Background
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့ရာမှာ ယခင်သီတင်းပတ်က တန်ချိန် ၅၀၀၀ ခန့်တင်ပို့မှုရှိခဲ့ရာမှ ဧပြီလ ၂၂ ရက်မှ - ၂၇ ရက်အတွင်းမှာတော့ တန် ၃၅၀၀ ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ အဝယ်ရှိနေပေမဲ့ ကွန်တိန်နာငှားရမ်းခက တစ်ပုံး ကို ဆိပ်ကမ်းအလိုက် ကန်ဒေါ်လာ ၃၀၀ ကျော်မြင့်တက်လာတာကြောင့် တင်ပို့မှု လျော့ကျခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဧပြီလ ၂၇ ရက် အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၁၂၅၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၆၂၀၀ ခန့်တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ၁ ဆခန့်ပိုမိုလာ ခဲ့ပါတယ်။ ဈေးကွက်ရောင်းဝယ်မှုအရနဲ့ သယ်ယူစရိတ်လျော့ကျမှုမရှိပါက လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုနည်းနိုင်ဖွယ်ရှိပါတယ်။MIRT - MAPT
ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ သြင်္ကန်အပြီးဈေးအနည်းငယ် တက်လာ ရာမှ မေလပထမပတ်မှာ ဈေးပြန်အေးသွားတာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ မတ်ပဲပိဿာ ၂၀ ဝင် တစ်တင်းကို ၁၂၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ကျဆင်းလာပါတယ်။ ပဲအရောင်းအဝယ် ဖြစ်မှုအနေနဲ့အဝင်လှိုင်သလောက်ပေါက်ဈေးနဲ့ အရောင်းလည်း သွက်လာပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ်ပျမ်းမျှအိတ် ၄၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောနယ်စပ်မှတစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၁၃၀ သန်းတန်ဖိုးရှိ မတ်ပဲ ၂၄၅ တန်ခန့်အပို့ရှိခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ မတ်ပဲ ၄၀ ဒသမ ၅၀ တန်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အခြားနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ စစ်တွေနယ်စပ်မှကန်ဒေါ်လာသုညဒသမ ၀၁၀ သန်းတန်ဖိုးရှိမတ်ပဲ ၁၉ တန်လည်း တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာနယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုညဒသမ ၁၄၅ သန်းတန်ဖိုးရှိ မတ်ပဲတန် ၃၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် တန် ၂၀၀ ကျော်အပို့ပိုခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလတစ်လလုံးမှာ နယ်စပ်မှ မတ်ပဲ ၄၃၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOBT)
အိန္ဒိယပြည်တွင်းဈေးကွက် တော်တော်များများမှာ ကုန်သည်များနဲ့ ပဲခွဲစက် များ အဝယ်တက်လာလို့ မတ်ပဲဈေးခိုင်မာနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အချို့ ဈေးကွက်တွေမှာတော့ အရောင်းအဝယ်ထိုင်းနေဆဲဖြစ်လို့ ဈေးငြိမ်နေတယ်လို့ သိရ ပါတယ်။ လာမယ့်ပွဲတော်ရာသီအတွက် ဝယ်လိုအားကောင်းနိုင်တာကြောင့် မတ်ပဲ ဈေးနှုန်း ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုက ယခင်တစ်ပတ်ထက်လျော့ကျခဲ့ပါတယ်။ သြင်္ကန်အလွန် တစ်ပတ် အတွင်း မတ်ပဲတန်ချိန် ၄ သောင်းနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အထိ တစ်ပတ်အတွင်းမှာတော့ မတ်ပဲ FAQ နဲ့ အခွံချွတ် တန်ချိန် ၂၇၀၀၀ ကျော် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ ပုံမှန်အတိုင်းတင်ပို့နေပါတယ်။ ဧပြီလပထမပတ်ကတန် ၁၃၀၀၀ ကျော်တင်ပို့ခဲ့သလိုဧပြီလ ၂၂ ရက်မှ ၂၇ ရက် အတွင်းမှာလည်း တန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၈ ရက်မှ ၁၄ ရက်အတွင်းမှာလည်း မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၇ ရက်နေ့အထိ မတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၃၉၀၀၀ နီးပါးရှိပြီး ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၂၀၀၀ ကျော်တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်ရောင်းဝယ်မှုအခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT
မြင့်တက်နေတဲ့ဝယ်လိုအားပြည့်မီဖို့ဆိုရင် ၂၀၂၀ မှာ ကမ္ဘာ့သကြားတန်ချိန် သန်း ၂၀၀ ထုတ်လုပ်နိုင်ဖို့ တန်ချိန် ၂၈ သန်းခန့်မြှင့်တင်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာ သကြားအဖွဲ့အစည်း (ISO) ထိပ်တန်းအရာရှိ တစ်ဦး မှ ဧပြီလ ၂၃ ရက်မှာပြောကြားပါတယ်။ လက်ရှိမှာ ကမ္ဘာ့သကြားထုတ်လုပ်မှုက တန်ချိန် ၁၇၂ သန်းရှိနေလို့ တန်ချိန် ၂၈ သန်းခန့် ထုတ်လုပ်မှု တိုးမြှင့်ဖို့ အရေးကြီးတဲ့တာဝန်တစ်ရပ်ဖြစ်တယ်လို့ (ISO) အမှုဆောင်ဒါရိုက်တာ Peter Baron မှ ပြောကြားပါတယ်။
ကမ္ဘာ့သဘာဝရော်ဘာဝယ်လိုအားက ယခုနှစ်မှာ တိုးပွားနိုင်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်ခြင်းကလည်း ရော်ဘာ ဝယ်လိုအားအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။ ရေနံစိမ်းကနေထုတ်လုပ်တဲ့ ရော်ဘာတုက ရေနံဈေးနှုန်းမြင့်တက်တာကြောင့် သဘာ၀ ရော်ဘာနဲ့ ရော်ဘာတုအချိုးမှာ သဘာဝရော်ဘာသုံးစွဲမှု ပိုများလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
သြင်္ကန်ပွဲတော်နဲ့နှစ်သစ်ကူးကာလအလွန် ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရော်ဘာ ၈၅၆ တန်ကျော်ကို မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၉၂ တန်ကျော် အပို့ပိုခဲ့တာကိုကြည့်လျှင် နှစ်သစ်ကူး ကာလအလွန် ရော်ဘာ တင်ပို့မှု အရှိန်ပြန်တက်လာတာတွေ့ရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့နိုင်မှု များကတော့ မူဆယ်မှRSS-2 ၆၂ တန်၊RSS-3 ၉၄ တန်ခန့် MSR-20 ၄၀ ဒသမ ၅၀ တန်၊ MSR-50 ၂၆ တန်၊ ချင်းရွှေဟော်မှ RSS-3 ၂၈၂ တန်၊ MSR-20 တန် ၃၀ နဲ့မြိတ်နယ်စပ်မှ RSS-3 တန် ၁၀၀ အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဖက်နိုင်ငံ ရော်ဘာ ဈေးများ ယခင်အပတ်ကထက် လျော့နည်းခဲ့ပါတယ် -
ဘဏ္ဍာနှစ်သစ်အစ ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၃၅ တန်ကျော် တန်ဖိုး ဒေါ်လာ ၅ ဒသမ ၇၅၃ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လကုန်အထိ ရော်ဘာတင်ပို့မှု နည်းနေခဲ့ပေမယ့် ဘဏ္ဍာနှစ်သစ် အစမှာ တင်ပို့အားပြန်လည်ကောင်းလာတာ ဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ တရုတ်ကို တန် ၅၆၀၊ ဗီယက်နမ်ကို တန် ၂၀၀၊ ကိုရီးယားကို ၃၀၂ တန်၊ စင်ကာပူကို တန် ၄၀ နဲ့ မလေးရှားကို ၅၃၃ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ နိုင်ငံအလိုက်ရော်ဘာတင်ပို့မှုတွေကတော့ တရုတ်ကို ၈၈၄၅ တန်၊ အိန္ဒိယ ကို တန် ၄၀ နီးပါး၊ မလေးရှားကို ၁၂၂၂၅ တန်နီးပါး၊ ပါကစ္စတန်ကို ၇၅ တန်၊ စင်ကာပူကို ၉၆၆၆ တန်၊ အာရပ် စော်ဘွားများ များပြည်ထောင်စုကို ၄ တန်၊ ဗီယက်နမ်ကို ၂၆၆၆ တန်၊ မက္ကဆီကို ကို တန် ၂၀ နဲ့ ဆွစ်ဇာလန်ကို တန် ၁၆၀၊ စုစုပေါင်းတန်ချိန် ၃၃၇၀၁ တန်နဲ့ တန်ဖိုးကန်ဒေါ်လာ ၁၃၀ ဒသမ ၃၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ ၄၅၁၀၉ တန်နဲ့ တန်ဖိုး ကန်ဒေါ်လာ ၁၈၀ ဒသမ ၆၉ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ K.Z.W