝယ်ဈေး ၁၃၅၃ ကျပ်ရှိခဲ့သည်။

 

မယ်သီတာ