Main menu

Background

စလင်းမြို့နယ် ထူးပေါက်ကျေးရွာ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

Tue, 03/28/2023 - 12:50 -- journal_editor

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဦးစီးမှူးရုံး၊ စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် မတ် ၁၂ ရက် နံနက် ၁၀ နာရီတွင် ထူးပေါက်ကျေးရွာရှိ ကုလားပဲစိုက် တောင်သူများနှင့်တွေ့ဆုံ၍  စိုက်ပျိုးထုတ်လုပ်မှု၊  ရောင်းဝယ်ဖြစ်မှု အခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့သည်။

ထူးပေါက်ကျေးရွာသည် အိမ်ခြေ ၁၈၀ ခန့်ရှိပြီး လူဦးရေ ၄၀ဝ ခန့် ရှိကြောင်း၊ တောင်သူများအနေဖြင့် နှစ်စဉ် စပါး၊ ကုလားပဲနှင့် နှမ်းသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ကုလားပဲကို စိုက်ပျိုးမှု နည်းခဲ့သော် လည်း ယခုနှစ်တွင် ထူးပေါက်ကျေးရွာ၌ တောင်သူ ၇၀ က  စိုက်ဧက ၃၅၀ ဧကခန့် စိုက်ပျိုးခဲ့ရာ ပဲလုံးကြီး၊ ပဲလုံးသေးနှင့် ၉၂၉ မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကုလားပဲစိုက်တောင်သူ ဦးပေါက်အနေဖြင့် ယခုနှစ်တွင် ၁၀ ဧက စိုက်ပျိုးပြီး တင်း ၁၀ဝ ခန့် ထွက်ရှိ၍ တစ်ဧကလျှင် ပျမ်းမျှ ၁၀ တင်း ထွက်ရှိကြောင်း၊ ယခုနှစ် ကုလားပဲစိုက်ပျိုးချိန်တွင် ရာသီဥတု ကောင်းမွန်ပြီး မိုးရွာသွန်းမှု နည်းပါးကာ အအေးဓာတ်ပိုသည့်အတွက် ကုလားပဲအထွက်နှုန်း ကောင်းမွန်ကြောင်း၊ ကုလားပဲကို မိုး စပါး ရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး တစ်ဧက စိုက်ပျိုးရန် မျိုးနှစ်တင်းခွဲ ကြဲပက်ရကြောင်း၊ မြေပြုပြင်ချိန်မှစ၍  စိုက်ပျိုးပြီးသည်အထိ ကျပ် ၂၅၀ဝ၀ဝ ခန့် ကုန်ကျကာ အပင်အားဆေး၊  ပိုးသတ်ဆေးနှင့် ရေဖျန်းခြင်း လုပ်အားခနှင့် သွင်းအားစုအပါအဝင် တစ်ဧကလျှင် ကျပ် ၄၀ဝ၀ဝ၀ ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးလအကြာတွင်  ရိတ်သိမ်းရပြီး  တစ်ဧကလျှင် အထွက်နှုန်း ၁၀ တင်းနှုန်း ထွက်ရှိကာ သီးနှံပေါ်ချိန် ကုလားပဲ တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ရရှိ၍ တစ်ဧကဝင်ငွေ ကျပ် ၆၀ဝ၀ဝ၀ ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၂၀ဝ၀ဝ၀ ရရှိကြောင်း သိရှိရသည်။

စလင်းမြို့နယ်ရှိ ထူးပေါက်ကျေး ရွာသည် လူဦးရေနည်းပါးပြီး ကုလားပဲ စိုက်ဧကများသောကြောင့် စားသုံးပြီး ပိုလျှံသော ကုလားပဲများကို မြို့ပေါ်နှင့် နယ်အသီးသီးရှိ  ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြသည်။ ၎င်းအပြင် ကုန်ချော အဖြစ် ဗရာကြော်၊ ပဲခွေကြော်၊ ပဲချောင်း၊ အလှူမင်္ဂလာဆောင်တို့တွင်လည်း ပဲဟင်းအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း တောင်သူဦးပေါက်ထံမှ သိရှိရသည်။ ယခုနှစ် ကုလားပဲစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်သောကြောင့် အမြစ်ပိုးစွဲမှုနည်းပါးခြင်း၊ မှိုကပ်ရောဂါ နည်းပါးခြင်းတို့ကြောင့်  အပင်အသေအပျောက် နည်းပါးကာ အထွက်နှုန်းကောင်းမွန်၍ ဈေးနှုန်းသင့်တင်မျှတသောကြောင့်ကုလားပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

ဆန်းလင်းမောင်