Main menu

Background

မြန်မာ့ဆန်စပါးနဲ့ ကမ္ဘာ့ဆန်ဈေးကွက်

Wed, 03/07/2018 - 16:02 -- journal_editor

မြန်မာ့ဆန်စပါး ပြည်ပတင်ပို့မှုသမိုင်း

            ဆန်စပါးဟာ မြန်မာနိုင်ငံရဲ့ အဓိကစားနပ်ရိက္ခာ (Staple Food)ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ အဓိကစားနပ်ရိက္ခာ (Staple Food) ကိုအလေးအနက်ထားကိုင်တွယ်ကြပြီး တချို့သော နိုင်ငံများတွင် (Political crop) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ လွန်ခဲ့သော ၃၃ နှစ်ခန့်က သီးနှံစီမံခန့်ခွဲမှု သင်တန်းတစ်ခုမှာ ဆန်အကဲဖြတ်အဖွဲ့ဝင် ဆရာကြီးဦးလှအောင်က "မင်းတို့ အရင်တွေ့ခဲ့ဖူးတဲ့ ကျည်ဆန်က တစ်ဖက်ပဲ ချွန်တယ်၊ အခု ထိတွေ့ကိုင် တွ ယ်ရမယ့် ဆန်စပါးက နှစ်ဖက်ချွန်ဖြစ်လို့ လုပ်ကိုင်ဆောင်ရွက်ရာမှာ တစ်ဖက်တည်း စဉ်းစားလို့မရဘူး၊ နှစ်ဖက်စလုံးအကျိုးရှိဖို့ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်တယ် (ဥပမာ - စားသုံးသူနဲ့ တောင်သူ၊ ပြည်တွင်းနဲ့ ပြည်ပ၊ စက်ပိုင်နဲ့ ဝန်ထမ်း)" ဆိုပြီး မှာကြားခဲ့ဖူးပါတယ်။ သမိုင်းအထောက် အထားများအရ ဗိဿနိုးမြို့ဟောင်းမှာ စပါးခွံပါတဲ့ အုတ်ကိုတွေ့ရပြီး၊ ဟန်လင်းမြို့ဟောင်း၊ သရေခေတ္တရာ မြို့ဟောင်းတွေမှာ ရိက္ခာဖူလုံဖို့ စပါးစိုက်ပျိုးတဲ့ အထောက် အထားတွေ့တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက မြန်မာနိုင်ငံ မှာဆန်စပါးကို စိုက်ပျိုးစားသောက်တဲ့ အလေ့အထရှိခဲ့ပါတယ်။

ရှေးဘုရင်များလက်ထက် ဆန်စပါးပြည်ပတင်ပို့မှု

          ဆန်စပါး ပြည်ပတင်ပို့မှုကို ဟံသာဝတီ ခေတ် (၁၂၈၇-၁၅၃၉) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော အီတလီလူမျိုး ဗာသီမာဆိုသူ၏ မှတ်တမ်းအရ ပဲခူးမှ မလက္ကာနှင့် ဆူမတြားကျွန်းများသို့ ဆန်စပါးများ တင်ပို့ရောင်း ချကြောင်း သိရှိရပါတယ်။ မလက္ကာမြို့ကို ပေါ်တူဂီများ ၁၅၁၁ ခုနှစ် သိမ်းစဉ်က မြန်မာနိုင်ငံကဆန်စပါးနှင့် ကုန်စည်တွေ လာရောင်းကြတဲ့ မြန်မာသင်္ဘောသား (သို့)ကုန်သည် ၃၀၀ ခန့် လောက်ရှိနေတယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။ ၁၇ ရာစု မှာတော့ ဒတ်ချ်တွေဟာ ရခိုင်၊ အင်းဝနဲ့ ပဲခူးဈေးကွက်တွေက ဆန် စပါးဝယ်ယူတယ်လို့ သိရပါတယ်။ ဒတ်ချ်ကုန်တိုက်များကို မြောက်ဦး မြို့တွင် ၁၆၂၄ ခုနှစ်၊ သန်လျင်နဲ့ အင်းဝမြို့တွေမှာ ၁၆၃၅ ခုနှ စ်မှာ ဖွင့်လှစ်ရောင်းဝယ်ကြတယ်လိ့ု ဆရာကြီး လူထုဦးလှရဲ့ ]စားစရာဆန်}  စာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒီအချိန်က ဆန်စပါးရောင်းဝယ်မှု ကို ဘုရင်တွေကိုယ်တိုင် ကိုင်တွယ်ကြပြီး၊ ဘုရင်မှခန့်အပ်သည့် ပွဲစားများက သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းကြရပါတယ်။ ဘယ်အချိန် ဘယ်ဈေးထားရမယ်ဆိုတာ ဘုရင်ကဆုံးဖြတ်ပြီး ပြည်တွင်းပိုလျှံမှု ကိုသာ ပြည်ပသို့ ရောင်းချစေပြီး ဈေးနှုန်းချိုးဖောက်တဲ့ ပွဲစားကို သေဒဏ်ပေးတဲ့အထိ အရေးယူတယ် လို့ သိရပါတယ်။ ဒီအချိန်က အများဆုံးတင်ပို့တာ မလက္ကာ၊ ဂျာဗားနဲ့ ဆူမတြားဒေသတွေဖြစ်ပြီး မြန်မာ့ဆန်စပါးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ ခန့်ကတည်းက ပင်လယ်ရပ်ခြား တိုင်းပြည်တွေကို ရောင်းချနေပြီလို့ ဆိုနိုင် ပါတယ်။

