Main menu

Background

တိုးချဲ့စိုက်ပျိုးလာကြသော ပဲကြီးသီးနှံနှင့် နှစ်အလိုက်ဈေးနှုန်း

Tue, 03/28/2023 - 12:19 -- journal_editor

ပဲမျိုးစုံဈေးကွက်၌ ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ပါ တင်ပို့နိုင်သော ပဲကြီးသီးနှံသည် ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲတီစိမ်းသီးနှံများထက်ပင် ဈေးကောင်းရလျက်ရှိနေခဲ့သည်။ နှစ်စဉ်လိုလို ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့် ရောင်းဝယ်ခဲ့သည်ဟု သိရှိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ရွှေကျွန်းတစ်တင်း ကျပ် ၃၁၀ဝ၀၊ ကမ်းနားတစ်တင်း ကျပ် ၂၉၀ဝ၀ ရရှိခဲ့သည့်အတွက် မတ်ပဲ၊ ပဲတီစိမ်း သီးနှံ များ၏ အဆိုပါနှစ် ပေါက်ဈေးမှာ ကျပ်သုံးသောင်းအထက် ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လအတွင်း ပဲကြီး(ရွှေကျွန်း) တစ်တင်း ကျပ် ၃၀ဝ၀ဝ၊ (ကမ်းနား)တစ်တင်း ကျပ် ၂၉၀ဝ၀ ဖြင့် ယခင်နှစ်အတိုင်း အရောင်းအဝယ် ဖြစ်ခဲ့သည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ပြည်ပဝယ်လိုအား ပဲသီးနှံ အားလုံးလိုလို ဈေးမြင့်တက်လာခဲ့ကြသည့်အတွက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲသီးနှံများမှာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းအထက် ထပ်မံ မြင့်တက်လာပြီး ပဲကြီးသီးနှံမှာ တစ်တင်း ကျပ်ရှစ်သောင်းကျော်အထိ ဈေးကောင်းရလာခဲ့ကာ ပဲစိုက်တောင်သူများ အကျိုးအမြတ် ပိုရနိုင်မည့်နှစ်ဟု သိရှိရသည်။

ပဲကြီးသီးနှံသည် မိုးနှောင်းကာလတွင် စတင်စိုက်ပျိုးလာကြပြီး မြန်မာလအနေဖြင့် တော်သလင်းလမကုန်မီ အပြီးစိုက်ပျိုးကြသည်ဟုသိရသည်။ တော်သလင်းလကျော်မှ  စိုက်ပျိုးသည့် ပဲကြီးသီးနှံသည် အောင်မြင်ဖြစ်ထွန်းမှု နည်းပါးပြီး အထွက်နှုန်းမကောင်းဟု တောင်သူများအနေဖြင့် သိရှိထားကြသည့်အတွက် တော်သလင်းအမီ စိုက်ပျိုးကြကြောင်း သိရသည်။ မိုးစပါးစိုက်ပျိုးသည့် ဒေသများတွင် မိုးစပါးစိုက်ပျိုးစဉ်ကာလ လယ်ကန်သင်းဘောင်များတွင် ပဲကြီးသီးနှံအား စိုက်ပျိုးကြသည်။ ပဲကြီးသီးနှံသည် မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းမြေကိုပို၍ ကြိုက်နှစ်သက်ကြောင်း သိရသည်။ 

မိုးစပါး စိုက်ပျိုး၍ မရနိုင်သော ဒေသများတွင် ပဲကြီးသီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလအတွင်း ပန်းပွင့်ကာ ဇန်နဝါရီလတွင် ပဲကြီးသီးနှံများ စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် ဈေးကွက်အတွင်းသို့  ပဲကြီးသီးနှံအသစ်များ နှစ်ဆန်းပိုင်းကာလမှစ၍ ဝင်ရောက်လာကာ ဖေဖော်ဝါရီ၊ မတ်လများတွင် ပဲအထွက်လှိုင်ချိန်ဖြစ်၍ ဈေးကွက်သို့လည်း ပဲကြီးသီးနှံများ ဝင်ရောက်မှုများပြားလာခဲ့ကြောင်း သိရသည်။ ပဲကြီးသီးနှံအား ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကထား ဝယ်ယူသိုလှောင်ကြသည်။ ပဲကြီးသီးနှံအစိုသည်လည်း ဈေးများအတွင်း ရောင်းချမှုများရှိခဲ့ကာ တစ်ပိဿာ ကျပ် ၅၀ဝ၀ မှ ကျပ် ၇၀ဝ၀ အထိ ရောင်းချကြောင်း သိရသည်။ ပဲကြီးသီးနှံအစိုအား ပဲကြီးနှပ်၊ ပဲကြီးဟင်းချို၊ ပဲကြီးနှင့် ဆူးပုပ်ခတ်၍ ပဲကြီးဟင်းများအား ရာသီစာအဖြစ် မရန်းသီးထောင်း၊ မရန်းသီးကြော်များနှင့် တွဲဖက်၍ စားသောက်ကြသည်။ ပဲကြီးသီးနှံအခြောက်အား ပဲကြော်၊ ပဲကြီးလှော်၊ ပဲဖူးကြော်၊ နှစ်ပြန်ကြော် စသည်ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများက ထုတ်လုပ်ရောင်းချကြသည်။

ပြည်ခရိုင်အတွင်း ပဲကြီးသီးနှံမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ စသည့်ပဲများကဲ့သို့ စိုက်ပျိုးမှုမများဘဲ ဧက ၇၀ဝ၀ ကျော်သာ စိုက်ပျိုးမှုရှိခဲ့သည်။ သို့သော်လည်း ပဲကြီးသီးနှံသည် နှစ်စဉ်ဈေးကောင်းရနေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်သလို မိုးစပါးအပြီး မတ်ပဲစိုက်ပျိုးသည့် လယ်ကန်သင်းများတွင်လည်း နေရာလွတ်မပေးဘဲစိုက်ပျိုးခြင်းဖြင့် မိုးစပါး၊ မတ်ပဲသီးနှံများမှ ဝင်ငွေရရှိသလို ပဲကြီးသီးနှံကလည်း ထပ်ဆောင်း၍ အပိုဝင်ငွေရရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရသည်။              

ခင်ဆွေဝင်း(ပြည်)