Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဂူဘာကာနဲ့ ကာနာတာကာက ပဲစင်းငုံ ဝင်ရောက်မှု တိုးလာခဲ့လို့ ယခင်ရက်ပိုင်းက ဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဈေးအနိမ့်နဲ့ အဝယ်ပြန်တက်လာတဲ့အတွက် ယခုရက်ပိုင်း မှာတော့ ပြန်လည်မြင့် တက်လာခဲ့ပါတယ်။
ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံကို အရောင်းအဝယ်သွက်နေဆဲဖြစ်ပါ တယ်။ အသစ်တွေ လှိုင်လှိုင်ဝင်လာနေပြီဖြစ်ပေမဲ့ ပြည်ပဝယ်လက်တွေက ပဲစင်းငုံ သစ်ဝယ်ယူမှုရှိသလို အဟောင်းကိုလည်း ပိုမိုဝယ်ယူကြတယ်လို့ သိရပါတယ်။ ဇန်န ဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူနီနဲ့ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၂၅၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။
ယခင်သီတင်းပတ်များက ပဲစင်းငုံတန် တစ်သောင်းအထက်မှာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်(ဇန်နဝါရီလ ၂၃-၂၇) အတွင်းမှာတော့ တန် ၉၀၀၀ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိပေမဲ့ တင်ပို့မှုမှာတော့ လျော့ကျခဲ့ပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်ဇန်နဝါရီ ၂၇ ရက်အထိ ပဲစင်းငုံ တန်ချိန် ၂၄၀၀၀၀ ခန့်တင်ပို့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။
ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်သို့ မတ်ပဲအသစ်များ ဟင်္သာတမြို့အနီးရှိ ကျေးရွာများမှ တစ်ရက် အိတ် ၃၀၀ ခန့် ဝင်ရောက်ခဲ့တဲ့အတွက် ယခင်တစ်ပတ် မတ်ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့သိရပါတယ်။ မတ်ပဲသစ်များ အဝင်များလာသ လို အဝယ်လည်း လိုက်လာပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၂၅၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။
ပြည်ပွဲရုံများသို့ ပတ်ဝန်းကျင်ရွာများမှ မတ်ပဲသစ်များ တစ်နေ့အိတ် ၁၅၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ပဲကုန်သည်တွေရဲ့လက်မှာ ပဲဟောင်းလက်ကျန် လည်း ရှိနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက်များအား ပဲသစ် ပဲဟောင်း နှစ်မျိုး စလုံး အဝယ်ရှိနေပါတယ်။ ပဲတစ်တင်းကို ၁၂၉၀၀ ကျပ်ဈေးနဲ့တစ်နေ့အိတ် ၇၀၀-၈၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းမှာ မတ်ပဲဈေး လျော့ကျခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ ပြန်မာလာခဲ့ပါတယ်။ တင်သွင်း ပဲများရောင်းချခြင်းနဲ့ မတ်ပဲခွဲခြမ်းကို အဝယ်လျော့ခြင်းတို့ကြောင့် သီတင်းပတ် အစပိုင်းမှာ မတ်ပဲဈေးလျော့ကျခဲ့တာဖြစ်ပါတယ်။
ပြည်ပကို မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်လောက်မများပေမဲ့ ပုံမှန်ပမာဏနဲ့ တင်ပို့မှုရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၂၀၀ ခန့်ထိ တင်ပို့ခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၂၃ မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၅၀၀၀ ခန့်တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပုံမှန်ရှိနေလို့ တင်ပို့မှုလည်း ပုံမှန်သာတင်ပို့နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကို ပုံမှန်အရောင်း အဝယ်ရှိနေပါတယ်။ ဇန်နဝါရီလ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အတွင်း မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် စုစုပေါင်းတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှုထက် တန် ၁၀၀၀ ခန့် ပိုမိုခဲ့ကြောင်း သိရပါ တယ်။