ကိုလိုနီခေတ်ဆန်ပြည်ပတင်ပို့မှု

     အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲ (၁၈၂၄-၂၅) အပြီးမှာ စစ်တွေ ဆိပ်ကမ်းကနေ နိုင်ငံခြားကုမ္ပဏီများက ပြည်ပကို ဆန်စပါးတင်ပို့မှု ကို စတင်ခဲ့ကြပါတယ်။ ၁၈၄၀ ခုနှစ်မှ ဆန်တန်ချိန် ၇၄၅၀၀ တင်ပို့ ခဲ့ပြီး ဥရောပဈေးကွက်၊ အာရှဈေးကွက် (၂) ပိုင်းစလုံး တင်ပို့ခဲ့ ပါတယ်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ၁၈၅၄-၅၅ ပြီးချိန်မှာ အောက်မြန်မာနိုင်ငံမှာစပါး စိုက်ပျိုးမှုတိုးလာလို့ တင်ပို့မှုလည်း တိုး တက်လာပါတယ်။ ၁၈၆၅ ခုနှစ်မှာ တန်ချိန် ၁ ဒသမ ၆ သိန်းကျော်၊ စူးအက်တူးမြောင်း ၁၈၆၉ ဖောက်လုပ်ပြီးနောက်ပိုင်း ၁၈၈၀ ပြည့်နှစ် မှ တန်ချိန် ၈ ဒသမ ၅ သိန်း တင်ပို့နိုင်ခဲ့ပါတယ်။ ၁၈၈၃ ခုနှစ်တွင် တွံတေးတူမြောင်းဖောက်လုပ်ခဲ့ပြီး ၁၈၉၀ ခုနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၁ သန်းကျော်အထိ တင်ပို့နိုင်ခဲ့ရာမှ ၁၉၀၀ ပြည့်နှစ်မှာတော့ တန်ချိန် နှစ်သန်းကျော်အထိ ဆန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆိပ်ကမ်း များလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် ပတ်ဝန်းကျင်က အဓိကတင်ပို့တဲ့ ဆိပ်ကမ်းတွေနဲ့ တင်ပို့တဲ့ ရာခိုင်နှုန်းတွေက ရန်ကုန် ၇၃ ရာခိုင်နှုန်း၊ ပုသိမ် ၁၂ ရာခိုင်နှုန်း၊ စစ်တွေ ၈ ရာခိုင်နှုန်းနဲ့ မော်လမြိုင် ၆ ရာခိုင်နှုန်း အသီးသီး ဖြစ်ကြပါတယ်။ ထားဝယ်နှင့် မြိတ်ဆိပ်ကမ်း တို့မှလည်း ၁ ရာခိုင်နှုန်းခန့် အနည်းငယ် တင် ပို့ပါတယ်။
           အလားတူ ဆန်စက်လုပ်ငန်းများလည်း ဖွံ့ဖြိုးလာပါတယ်။ စတင် ပြည်ပတင်ပို့စဉ်က လုံးတီးဆန်အဖြစ် တင်ပို့ကြပေမယ့် နောက်ပိုင်းဆန်စက်လုပ်ငန်းများ တိုးတက်လာပြီး ဆန်ဖြူ၊ ဆန်ကွဲနဲ့ ပြုတ်ဆန် (ပေါင်းဆန်) များကို တင်ပို့နိုင်တဲ့အပြင် အဆင့်မြင့်ဆန် အဖြစ် ဆန်ဖြူကို သိုးသားရေနှင့်ပွတ်ပြီး အရောင်တင် (Polish) ထား တဲ့ ဆန်များကိုပါ တင်ပို့နိုင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ် မဖြစ်မီကာလကမြန်မာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းမှာ ဥရောပတိုက်ဖြစ်ပြီး ဂျာမနီနိုင်ငံသည် မြန်မာ့ဆန်အများဆုံးဝယ်သောနိုင်ငံ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျာမနီလုပ်ငန်းရှင်ကြီးများက ဆန်စက်များကို တိုးချဲ့တည်ဆောက်လာကြရာ မြန်မာ့ဆန် စက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး ၁၉၁၈ ခုနှစ်တွင် ဆန်စက် ၃၃၂ လုံးရှိခဲ့ရာမှ ၁၉၃၀ ခုနှစ်မှာ ဆန်စက် ၆၁၃ လုံးထိ ရှိလာခဲ့ပါတယ်။ ပထမကမ္ဘာစစ်ပြီးတဲ့အချိန်မှာတော့ ဂျာမနီပိုင်ဆန်စက်များကို အင်္ဂလိပ်က သိမ်းပိုက်လိုက်ပါတယ်။ ၁၉၀၀ ပြည့်နှစ်ခန့်မှာ ခနောင်တို ဒေသမှာစတီး ဘရားသားကုမ္ပဏီက ၂၄ နာရီစပါးတန် ၁၅၀၀ ဆန် တန် ၁၀၀၀ ကြိတ်ခွဲနိုင်တဲ့ ဆန်စက်ကြီးကို တည်ဆောက်ခဲ့ပြီး အဲဒီအချိန်က ကမ္ဘာမှာအကြီးဆုံး ဆန်စက်ဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း ဗုံးကြဲခံရတဲ့အတွက် ပျက်စီးသွားကြောင်း သိရပါ တယ်။
         ကိုလိုနီခေတ်တွင် ဆန်စပါးဖွံ့ဖြိုးရေးအတွက် သယ်ယူပို့ ဆောင်ရေးကဏ္ဍတွင် ရေလမ်း (တူမြောင်းများအပါအဝင်)၊ ရထား လမ်းများကို အဓိက အသုံးပြုခဲ့ပါတယ်။ ငွေကြေးကဏ္ဍ အထောက် အကူဖြစ်စေရန်အတွက် ဘဏ်များကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့ရာ ၁၈၆၂ ခုနှစ်၌ ဘင်္ဂလားဘဏ်၊ သြစတြေးလျဘဏ်၊ တရုတ်ချာတာ ဘဏ်နှင့် ဥရောပဘဏ်များကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်က မြန်မာနိုင်ငံတွင် စုစုပေါင်းဘဏ် ၃၃ ခုအထိ ရှိခဲ့ပါတယ်။ တောင်သူ များသို့ ငွေချေးရန်အတွက် ငွေချေးလုပ်ငန်းတွင် ကျွမ်းကျင်သူချစ်တီး များကို ဒေသအနှံ့ဖြန့်ကြက် လုပ်ကိုင်စေခဲ့ပါတယ်။ အမတော်ကြေး များလည်း ထုတ်ချေးပေးခဲ့တဲ့အပြင် အချို့ဘဏ်များသည် ငွေေြ ကးများကို ချစ်တီးများမှတစ်ဆင့် ထုတ်ချေးစေခဲ့ပါတယ်။ ၁၉၂၇-၂၈ ခုနှစ်တွင် ဆန်စပါးတန်ချိန် ၃ ဒသမ ၁ သန်းထိ စတင်တင်ပို့နိုင်ခဲ့ပြီး ၁၉၃၄-၃၅ ခုနှစ်တွင် ဆန်စပါးတန်ချိန် ၃ ဒသမ ၅၉ သန်းထိ စံချိန်တင် တင်ပို့နိုင်ခဲ့ရာ ထိုအချိန်က ကမ္ဘာ့ဆန်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီး ကမ္ဘာ့နံပါတ် (၁) ဆန်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဆန်တင်ပို့မှုရပ်ဆိုင်းခဲ့ပါတယ်။ စစ်ကြီး ပြီးလို့ ၁၉၄၆ ခုနှစ်မှာ ဆန် တန်ချိန် နှစ်သိန်းစတင်တင်ပို့ခဲ့ပြီး ၁၉၄၇-၄၈ လွတ်လပ်ရေးရမယ့် နှစ်မှာ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းအထိ တင်ပို့နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှစ၍ လွတ်လပ်ရေးရချိန်အထိ မြန်မာ့ ဆန်စပါးကဏ္ဍ ကို နိုင်ငံခြားဆန်စပါးကုမ္ပဏီများကသာ လွှမ်းမိုးခဲ့ကြ ပြီး ၁၉၂၁ မှာ နိုင်ငံခြားကုမ္ပဏီကြီး လေးခု ပူးပေါင်း၍ ဘူလင်ဂျာပူး (Bullinger Pool) ကို ဖွဲ့စည်းပြီးလက်ဝါးကြီးအုပ် စိတ်ကြိုက်ခြယ် လှယ်ခဲ့ကြရာမှ အကျိုးဆက်အနေနဲ့ ပြည်တွင်း စပါးဈေးတွေ အလွန်အမင်းကျဆင်းခဲ့ပြီး တောင်သူများ စားဝတ်နေရေးကျပ်တည်းလာရာမှ သာယာဝတီခရိုင်တွင် ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါက်ပေါက်လာခဲ့ရပါတယ်။

