Main menu

Background

ထုပ်ပိုးမှုအဆင့် မြှင့်တင်ရန် လိုအပ်လျက်ရှိသော မြေပဲဆားလှော်

Mon, 01/13/2020 - 13:50 -- journal_editor

       မြန်မာနိုင်ငံတွင် နှစ်စဉ် မြေပဲစိုက်ဧက ၂၃ သိန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အနက်  စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ဧကခုနစ်သိန်းကျော်စိုက်ပျိုးမှုရှိပြီး ပျမ်းမျှအထွက်နှုန်း ၅၀ တင်းထွက်ရှိကာ သုံးစွဲမှုကိုနုတ်ပြီးပါက တန်ချိန်သုံးသိန်းကျော်ပိုလျှံသည်ကို ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချလျက်ရှိပါသည်။  မုံရွာခရိုင်တွင် စိုက်ဧက ခုနစ်သောင်းကျော်ရှိသည့် အနက် ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ လက်ရှိ မြေပဲလုံးဆန်   တစ်တင်းဈေးနှုန်းမှာ ကျပ် ၅၃၀ဝ၀ ဖြစ်ကာ မြေပဲဆန်ကို စားသုံးဆီကြိတ်ခြင်း၊ လက်ဖက်အကြော် တွင်သုံးစွဲခြင်း၊ မုန့်လုပ်ငန်းသုံးစွဲခြင်းအပြင် မုံရွာမြို့နယ်အနေဖြင့် သုံးအား အကောင်းဆုံးမှာ မြေပဲဆားလှော် ထုတ်လုပ်သည့်လုပ်ငန်းများမှဖြစ်ကြောင်းတွေ့ရသည်။

      မုံရွာမြေပဲဆားလှော်မှာ ဒေသထွက်  ကုန်လက်ဆောင်တစ်ခုအဖြစ် နာမည်ကျော်ကြား သည်။ မုံရွာမြို့နယ် မအူကျေးရွာမှ အဓိကထုတ်လုပ်လျက်ရှိကာ မြေပဲဆားလှော်လုပ်ငန်းရှင် ၁၆ ဦးခန့်ရှိပြီး တစ်နေ့လျှင် ပျမ်းမျှမြေပဲ တင်း ၃၀ဝ ခန့်ကိုဆားလှော်ပြီး မြေပဲဆားလှော်ထုတ်လုပ် နိုင်သည်။ မုံရွာ မြေပဲဆားလှော်များကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်ဘက်နှင့် တိုင်းတွင်း ကလေး၊ တမူးမြို့များသို့တင်ပို့ရောင်းချရသည်။ မုံရွာ-မန္တလေး ကားလမ်းဘေး မအူကျေးရွာ၏ ရွာထိပ်တွင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်းနှင့် တန်ခိုးကြီးဘုရားဈေးဆိုင်ခန်း များတွင်လည်း အမြဲမပြတ်ရောင်းချလျက်ရှိသည်။  ပြည်တွင်း၊ ပြည်ပခရီးသွားများသည် မတူကွဲ ပြားသည့် အရပ်ဒေသ၏ ရိုးရာအစားအသောက်များကို စိတ်ဝင်စားကြသဖြင့် မုံရွာမြေပဲဆား လှော်ဆိုင်တန်းသည်  င်္သသိ ွှသကမငျာ ကို အထောက်အကူပြုလျက်ရှိသည်။ မြေပဲဆားလှော် အတွက် ကုန်ကြမ်းမှာ မြေပဲ၊ ဆားနှင့် လျှပ်စစ်(သို့မဟုတ်) ထင်းမီးသွေး လောင်စာများပင်ဖြစ် သည်။ မြေပဲဆားလှော်ရန်အတွက်ရွေးကျအသေးများကို မုန့်နှစ်ဖြင့်ကြော်သည့် မြေပဲကြက်ဥ အဖြစ် ထုတ်ကုန်တစ်မျိုးထုတ်လုပ်ရောင်းချသည်။