ဇန်နဝါရီလအတွင်း အာရှရော်ဘာဈေးနှုန်းများ တဖြည်းဖြည်း ဦးမော့လာခဲ့ရာ ဇန်နဝါရီ ၂၄ ရက်မှာ ထိုင်းရော်ဘာ RSS-1(မှိုင်းခံရော်ဘာအဆင့်-၁)ဈေးနှုန်းက တစ်တန်ကို ၃၉၁၇ ဒေါ်လာအထိ မြင့်မားသွားတယ်။ ထိုင်းရော်ဘာRSS-5 (မှိုင်းခံရော်ဘာအဆင့်-၅)ကလည်း တစ်တန်ကို ၃၈၅၆ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိလာခဲ့ရာ ယခင်အပတ် ဈေးနှုန်းထက် တစ်တန်ကို ၄၀၁ ဒေါ်လာ ဈေးမြင့်လာတယ်။ အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေက ၄ နှစ်တွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိသွားခြင်း ၊ ပြင်သစ်နဲ့ စပိန်တို့မှာ ငွေ ချေးယူ စရိတ်တွေလျော့ကျသွားရာ အီးယူဒေသတွင်း ကြွေးမြီအကျပ်အတည်းကို ထိန်းသိမ်းနိုင်မယ်လို့ အကောင်းမြင်လာကြ ခြင်းတို့ကြောင့် စွန့်စားရောင်းဝယ်ရတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်လိုအားတိုးလာစေမယ်လို့ ခန့်မှန်းကြတယ်။ ကမ္ဘာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံကလည်း ရော်ဘာဈေးနှုန်း အထောက်အပံ့ ဖြစ်ရေးအတွက် ဈေးကွက်ပေါက်ဈေး ထက် ပိုမိုတဲ့နှုန်း (တစ်ကီလိုကို ၁၂၀ ဘတ်) ပေးပြီး ရော်ဘာ ဝယ်ယူသိုလှောင်ထားမယ့် အစီအစဉ်ကလည်း ရော်ဘာဈေးနှုန်းကို မြှင့်တင်ပေးခဲ့တယ်။ ဒါ့အပြင် ရော်ဘာဝယ်ယူမှုအများဆုံး တရုတ်နိုင်ငံကလည်း ပထမ ၃ လအတွင်း ပြည်သူကို ငွေထုတ် ချေးပေးမှုကို ယခင်နှစ်ကထက် ပိုမိုထုတ်ချေးသွားမယ့် သတင်းကလည်း ရော်ဘာဝယ်လိုအား အတွက် သတင်း ကောင်းကို ဖြစ်စေရာ ရော်ဘာဈေးနှုန်းတွေ မြင့်မားစေတယ်လို့ သိရတယ်။ ပပ Source:Bloomberg.com
ဇန်နဝါရီလ ၂၃ ရက်နေ့အစောပိုင်းက ရေနံစိမ်းဈေးနှုန်းကျဆင်းသွားမှုနဲ့ ဂရိကြွေးမြီအကျပ်အတည်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေကို မသေချာမရေရာမှုတွေကြောင့် တိုကျိုရော်ဘာကြိုပွိုင့်ရောင်းဝယ်ရေးမှာ ရော်ဘာဈေးနှုန်းတွေ ၂ ဒသမ ၆ ရာခိုင်နှုန်း ဈေးကျသွားကြောင်း သတင်းရရှိပါတယ်။တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဇွန်လ သင်္ဘောတင်မယ့်ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၃၀၈ ဒသမ ၄ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၄၀၀၇ ဒသမ ၇၉)နဲ့ ချုပ်ဆိုခဲ့ကြောင်းနဲ့ တစ်ကီလိုဂရမ်ကို ၆ ယန်း (၁ ဒသမ ၉ ရာခိုင်နှုန်း) ဈေးကျသွားကြောင်း သိရှိရတယ်။ ယခုရက်သတ္တပတ်မှာ ထိုင်းနိုင်ငံသဘာဝရော်ဘာကော်မတီက ရော်ဘာဈေးနှုန်းတွေ ထက်ဝက်လျော့ကျသွားခြင်းကြောင့် လယ်သမားတွေဆီမှ ရော်ဘာကိုဝယ်ယူဖို့ ကန်ဒေါ်လာ ၄၇၂ သန်းကို အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြတောင်းခံ သွားမှာ ဖြစ်ကြောင်း သိရှိရတယ်။ တရုတ်မှ ကုန်ထုတ်လုပ်သူတွေရဲ့ ဝယ်လိုအားက ယခုနှစ်စမှာ နှေးကွေးနေခဲ့ပြီး ရေနံစိမ်းနဲ့ကြေးနီဈေးနှုန်း တွေအပေါ်မှာ ချိန်ဆနေကြကြောင်း စူးစမ်းလေ့လာမှုတွေအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင် Source: www.brecorder.com