လွတ်လပ်ရေးရပြီးခေတ်

       လွတ်လပ်ရေးရသည့်အချိန်တွင် မြန်မာ့ဆန်စပါးလောကကို  နိုင်ငံခြားကုမ္ပဏီများ လွှမ်းမိုးမှုမှ မြန်မာ့ဆန်စပါးလုပ်ငန်းရှင်များမှ  ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေး အဖွဲ့ (SAMB)ကို (၁၄. ၁၁.၁၉၄၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ လွတ်လပ်ရေးပြီး(၁)နှစ်အတွင်း မြန်မာ့ဆန်စပါးကဏ္ဍ၏ ၇၅ ရာခိုင် နှုန်းကို တိုင်းရင်းသား လုပ်ငန်းရှင်များက ဆောင် ရွက်လာနိုင်ပြီး ပြည်ပဆန်တင်ပို့မှုတန်ချိန် ၁ သန်းနှင့် ၂ သန်းကြား တင်ပို့နိုင်ခဲ့ရာ ၁၉၆၅-၆၆ ခုနှစ်အထိ ၁ သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။

ဆန်စပါး လုပ်ငန်းပြည်သူပိုင်ပြုလုပ်ခြင်းနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးခြင်း

      ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစ၍ ဆန်စပါး ဝယ်၊ သယ်၊ သို၊ ကြိတ်၊ ဖြန့် လုပ်ငန်းအားလုံးကို အစိုးရက တာဝန်ပေး သောဌာနမှလွဲ၍ အခြားမည်သူမှ လုပ်ပိုင်ခွင့်မရှိကြောင်း ကြေညာခဲ့ပါတယ်။ ဆန်စပါးကို အစိုးရ မှ တိုက်ရိုက်ကိုင်တွယ်ခြင်း၊ စပါးဈေးနှုန်းကို သတ်မှတ်ဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့၍ ဆန်စပါး ထုတ်လုပ် တင်ပို့မှုများ လျော့နည်းလာပါတယ်။ ၁၉၆၆ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများ တွင် ရာသီဥတုဖောက်ပြန်မှုများဖြစ်ခဲ့ပြီး မြန် မာနိုင်ငံတွင် ဆန်ထုတ် လုပ်မှုတန်ချိန် ၄ ဒသမ ၆ သန်းမှ ၃ ဒသမ ၈ သန်းထိ ကျဆင်းခဲ့ရာ တာဝန်ရှိသူများရဲ့ စီမံကိုင်တွယ်မှု ချွတ်ယွင်းချက်များကြောင့် ၁၉၆၇ ခုနှစ်တွင် ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အချို့ဒေသတွင် ဆန်ရှားပါးမှုများ၊ ပြတ်လပ်မှုများဖြစ်၍ လုယက်မှုများအထိ ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ၁၉၈၇-၈၈ ခုနှစ်တွင်လည်း ဆန်စပါးကဏ္ဍတွင် အစိုးရဌာနက သီးနှံအခွန်သာ ကောက်ခံစေပြီး သမဝါယမကဏ္ဍသို့ တိုက်ရိုက် ကိုင်တွ ယ်စေခဲ့ရာ လုပ်ငန်းကျွမ်းကျင်မှုနှင့် အချင်းချင်း ချိတ်ဆက်မှု အားနည်းခဲ့၍ ပြည်သူလူထုသို့ ဖြန့်ဖြူးရာမှ ဆန်ပြတ်လပ်မှုများဖြစ် ခဲ့ပြီး သမဆိုင်တွင် ဆန်တစ်ပြည် နှစ်ကျပ်ကျော်ဖြင့် ရောင်းချရာမှ  ပြင်ပဈေးကွက်တွင် ၅/၆ ဆ အထိ ဖြစ်လာပြီး ပြည်သူများ စားရေး အခက်အခဲရှိလာကာ ထိုအချိန်က အထွေထွေမကျေနပ်မှုကြီးကို ပိုမိုကြီးထွား ပေါက်ကွဲစေခဲ့ပါသည်။