       မြေပဲဆားလှော်ထုတ်လုပ်ပုံကိုလေ့လာပါက မြေပဲလုံးဆန်များကို ဖုန်၊ သဲ၊ ခဲ များကို ဖယ် ထုတ်သန့်စင်ပြီး အရွယ်ညီအောင်ဆန်ခါချရွေး၍ ရေနွေးပွက်ပွက်ဆူတွင်ထည့်ပြုတ်ကာ အခွံရှုံ့ လာပါက ဆယ်ယူနေလှန်း ခြောက်အောင်ပြုလုပ်ရပါ သည်။ ထို့နောက် မြေပဲနှစ်ပြည်လျှင် ဆား ၇၅ ကျပ်သားနှုန်းဖြင့် ဒယ်အိုးထဲထည့်လှော်ကာ အဆက်မပြတ် မွှေပေးရပါသည်။ ယခင်က လူအင်အားဖြင့် ယောက်မအကြီးများဖြင့်မွှေကြပြီး ယခုအခါ မွှေသည့်စက်ဒလက်များဖြင့် မွှေ ကြပါသည်။ မြေပဲတစ်တင်းလှော်လျှင် မြေပဲဆားလှော်တစ်တင်းခန့်ပြန်လည်ရရှိရာ ဆားလှော် တစ်ပြည်လျှင် ၃၅၀ဝ ကျပ်ဖြင့် တစ်တင်းလျှင် ပျမ်းမျှ ကျပ် ၁၀ဝ၀ အမြတ်ရရှိကြောင်းသိရပါသည်။ ကယ်လိုရီ ၊ ပရိုတင်း၊ အဆီဓာတ်၊ ထုံးဓာတ် စသည့် အာဟာရဓာတ်များပြည့်စုံစွာ ပါဝင် သောမြေပဲကို ပြည်ပနိုင်ငံအသီးသီးတွင်  တန်ဖိုးမြှင့်ထုတ်လုပ်ပြီး အစေ့အဆန်အာဟာရ အဆာပြေစားစရာနှင့် မြေပဲထောပတ်တို့မှာ အဆင့်မြင့်ထုပ်ပိုးမှုဖြင့် ဈေးကွက်ဝင်လျက်ရှိသည် ကို  တွေ့ရသည်။ တရုတ်နိုင်ငံတွင် မြေပဲဆားလှော်ကို ရိုးရာစားစရာတစ်ခုအဖြစ် ထုတ်လုပ် စားသုံးကြောင်းသိရသည်။ မြေပဲဆားလှော်ကို မုံရွာအပြင် ပြည်၊ အောင်လံနှင့် နေပြည်တော် တို့တွင်လည်း ထုတ်လုပ်ကြကြောင်းတွေ့ရသည်။ သို့ရာတွင် မြန်မာမြေပဲဆားလှော်သည် ပြည် တွင်းဈေးကွက်သာရှိပြီး ပြည်ပဈေးကွက်မဝင်သေးကြောင်းတွေ့ရရာ အားနည်းချက်များအနေ ဖြင့် ထုပ်ပိုးမှုကို ရိုးရိုးပလတ်စတစ်အိတ်ဖြင့်သာ ထည့်သွင်းထုပ်ပိုးနေသဖြင့် ထုပ်ပိုးမှုခေတ် မမီခြင်း၊ ပိုမိုတာရှည်ခံသည့် နည်းစနစ်လိုအပ်ခြင်း၊ ပြည်ပဈေးကွက် လိုအပ်ချက်အရည်အသွေး ကိုလေ့လာထုတ်လုပ်ရန်လိုအပ်ခြင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ စသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရန်လိုအပ်ခြင်းတို့ကို တွေ့ရှိရပါသည်။  ကမ္ဘာ့ ကုန်သွယ်ရေးတွင် စားသုံးဆီအပြင် အစားအစာသီးနှံအဖြစ် မြေပဲ၏ အရေးပါမှုသည် တိုးတက်လာလျက်ရှိသည်နှင့်အညီ မြန်မာ့ထုတ်ကုန် မြေပဲဆားလှော်လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရေး သတိပြုတင်ပြလိုက်ပါသည်။

 

ရီလင်းထွဋ်(မုံရွာ)