Main menu

Background

သက်မွေးပညာ ကြိုးစားရှာ မြှင့်တင်ရမည့် လူမှုဘဝ

Sat, 02/04/2023 - 22:55 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးရေးနှင့် ပန်းပုံရိုက် အခြေခံသင်တန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် “အန္တရာယ်ရှိသော  အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများ ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးဆောင်ရွက်ရန်”ဟု ပါရှိသည့်အတွက် ယနေ့ခေတ် လူငယ်များအတွက် ထိရောက်မှုရှိပြီး အလုပ်အကိုင်ဈေးကွက်များရှိတဲ့ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အရွယ်ရောက်ပြီးသော လူငယ်တိုင်း ကျွမ်းကျင်မှုအတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်စေလိုသည့်ဆန္ဒဖြင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်း၍ လူငယ်များ၏ အသက်မွေးဝမ်းကျောင်းအတွက် တိုင်းဒေသကြီးမှလည်း ငွေကြေးနှင့် အခြားလိုအပ်ချက်များကိုလည်း တတ်နိုင်သရွေ့ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်အတွင်း သက်မွေးပညာသင်တန်း လေးကြိမ်ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း သက်မွေးပညာသင်တန်း ငါးကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း လက်မှု ပညာရပ်တစ်ခုဖြစ်သည့် ဆေးရေးနှင့်ပန်းပုံရိုက် အခြေခံသင်တန်းမှာလည်း မန္တလေးမြို့၏ ရိုးရာအတတ်ပညာတစ်ခုဖြစ်သည့်အတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်ရည်ရွယ်၍  ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခြေခံအဆင့်ကို တက်ရောက်မည့် သင်တန်းသားများအနေဖြင့် အခြေခံအဆင့်မှတစ်ဆင့် ကျွမ်းကျင်သည့်အဆင့်ထိရောက်ရှိအောင် ကြိုးစားကြစေလိုကြောင်း၊ မိမိ၏လုပ်ငန်းခွင်တွင် အထောက်အကူဖြစ်ပြီး မိမိကိုယ်တိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို  ထူထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ဒုတိယကျောင်းအုပ်ကြီးက ယခုကာလကို ဖွင့်လှစ်မည့်ဆေးရေးနှင့် ပန်းပုံရိုက် အခြေခံသင်တန်းသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အလွန်အောင်မြင်ခဲ့သည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ အမရပူရမြို့နယ်ရှိ အမျိုးသမီးငယ်အများစုမှာ ရက်ကန်းစင်မှချသည့် အထည်များပေါ်တွင် ဈေးနှုန်းမြင့်မားသည့် လွန်းရာကျော်ချိတ်အဆင်များ၊ အတိုင်း တန်ဆာဆင်သည့်လုပ်ငန်းများ၊ အထည်ဆေး ရေးချယ်သည့်လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း၊ အချိန်အတိုင်းအတာတစ်ခုထိ အောင်မြင်တွင်ကျယ်ခဲ့ရာမှ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး ယခုအချိန်တွင် (Souvenir shops) အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင် များပြားလာခြင်း၊ လူအများက Hand made ပစ္စည်းများ နှစ်သက်လာကြခြင်းများကြောင့် ဆေးရေးနှင့်ပန်းပုံရိုက်လုပ်ငန်းများ ပြန်လည်ဦးမော့လာခဲ့ကြောင်း၊ ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းသို့ တက်ရောက်သူများပါကြောင်း၊ အများစုမှာ အဝတ်အစား ချုပ်လုပ်ရောင်းချသည့် ဒီဇိုင်နာများ၊ Hand made ပြုလုပ်ရောင်းချသည့် လုပ်ငန်းရှင်များလည်း တက်ရောက်ကြကြောင်း၊ လုပ်ငန်းရှင် ထုတ်လုပ်သူများက အလုပ်သမားအများစုကို ငှားရမ်း၍ လုပ်ကိုင်ရခြင်းကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊မိသားစုဝင်များမှသော်လည်းကောင်း၊ ကိုယ်တိုင်တတ်ကျွမ်းမှသာ လုပ်ငန်းဆောင်ရွက်ရာ၌ တွင်ကျယ်မှု၊ ကျွမ်းကျင်မှုများရှိလာရန် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ အဝတ်အထည်တစ်ခုလုံးအပေါ်မှာ ဆေးရေး၊ ပန်းပုံရိုက်ခြင်း မဟုတ်ဘဲ အဝတ်အစား ချုပ်သည့်အပေါ်တွင် တစ်စိတ်တစ်ဒေသ ရေးခြယ်ခြင်း၊ အမှတ်တရအိတ်များပေါ်တွင် ရေးခြယ်ခြင်း၊ ရာသီအလိုက် ပန်းများ၊ ဒေသအလိုက် သင်္ကေတများ၊ အသေးအမွှားပစ္စည်းကအစ ထုတ်လုပ်လာနိုင်သည့်ပညာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လျာထားချက်များရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စက်ချုပ်အဆင့်မြင့်သင်တန်း၊ ဆံပင်မိတ်ကပ်အလှပြင်သင်တန်း၊ အိမ်တွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်း၊ သဘာဝဆေးဆိုး သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား/သူ ၁၂ ဦး တက်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိခဲ့ပြီးဖြစ်သည်။ ယခုဖွင့်လှစ်သည့် ဆေးရေးနှင့် ပန်းပုံရိုက်အခြေခံသင်တန်းအား တစ်ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦး တက်ရောက်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် လူငယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူဖြစ်သကဲ့သို့ တိုင်းဒေသကြီး၏ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် သက်မွေးပညာသင်တန်း တက်ရောက်ခဲ့သည့် လူငယ်များအနေဖြင့် လုပ်ငန်းအပေါ်တွင် တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုကြောင့် ဝင်ငွေများရရှိလာခြင်း၊ စားဝတ်နေရေး ပိုမိုအဆင်ပြေကာ မိမိတို့၏လူနေမှုဘဝ မြင့်တက်လာပြီး ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ခင်ပပနိုင်(မန္တလေး)