၁၉၈၈ နောက်ပိုင်းကာလ

        ၁၉၈၉ ခုနှစ်နောက်ပိုင်း တောင်သူများထံမှ တစ်ဧကလျှင် အများဆုံး ၁၂ တင်းထိ သတ်မှတ်၍ သတ်မှတ်ဈေးဖြင့် ဝယ်ယူ၍ သတ်မှတ်အင်အားစုများသို့ သတ်မှတ်ဈေးဖြင့် ရောင်းပေးခြင်း၊ ပိုလျှံသည်ကို ပြည်ပတင်ပို့ခြင်း များအား မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး (MAPT)က ဆောင်ရွက်ပြီး ကျန်ဆန်စပါးများ ကို ပြည်တွင်းတွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ပါတယ်။ ၂၃.၄.၂၀၀၃ ရက်နေ့တွင် နိုင်ငံတော်၏ဆန်စပါးရောင်းဝယ် မှုမူဝါဒသစ်ကို ကြေညာ၍ ၂၀၀၃-၀၄  စပါးရာသီမှစပြီး အစိုးရက တိုက်ရိုက်ဝယ်ယူခြင်း မပြုတော့ဘဲ ပုဂ္ဂလိကသို့ လွတ်လပ်စွာရောင်း ဝယ်ဖောက်ကားခွင့် ပြုခဲ့ပါတယ်။ အစပိုင်းတွင် ပြည်ပတင်ပို့ခြင်းကို မြန်မာနိုင်ငံဆန်စပါး ရောင်းဝယ်ရေး ဦးဆောင်အဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး  ၂၀၀၆-၀၇ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁၄၀၀၀ ခန့်သာ တင်ပို့နိုင် ခဲ့ရာတွင် ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှစ၍ ပုဂ္ဂလိကကို အပြည့်အ၀ ပြည်ပတင်ပို့မှု လုပ် ကိုင်ခွင့်ပြုခဲ့၍ ဆန်တန်ချိန် ၃ ဒသမ ၆ သိန်းထိ ပြန်လည် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် နယ်စပ် ဒေသမှ တင်ပို့ခြင်းကိုပါ တရားဝင်ခွင့်ပြုပေးခဲ့ရာ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ၁၁ လအတွင်း တန်ချိန် ၃ ဒသမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့၍  ယခု ဘဏ္ဍာနှစ် တင်ပို့နိုင်မှုသည် ၁၉၃၄-၃၅ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၇၃ နှစ်အတွင်း အများဆုံး စံချိန်တင် တင်ပို့နိုင်မှုဖြစ်ပါတ ယ်။

