Background
ဈေးကောင်းရဖို့ အရည်အသွေးကောင်း နနွင်းကို ရွေးစိုက် ဒီတစ်ပတ်နနွင်းဈေးကွက်ကတော့ နနွင်းခါးတွေကိုသာ ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့ တစ်ပိဿာ ၁၈ဝဝ ကျပ်ပေါက်တယ်လို့ သိရပါတယ်။ ဈေးကြီးမိထားသူတွေ ကတော့ အဲဒီဈေးနဲ့ မရောင်းနိုင်လို့ လက်ကျန်တွေများနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေက အရောင် အသွေးစုံပါတယ်။ ဟိုပုံးကထွက်တဲ့ နနွင်းက အဝါ၊ အနီ (၂) မျိုးသာရှိပြီး မျိုးကောင်းတယ်လို့ သိရပါတယ်။ ပင်လောင်းနနွင်း ကတော့ အရောင်စုံပြီး အဖြူ၊ တိမ်ပြာ၊အ စိမ်း၊ အဝါစတဲ့ အရောင်တွေရှိပါတယ်။ ယခင်နှစ်တွေက နနွင်းဈေးကောင်းတာ ကြောင့် တောင်သူတွေက ထွက်အားကောင်းတဲ့ အဖြူတွေ၊ တိမ်ပြာတွေကို အဝါနဲ့ရောပြီး စိုက်ကြပါတယ်။ ဒီနှစ်တော့ အရည်အသွေး မကောင်းရင် ဈေးကွက်လည်းပျက်တာကြောင့် မျိုးကောင်းတွေကိုသာ ရွေးချယ်ပြီးစိုက်ကြတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်တွေက ပရဆေးဖော်ဖို့အတွက် နနွင်းခါးလို့ ခေါ်တဲ့ နနွင်းဖြူနဲ့ တိမ်ပြာတွေကို ရန်ကုန်အရောက် တစ်ပိဿာ ၅ဝဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ နနွင်းကိုလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးဖြတ်ကြတဲ့အတွက် တစ်ပိဿာ ၉ဝဝ ကျပ်မှ ၁၈ဝဝ ကျပ်ဈေး ရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
နယ်စပ်မှ နနွင်းတက်တန် ၁ဝဝ အပို့ရှိ မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၆ သန်း တန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁ဝဝ ဒသမ ၉ဝ တန်ကို ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃ဝ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ကာလအတွင်း နယ်စပ်မှ နနွင်းတက် ၁၄၇၂ တန်ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT (DOBT)
ဆော်ဒီနဲ့ အိန္ဒိယသို့ နနွင်းတန် လေးဆယ်ကျော်တင်ပို့ ဇူလိုင် ပထမပတ်အတွင်း နနွင်းတန် ၄၄ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သောင်းလေးထောင် နီးပါးကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံကို ၂၈ တန်နဲ့ အိန္ဒိယကို ၁၆ ဒသမ ၅၃ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း နနွင်းတန် လေးဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် နနွင်းတင်ပို့မှုက ယခင်သီတင်းပတ် နနွင်းတင်ပို့မှုကို မှီခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ပေါ် ဦးပေါ်ဖျား ဈေးကောင်းရတဲ့ မန်ကျည်းသီးစိမ်း အညာဒေသမှာ အလေ့ကျ ပေါက်ရောက်ရှင်သန်တဲ့ မန်ကျည်းပင်များမှ မန်ကျည်းဖူး၊ အရွက်နု၊ အသီးစိမ်း၊ အသီးမှည့်စတဲ့ မီးဖိုချောင်သုံးစားသောက်ကုန် တွေကို ရာသီအလိုက် ထုတ်လုပ်ပေးနေရာ ယခုအခါတွင် အိမ်ရှင်မများအတွက် မန်ကျည်းသီးစိမ်းနုတွေ ကုန်စိမ်းဈေးမှာ ဝင်ရောက်လျက်ရှိတာတွေ့ရပါတယ်။ စက်ဘီး ဈေးသည်များနဲ့ မြို့ပေါ်ရပ်ကွက်ဈေးသည်တွေက လက်လီပြန်ရောင်းချဘို့ မုံရွာမြို့တောင်ဘက်၊ ကုန်စိမ်းလက်ကား ဈေးကဝယ်ပြီး တစ်ဆယ်ကျပ်သားခန့် အထုတ်တစ်ထုတ်ကို လက်လီ ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ်ဈေး များနဲ့ ပြန်ရောင်းခဲ့ကြ တာ ဖြစ်ပါတယ်။ အိမ်ရှင်မတွေအတွက် ပေါ်ဦးပေါ်ဖျား အချဉ်ဟင်းတစ်ခွက်မို့ တက်မက်နှစ်သက်စွာ ဝယ်ကြသလို ကျေးလက်နေသူတွေအတွက်လည်း အိမ်ခြံမြေ သီးပင်တွေက ဝင်ငွေရလို့ အဆင်ပြေလျက်ရှိတာ မြင်တွေ့ရပါကြောင်း။ ထွန်းလှိုင်
မန်ကျည်း တန်ခြောက်ဆယ်ကျော် မလေးရှားနဲ့ စင်ကာပူကို တင်ပို့ ဇူလိုင်လ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် ၆၃ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံ ကို ၁၃ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မန်ကျည်းတန် ရှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မန်ကျည်း တင်ပို့မှုနဲ့ ယှဉ်ရင် တန် နှစ်ဆယ်ကျော်လောက်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ငါးရာခုနှစ်ဆယ်နီးပါးနဲ့ တင်ပို့ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းငါးထောင် ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
တောင်ပေါ် ချင်း(ဥမ) ဈေးကျသလို မြေပြန့်မှာလည်း ချင်းဈေးကျ ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ချင်းဝင်ရောက်မှုအနေနဲ့ အောင်ပန်းနဲ့ တောင်ကြီးဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၆၅ဝ ခန့်ကို ချင်းအတက်၊ ချင်း(ဥမ)များ အပါအဝင် ယခင်အပတ်အတိုင်း ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ချင်းဈေးနှုန်း အနေ ဖြင့် ချင်းအတက် တစ်ပိဿာကို (ဂျွန်) ၁၁ဝဝ ကျပ်၊ (ရှယ်) ၁၂ဝဝ ကျပ်ဖြစ်ပြီး ချင်း(ဥမ)မှာတော့ ယခင် ၆ဝဝ ကျပ်-၇ဝဝ ကျပ်မှ ယခု ၅၅ဝ ကျပ်-၆၅ဝ ကျပ်သာ ရှိ၍ ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ချင်းတက်နဲ့ ချင်း(ဥမ)များ ပိဿာချိန် ၂၃၅ဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိသလို ပွဲရုံများ၌ တစ်နေ့ကို ပိဿာချိန် ၉ဝဝ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ရှမ်းချင်းအဝယ်အေးပေမဲ့ မြေနီချင်းကိုပိုဝယ် ဟိုပုံးဈေးကွက်မှာ ချင်းဈေးက မြေအရောင်ပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးတွေအတွက်သာ ဝယ်ယူနေတာကြောင့် မြေနီကထွက်တဲ့ ပစ္စည်းတွေကို ပိုကြိုက်ကြပါတယ်။ မြေဖြူ၊ မြေမဲကထွက်တဲ့ ချင်း တွေကတော့ အထားလည်းမခံ၊ အပုပ်လည်းမြန်တာကြောင့် ဝယ်လက်တွေက သိပ်မကြိုက်ကြပါဘူး။ နမ့်ခုတ်နယ်က ဥမတွေလည်းအခုမှ စပြီးဈေးကွက်ကို ဝင် လာတာကြောင့် အဝင်ကလည်း သိပ်မများသေးပါဘူး၊ ခြံရှင်တွေကတော့ မျှော်မှန်း ထားတဲ့ ဈေးမရရင်ဖော်မှာမဟုတ်တော့ဘူးလို့လည်း ဒေသခံတွေထံက သိရပါ တယ်။မိုးရွာနေတာကြောင့်အဝယ်ကလည်း အနည်းငယ်ပြန်အေးနေပါတယ်။ ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်းဈေးတွေက မြေဖြူ၊ မြေမဲ ချင်းတစ်ပိဿာ ၂ဝဝ ကျပ်သာရှိပြီး၊ မြေနီချင်းကတော့ အခက်ပေါ်မူတည်ပြီး ကြီးရင်၊ လှရင် ၂၅ဝ ကျပ်-၃ဝဝ ကျပ် ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ လက်ကျန်ကုန် သလောက် ဖြစ်နေတာကြောင့် ရန်ကုန်ဝယ်လက်တွေက ဟိုပုံးမှာအထိုင်ချပြီး တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ ချင်း (ဥမ) တစ်ပိဿာ ၂၇ဝ ကျပ်-၃ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ချင်းပြန်လည်တင်ပို့ ဇူလိုင်ပထမပတ်အတွင်း ချင်း ၃၈ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံကို ၁ တန်၊ စင်ကာပူနိုင်ငံကို ၁၂ ဒသမ ၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်အသီးသီးတင်ပို့ ခဲ့ပါတယ်။ ဇွန်ပထမပတ်အတွင်းသာ အပို့ရှိခဲ့တဲ့ ချင်းက လေးပတ်ဆက်တိုက်အပို့ ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၆ဝ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၆ဝဝဝ ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ပဲကြီးဈေးကွက်အဝင်ပါးပြီး ပုံမှန်အရောင်းအဝယ်ဖြစ် ယခုဇူလိုင်လ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်သို့ မကွေးတိုင်းဘက်မှ ပဲကြီးအိတ် ၅ဝ ခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး အဝင် ပါးလာခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာတော့ ယခင်အပတ်ကအတိုင်း ပဲကြီး(ရွှေကျွန်း) တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၁၅၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပဲကြော်ဖိုလုပ်ငန်းသမားများမှ ပုံမှန်အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်များလည်း တစ်ခါတစ်ရံ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်က တစ်တင်း ၃၃ဝဝဝ ကျပ်ထိ ဇူလိုင်လအတွင်း ဖြစ်ခဲ့သော်လည်း ယခုနှစ် ဇူလိုင်လမှာ တစ်တင်း ၁၆၅ဝဝ ကျပ်သာရှိတဲ့အတွက် လှောင်လက်များ အနေနဲ့ ကြိုက်ဈေးမရဘဲ ငွေလိုသလောက်သာ ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယ ကာနာတာကာမှာ ပဲစိုက်ဧရိယာ ၅၄ ရာခိုင်နှုန်းကျော်ကျဆင်း အိန္ဒိယနိုင်ငံ ကာနာတာကာမှာ ဇူလိုင်လ ၄ ရက်အထိ ပဲမျိုးစုံစိုက်ပြီးဧရိယာဟာ ယခင်နှစ်ကာလတူက ဟက်တာ ၆ ဒသမ ၃၈ သိန်းရှိရာမှ ယခုနှစ်မှာ ဟက်တာ ၂ ဒသမ ၉၂ သိန်းသာစိုက်ပြီးလို့ ၅၄ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်း တယ်လို့သိရပါတယ်။ မုတ်သုံမိုးနောက်ကျခြင်းနဲ့ မိုးနည်းပါးခြင်းတို့ကြောင့် စိုက်ပျိုးမှုနောက်ကျတဲ့ အတွက် စိုက်ဧရိယာကျဆင်းလာခြင်းဖြစ်တယ်လို့ ကုန်သွယ်မှုနဲ့ စိုက် ပျိုးရေးဆိုင်ရာ သိပ္ပံပညာရှင်များကဆိုပါတယ်။ ပဲတီစိမ်း ဇူလိုင်လ ၄ ရက်နေ့အထိ ယင်းပြည်နယ်ရဲ့ ပဲတီစိမ်း စိုက်ဟက်တာဟာ ၁ ဒသမ ၄၅ သိန်းသာရှိလို့ ယခင်နှစ် ကာလတူစိုက်ဟက်တာ ၂ ဒသမ ၆၄ သိန်းထက် လျော့ကျ ခဲ့ပါတယ်။ စိုက်ပိုျးရေးဆိုင်ရာသိပ္ပံတက္ကသိုလ်၊ စိုက်ပျိုးရေး အခြေခံစီးပွားရေးစီမံခန့်ခွဲမှုဌာန၊ ပြည်တွင်းပြည်ပ ဈေးကွက် ဖြန့်ဖြူးရေးဌာန (Demic) မှ Dharwadရဲ့ ပြောကြားချက် အရ ပဲတီစိမ်းထုတ်လုပ်မှုဟာ မနှစ်ကလိုဘဲ တစ်ဟက်တာကို တန် ဝ ဒသမ ၅ တန်- ဝ ဒသမ ၇ တန်နှုန်းအတိုင်း ထွက်ရှိ နိုင်တယ်လို့ဆိုပါတယ်။ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း ွGadog ဈေးကွက်မှာ ပဲတီစိမ်းဈေးဟာ တစ်တန်ကို ရူပီး ၃၆ဝဝဝ နဲ့ ၃၇၅ဝဝ (ကန်ဒေါ်လာ ၈ဝ၇-၈၄၁ ) ဈေးနဲ့ အရောင်း အဝယ် ဖြစ်နိုင်တယ်လို့ Demic မှ ခန့်မှန်းထားပါ တယ်။ ၂ဝ၁ဝ ဇွန်လအတွင်း အဲဒီဈေးကွက်မှာ တစ်တန် ရူပီး ၃၄ဝဝဝ (ကန်ဒေါ်လာ ၇၆၂ ) ဈေးဝန်းကျင်ပေါက်နေ တယ်လို့ဆိုပါတယ်။ မတ်ပဲ ယခင်နှစ် ယခုလိုအချိန်မှာ မတ်ပဲဟက်တာ ဝ ဒသမ ၆၆ သိန်း စိုက်ပျိုးပြီးဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ဟက်တာ ဝ ဒသမ ၂၉ သိန်းသာစိုက်ပျိုးပြီတယ်လို့သိရပါတယ်။ Bidar ဒေသမှာ မတ်ပဲအထွက်နှုန်းဟာ တစ်ဟက်တာကို ဝ ဒသမ ၆ တန် - ဝ ဒသမ ၈ တန်ဝန်းကျင်ထွက်မယ်လို့ ခန့်မှန်းထား ပြီး၊ သြဂုတ်-စက်တင်ဘာလတွေမှာ မတ်ပဲတစ်တန်ရူပီး ၃၂ဝဝဝ-၃၄ဝဝဝ (ကန်ဒေါ်လာ ၇၁၈-၇၆၂) အတွင်း အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ယခုနှစ်မတ်ပဲ အတွက်အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို တစ်တန်ရူပီး ၃၃ဝဝဝ (ကန်ဒေါ်လာ ၇၄ဝ) လို့ ကြေညာထားပါတယ်။ ပဲစင်းငုံ ယခင်နှစ်ဇူလိုင်လ ၄ ရက်နေ့အထိ ပဲစင်းငုံဟက်တာ ၂ ဒသမ ၄၃ သိန်းစိုက်ပျိုးပြီးပေမဲ့ ဒီနှစ်မှာတော့ ဟက်တာ ဝ ဒသမ ၆၇ သိန်းသာရှိပါသေးတယ်။ ဂူဘာကာဒေသမှာ ပဲစင်းငုံစိုက်ပျိုးဖို့ မိုးကိုမျှော်နေကြတယ်လို့ ဆိုပါတယ်။ အစိုဓာတ်လိုအပ်နေလို့ စိုက်ပျိုးမှုနှောင့်နှေး နေတယ်လို့ဆိုပါတယ်။ တောင်သူတွေနဲ့အတူ Demic မှ ခန့်မှန်းထားတာ တော့ ယခုရာသီမှာ တစ်ဟက်တာကို ပဲစင်းငုံ ၁ တန်ကနေ ၁ ဒသမ ၂ တန်ထိထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ Sedam ဈေးကွက်မှာ ၂ဝ၁၁ နိုဝင်ဘာ-ဒီဇင်ဘာလတွေမှာ တစ်တန် ကို ရူပီး ၃၂ဝဝဝ-၃၃ဝဝဝ (ကန်ဒေါ်လာ ၇၁၈-၇၄ဝ ) ဝန်း ကျင်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ် ပဲစင်းငုံ အတွက်အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းကို တစ်တန်ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၇၁၈) လို့အစိုးရက ကြေညာထားပါတယ်။ ယမင်းရွှေစင်၊Source: businessline
