Main menu

Background

ကောင်းမှုတော်ဘုရားရိပ်က သနပ်ခါးဈေးကွက်

Tue, 03/28/2023 - 13:44 -- journal_editor

ဇေယျာစစ်ကိုင်းတောင်ရိုးသမိုင်းတွင် ဝါတွင်းဘုရားစဉ်များအရ မှတ်တမ်းပြုစုရာတွင် ပေါရာဏ လင်္ကာမင်္ဂလာ မှတ်တမ်းအရ -ပုံ-တောင်-ဇေ-ချမ်း-ဥ-နန်း-နံ-လေး-ပ-ထူ-ရှင်-အောင်-အမြှောင် ငါးထပ်ကြီး၊ အပြီးကောင်းမှုတော်ဟူ၍ စာဆိုပြုခဲ့ကြသည်။ နှစ်စဉ်  မြန်မာပြက္ခဒိန်အရ ဝါဆိုလပြည့်နေ့မှစ၍  ပုံ - ပုညရှင်ဘုရား၊ တောင်- တောင်ဖီလာဘုရား၊ ဇေ- ဇေတဝန်ဘုရား၊ ချမ်း- ချမ်းသာကြီးဘုရား၊ ဥ- ဥမင်သုံးဆယ်ဘုရား၊ နန်း- ရှင်ပင်နန်းဦးဘုရား၊ နံ- ရှင်ပင်နံကိုင်းဘုရား၊ လေး- လေးကျွန်းမာန်အောင်ဘုရား၊ ပ-ပတ္တမြား စေတီဘုရား၊ ထူ-ထူပါရုံဘုရား၊ ရှင်- ရှင်ဖြူရှင်လှ ဘုရား၊ အောင်- အောင်မြေလောက ကျောက်စေတီဘုရား၊ “အမြှောင်ငါးထပ်ကြီး” သီတင်းပတ်များမှ အလွတ်သီတင်းကျွတ်လဆန်း ၅ ရက်တွင် မြှောင်၍ပြုလုပ်သော ငါးထပ်ကြီးဘုရားနှင့် “အပြီး ကောင်းမှုတော်” မှာ ဝါတွင်းဘုရားစဉ်ပွဲတော်များ အပြီးသတ် နောက်ဆုံးနေ့ သီတင်းကျွတ်လပြည့် ကောင်းမှုတော်ဘုရားဟူ၍ ဘုရားပွဲတော် ၁၄ ပွဲကို ကျင်းပကြသည်။ ကောင်းမှုတော်ဘုရားတွင် တန်ဆောင်မုန်းလပြည့်၌လည်း ဘုရားပွဲတော် တစ်ကြိမ် ထပ်မံကျင်းပသဖြင့် တစ်နှစ်လျှင် ပွဲတော် ခုနစ်ကြိမ်ကျင်းပသည့် စေတီတစ်ဆူဖြစ်သည်။ 

ဘုရားသမိုင်းကြောင်း မှတ်တမ်းများအရ ကောင်းမှုတော်ဘုရားကို သီရိသုဓမ္မရာဇာမဟာဓိပတိ သာလွန်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ် တော်သလင်း လဆန်း ၁၀ ရက်တွင် စေတီတော်မြတ်ကြီးတည်ရန် ပန္နက်အုတ်မြစ်ချခဲ့သည်။ သပိတ်တော်၊ စွယ်တော်၊ ဆံတော်နှင့် များစွာသော သရီရဓာတ်တော်မွေတော်တို့ကို ပထမအကြိမ် ဌာပနာပွဲကျင်းပကာ အချိန် ၁၂ နှစ်ကြာ တည်တော်မူခဲ့ရသည်။ ဘုရား၏ဘွဲ့တော်မှာ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားဟုခေါ်တွင်ကြောင်း သိရှိရသည်။

နှစ်စဉ်ကျင်းပသည့် ပွဲတော်ရက်များနှင့် နေ့စဉ်အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့် ပြည်သူများအား ကောင်းမှုတော်ဘုရားရိပ်ရှိ ဆိုင်ခန်းများမှ ဒေသထွက် ကုန် သနပ်ခါးများ ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ရောင်းချသည့် သနပ်ခါးများမှာ ပခုက္ကူ၊ ရေစကြိုဒေသထွက်များ၊ အရာတော်၊ ကျောက်မှော်(ယင်းမာပင်)၊ မုံရွာ၊ စစ်ကိုင်း စသည့်ဒေသများမှ သနပ်ခါးများကို အပင်ပြတ်ဝယ်ယူ၍ ရောင်းတန်းဝင်အရွယ် သနပ်ခါးတုံးများ ဖြတ်တောက်ခြင်း၊ ဆေးကြောခြင်း၊ အရောင်တင်ခြင်း များပြုလုပ်၍ သနပ်ခါးထွက်ရှိသော ဒေသနာမည်၊ သနပ်ခါးဆိုင် နာမည်တို့ကို သနပ်ခါးတုံးတွင် တံဆိပ်ရိုက်နှိပ်ပြီး ရောင်းချကြသည်။ ကောင်းမှုတော် ဘုရားရိပ်တွင် သနပ်ခါးတုံးရောင်းသည့် ဆိုင်ခန်းပေါင်း ၅၀ ခန့်ရှိပြီး သနပ်ခါးဈေးနှုန်းများမှာ အရွယ်အစားနှင့် အရည်အသွေးပေါ် မူတည်၍ တစ်တုံးလျှင် အနိမ့်ဆုံး ကျပ် ၂၀ဝ၀-၃၀ဝ၀ မှ အမြင့်ဆုံးကျပ် ၁၅၀ဝ၀ - ၂၀ဝ၀ဝ ထိ ဈေးအသီးသီးဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စစ်ကိုင်းမြို့ရှိ တန်ခိုးကြီး ကောင်းမှုတော်ဘုရား အပါအဝင် အခြားတန်ခိုးကြီး ဘုရားများစွာကို လာရောက်ဖူးမြော်ရင်း အရည်အသွေးစစ်မှန်သည့် ဒေသထွက်ကုန် သနပ်ခါးမျိုးစုံတို့ကို လာရောက်ဝယ်ယူနိုင်ပါကြောင်း ဇေယျာရွှေမြေ စစ်ကိုင်းမြို့မှ ဖိတ်ခေါ်လိုက်ရပါသည်။  

သန်းသန်းတင်(မုံရွာ)