Main menu

Background

ဒေသဆိုင်ရာ အညွှန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

Thu, 02/02/2023 - 15:44 -- journal_editor

ဒေသဆိုင်ရာအညွှန်း  (Geographical Indications, GIs) နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက်  နံနက် ၁၀ နာရီ တွင် နေပြည်တော် ရုံးအမှတ် (၅၂)ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   မူပိုင်ခွင့် ဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။ 
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် သမဝါယမဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒေသဆိုင်ရာ အညွှန်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့ များမှ  ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီး/  ပြည်နယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာအညွှန်း  အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့်  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ(၂၀၁၉)ပါ  ပြဋ္ဌာန်းချက်များကို အခန်းတစ်ခန်းဖြင့်  သတ်မှတ်ဖော်ပြပေးထားကြောင်း၊ အဆိုပါ ဒေသဆိုင်ရာ အညွှန်းပြဋ္ဌာန်းချက်များကို  အကောင်အထည်ဖော်ရန်အတွက် ဒေသဆိုင်ရာ အညွှန်းနည်းဥပဒေကိုလည်း သီးခြားရေးဆွဲ  ပြဋ္ဌာန်းကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်နှင့် ဒေသဆိုင်ရာ အညွှန်း အကာအကွယ်ပေးခြင်းတို့တွင် သက်တမ်း၊ ပိုင်ဆိုင်သူ စသည့် မတူညီသောအချက်များ  ပါဝင်ခြင်းကြောင့်  အချို့သောနိုင်ငံများ၌ ဒေသ ဆိုင်ရာအညွှန်းနှင့်  စပ်လျဉ်းသည့်   ဥပဒေကို သီးသန့်ပြဋ္ဌာန်း  ဆောင်ရွက်နေကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ မူပိုင်ခွင့် စနစ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ ဒေသဆိုင်ရာအညွှန်း၏ အခန်းကဏ္ဍသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကအားထားရသည့် ပြည်တွင်းထုတ်ကုန်များ၏တန်ဖိုးကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ၂၀၁၅  ခုနှစ်မှစတင်ပြီး ဒေသဆိုင်ရာ အညွှန်းနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်ခြင်း၊  သင်တန်းများ  တက်ရောက်စေခြင်းနှင့် ဒေသဆိုင်ရာ အညွှန်းစီမံကိန်းများကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများကို  ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒေသ ဆိုင်ရာအညွှန်း  ပြဋ္ဌာန်းချက်များကို  အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရန်အတွက် နည်းဥပဒေ(မူကြမ်း)အပါအဝင်   by-Laws များကို ပြင်ဆင်ရေးဆွဲလျက်ရှိရာ ယခုဆွေးနွေးပွဲတွင် ဒေသဆိုင်ရာ အညွှန်းအဖြစ် မှတ်ပုံတင်နိုင်ရန် အတွက်  လိုအပ်မည့်အချက်များနှင့်  ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် မူပိုင် ခွင့်ဦးစီးဌာနက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများကိုလည်း သိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးပေးသွားမှာ  ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်  ပူးပေါင်း၍  မြန်မာနိုင်ငံမှ ထုတ်ကုန်များကို ဒေသဆိုင်ရာ အညွှန်းကုန်ပစ္စည်း များအဖြစ် မှတ်ပုံတင်နိုင်ရေး ကြိုတင်ပြင်ဆင်ထား နိုင်ရန် ပရောဂျက်တစ်ခုကို  ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး၊ ရွှေဘိုပေါ်ဆန်းGI ရရှိရေး  စီမံကိန်းမှ အတွေ့အကြုံဗဟုသုတများကို  ယခုဆွေးနွေးပွဲတွင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်  တင်ပို့ ရောင်းချသူများအသင်းမှ   တာဝန်ရှိသူများက မျှဝေပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်းအားဖြင့် မူပိုင်ခွင့်စနစ်၏ အကျိုးကျေးဇူးများကို သိရှိနားလည်ကြပြီး ပြည်တွင်းထုတ် ကုန်များ ဒေသဆိုင်ရာအညွှန်း  မူပိုင်ခွင့်အကာအကွယ် ရယူထားခြင်းဖြင့် မိမိတို့၏အကျိုးစီးပွားများ တိုးတက်ရရှိနိုင်စေမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၊ အသင်းသူ/အသင်းသားများအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဗဟုသုတများရရှိပြီး လုပ်ငန်းများအား မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ရေးနှင့် မူပိုင်ခွင့်ချိုးဖောက်မှုမှ အကာအကွယ် ရရှိစေရေး ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ်အတွင်း ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်  မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမော်က ဒေသဆိုင်ရာ အညွှန်း  သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊  ဒုတိယညွှန်ကြားရေးမှူး ဦးနေအောင်မျိုးက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက ရွှေဘိုပေါ်ဆန်း GI  ရရှိရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍   ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြ သူကိုယ်စားလှယ်များက   သိရှိလိုသည်များကို မေးမြန်းကြပြီး မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ 
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ ဒေသဆိုင်ရာအညွှန်း သည် မူပိုင်ခွင့်ဆိုင်ရာတွင် ပါဝင်လျက်ရှိပြီး  ဒေသအတွင်းရှိ ထင်ရှားကျော်ကြားပြီးသော  ဒေသထွက် ကုန်များကို Value added ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်လျက်ရှိကြောင်း၊   မိမိတို့ဒေသအတွင်းမှ ထုတ်ကုန်များကို   မိမိတို့နိုင်ငံတွင်  ဒေသဆိုင်ရာ အညွှန်း    မူပိုင်ခွင့်အကာအကွယ်ရယူပြီးမှသာ အခြားသောနိုင်ငံများတွင်  မှတ်ပုံတင်လျှောက် ထားနိုင်မည်ဖြစ်ကြောင်း၊ GI ၏ သဘောသဘာဝသည် အများအကျိုးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊  ဒေသအတွင်းရှိ အောင်မြင်ကျော်ကြားပြီးသော ထုတ်ကုန်များ၊ အလားအလာရှိသော ထုတ်ကုန်များကို ဖော်ထုတ်ခြင်းအားဖြင့်  ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်GI Protection ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ Potential Product survey ကို  ပြင်သစ်အစိုးရဖြင့်  ပူးပေါင်းဆောင်ရွက်ခဲ့ရာ  မြန်မာနိုင်ငံ၏  ထုတ်ကုန်များကို  အဆင့်ဆင့်ရွေးချယ်၍ အလားအလာ အကောင်းဆုံးထုတ်ကုန် ၁၀ ခုအနက် ပထမဆုံး အနေဖြင့် ရွှေဘိုပေါ်ဆန်းကို GI  အဖြစ်စတင် ရရှိနိုင်ရန် ရွေးချယ်၍  ရွှေဘိုပေါ်ဆန်း စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့်  ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   ရွှေဘို ပေါ်ဆန်းသာမက   မြန်မာနိုင်ငံအတွင်းရှိ အခြားသောဒေသထွက်ကုန်များသည်လည်း  အလားအလာရှိသော ထုတ်ကုန်များဖြစ်ကြောင်း၊GI Protection  ရရှိထားခြင်းဖြင့်  ဒေသထွက်ကုန်များမှ   အကျိုးအမြတ်များ   ရရှိမည်ဖြစ်ပြီး  နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မည့်အပြင်  အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ ရရှိမည်ဖြစ်ကြောင်း၊GI   ထုတ်ကုန်များ ထွက်ပေါ်လာနိုင်ရေး အသိပညာပေးအစီအစဉ်များ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် Project Design တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ Design  အရ GI နှင့်ပတ်သက်သည့် ဆောင်ရွက်ခဲ့သည်များကို  သုံးသပ်သွားမည်ဖြစ် ကြောင်း၊ GI  ထုတ်ကုန် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနိုင်ရေးအတွက်  သက်ဆိုင်ရာကဏ္ဍအသီးသီးရှိ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  ပြောကြားခဲ့ သည်။ 
IP