မြန်မာ့ဆန်ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည့်အချက်များ

          မြန်မာနိုင်ငံ၏ ဆန်စပါး အခြေခံမူမှာ ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ ပိုလျှံသည်များ ပြည်ပတင်ပို့ရန်ဖြစ်ပါတယ်။ သို့ဖြစ်၍ ပြည်တွင်းဆန်စပါး ဖူလုံမှုထက် ပိုလျှံစေရေးတွင် အောက်ပါအချက်များသည် အဓိကဖြစ်သည် ဟု သုံးသပ်ရရှိရပါတယ်-
    (၁)    တောင်သူများဆန်စပါးထုတ်လုပ်မှုအပေါ် စိတ်အားထက် သန်ခြင်း၊
    (၂)    ရာသီဥတုမှန်ကန်ခြင်း၊
    (၃)    စပါးသီးနှံနှင့် ရာသီတူအခြားသီးနှံများ၏ တောင်သူအကျိုး အမြတ် လျော့နည်းသွားခြင်း (ဥပမာ-မတ်ပဲ) ၊
    (၄)    စိုက်ပျိုးစဉ် စိုက်ပျိုးမှုနည်းစနည်းမှန်ကန်ကောင်းမွန်ခြင်း၊ ရိတ်သိမ်း ခြွေလှေ့ပြီးနောက်ပိုင်းအလေအလွင့် (Post- Harvest Losses) လျော့နည်းသွားခြင်း၊  
    (၅)    လူတစ်ဦးစားသုံးမှုနှုန်း လျော့နည်းသွားခြင်း၊
    (၆)    ပြည်တွင်း ဆန်ဈေးနှုန်း ကောင်းမွန်ခြင်း၊
ဆန်ပိုလျှံမှုအပေါ် ပြည်ပသို့ ပိုမိုတင်ပို့နိုင်မှုမှာ အောက်ပါ အချက်များအပေါ်တွင် မူတည်သည်ဟု သုံးသပ်ရရှိပါတယ်-
    (၁)    ကမ္ဘာ့ဆန်ဈေးနှုန်း၊
    (၂)    ပြည်တွင်းဆန်စပါးဈေးနှုန်း၊
    (၃)    မြန်မာငွေနှင့် နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း၊
    (၄)    ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တစ်လျှောက် Stakeholders အားလုံး တွက်ချေကိုက်မှုရှိခြင်း၊
    (၅)    ကမ္ဘာ့ဆန်စားသုံးနိုင်ငံများ၏ ရာသီဥတုအခြေအနေနှင့် ဈေးကွက်လိုအပ်ချက်၊
    (၆)    နိုင်ငံတကာ စီးပွားဆက်ဆံမှု အခြေအနေကောင်းရှိခြင်း၊

ပြည်ပဆန်တင်ပို့မှု အခြေအနေတည်ငြိမ်နိုင်ရေး ဆောင်ရွက်သင့်သည့် အစီအစဉ်များ

မြန်မာနိုင်ငံတွင် ဆန်စပါးကဏ္ဍ တည်ငြိမ်စေရေးအတွက် အစိုးရ ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership -PPP) လုပ်ငန်းစဉ်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါတယ်-
    (က)   ဆန်စပါးအရည်အသွေးနှင့် ထုတ်လုပ်မှုကို သိသာစွာ မြှင့် တင်သွားရန်၊
    (ခ)    အခြေခံအဆောက်အဦများ တိုးချဲ့ခြင်းနှင့် ကုန်ကျစရိတ် လျှော့ချနိုင်မည့်နည်းလမ်းများ စီစဉ်ဆောင်ရွက်သွားရန်၊
    (ဂ)    ပို့ကုန်ဈေးကွက်အတွင်း  အရည်အသွေးအရ၊  ဈေးနှုန်းအရ၊ ဈေးကွက်လိုအပ်ချိန်အရ  ယှဉ်ပြိုင်နိုင်မည့်  နည်းလမ်းများ ဖော်ထုတ်စီစဉ်သွားရန်၊
    (ဃ)    စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် သင့်တင့်မျှတ သည့် ဈေးနှုန်းဖြစ်စေရေးနှင့်  မစိုက်ပျိုးမီကာလပင်  ဈေးနှုန်း ခန့်မှန်း သိရှိနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊
    (င)    ဆန်စပါးလက်ကား ကုန်စည်ဒိုင်များတွင်  စနစ်မှန်ကန်ပြီး  အာမခံချက်ရှိသည့် ပုံစံများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရန်၊
    (စ)    ပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းပါဝင်၍ အရန်ဆန်ကိုပါ  ကိုင် တွယ်နိုင်မည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း၍ ပြည်တွင်း ဆန်စပါး ကဏ္ဍကို ထိန်းကျောင်းဆောင်ရွက်ရန်၊
    (ဆ)    စိုက်ပျိုးထုတ်လုပ်သူနှင့် ပြည်ပတင်ပို့သူကြားတွင် အဆင့် များ လျော့နည်းသွားရန်နှင့် အရည်အသွေးမြှင့်တင်နိုင်ရန် အတွက် (Contract Farming)များ ဒေသအလိုက် ပေါ်ပေါက် လာစေရေး စီစဉ်ဆောင်ရွက်ရန်၊ (ယခင်က ဒေသအလိုက် ဆန်စပါးအထူးပြုကုမ္ပဏီများ ဖွဲ့စည်းဆောင်ရွက်ခဲ့မှုများ ရှိခဲ့ပါတယ်။)

 

မောင်တိုးအောင်