Main menu

Background

ပဲယင်း(နီ)သီးနှံ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိနေ

Tue, 03/28/2023 - 12:38 -- journal_editor

ဆိပ်ဖြူမြို့နယ် ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

သီးနှံ စိုက်ပျိုးမှုအခြေအနေအား သိရှိနိုင်ရန် ပဲယင်း(နီ)စိုက် တောင်သူဦးမြင့်ကိုနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ) သုည ဒသမ ၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာ၍ ပဲယင်း(နီ)ကို စိုက်ပျိုးကြောင်း၊ ယခင်နှစ်များက စိုက်ပျိုးခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသ ရာသီဥတုနှင့် ကိုက်ညီမှုရှိခြင်းကြောင့် ပဲယင်း(နီ)ကို ကြက်သွန်နီသီးနှံအစားထိုး စိုက်ပျိုးကြောင်း သိရှိရသည်။ 

ဂျပန်ပဲယင်း(နီ)မျိုးများကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းကြောင်း၊ သုည ဒသမ ၅ ဧကလျှင် ပဲယင်း(နီ)နှစ်ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးစေ့တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့်ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး အလုပ်သမား ငှားရမ်းရမှုနည်းခြင်း၊ သွင်းအားစုနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းများ မပြုလုပ်ရကြောင်း၊ ကုန်ကျစရိတ်နည်းကြောင်း ဒေသခံတောင်သူမှ ပြောသည်။ 

ဂျပန်ပဲယင်း(နီ) တစ်ဧက အထွက်နှုန်းမှာ တင်း ၃၀ မှ ၄၀ ထိ ထွက်ရှိကြောင်း၊ စိုက်တောင်သူ ဦးမြင့်ကိုမှာ ယခုနှစ် သုည ဒသမ ၅ ဧက စိုက်ပျိုးထားပြီး ရေမြေရာသီဥတုကောင်းမွန်ခြင်းကြောင့် ပဲယင်း တင်း ၂၀ ခန့်ထွက်ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်စဒေသပေါက်ဈေး ကျပ် ၇၀ဝ၀ဝ ဖြင့် ရောင်းချခဲ့ရ၍ ကျပ် ၁၄ သိန်းခန့်ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ် ၂၀ဝ၀ဝ၀ ခန့်ကုန်ကျခဲ့၍ ကျပ် ၁၂ သိန်းခန့် အကျိုးအမြတ် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်ပဲယင်း (နီ) စိုက်ပျိုး ခြင်းဖြင့် စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေကြကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရသည်။ 

မြင့်မြင့်သန်း (ပခုက္ကူ)