
အတွဲ(၁၅)အမှတ်(၁၂)
နေထိုင်မှုဘ၀ တိုးတက်စေရန် လူသားတို့ တီထွင်ကြံဆလုပ်ဆောင်ခဲ့ကြခြင်းကြောင့် ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေသော စက် ပစ္စည်းကိရိယာများ၊ ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းများ ပေါ်ထွန်း၍ အသုံးပြုနိုင်ကြခြင်းဖြစ်ပါသည်။ တီထွင်သူများအနက် လီယိုနာဒို ဒါဗင်ချီ၊ သောမတ်စ်အက်ဒီဆင်၊ မာကိုနီတို့လို အကြိမ် ပေါင်းများစွာ စမ်းသပ်ပြီးမှ အောင်မြင်ခဲ့သူများရှိသကဲ့သို့ တချို့ တွေ့ရှိမှုများကတော့ လူတကာတွေ့ကြုံနေသည့် ဖြစ်စဉ်ကလေးများ ကို ဖြန့်ထွက်တွေးခေါ်မှုနှင့် ကမ္ဘာကျော်တွေ့ရှိခြင်းများ ဖြစ်ပေါ် စေပြီး လူသားများအတွက် အကျိုး များစွာဖြစ်ထွန်းခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။
ပန်းသီးကြွေကျသည်ကို လူတိုင်းတွေ့ဖူးမည်ဖြစ်သော်လည်း အိုင်ဇက်နယူတန်အပေါ်ကျသည့် ပန်းသီးကတော့ လူ့လောကကြီး အတွက် နှိုင်းဆမရလောက်အောင် ကောင်းကျိုးပြုခဲ့ပါသည်။ အီယန်ဖလဲမင်း တီထွင်ကြံဆခဲ့တဲ့ စားကြွင်းစားကျန်များပေါ်မှ မှိုများ က လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်ဆယ်ခဲ့သည်။ ယနေ့ ပင်လယ်ကူးသင်္ဘောများ အန္တရာယ်ကင်းစွာဖြင့် ကုန်စည်များစွာ သယ်ယူပို့ဆောင်နိုင်ခြင်းက အာခိမိဒိရေချိုးရင်း အမှတ်တမဲ့အဖြစ် အပျက်ကို ဖြန့်ထွက်စဉ်းစားတီထွင်ခဲ့သည့် နည်းပညာများကို အခြေ ခံခဲ့ခြင်းဖြစ်ပါသည်။ လူတိုင်းကိုယ်စီ အမှတ်တမဲ့ဖြစ်ရပ်များကို အလေးထား ဂရုပြုမည်ဆိုပါက လောကကောင်းကျိုး၊ လူသားကောင်း ကျိုးများစွာကို ဖြစ်ပေါ်စေမည့် အခြေခံအချက်များကို ဖြစ်ပေါ်စေ မည် ဖြစ်ပါသည်။
ကျွန်တော်တို့သည်လည်း နေ့စဉ်ကိုယ်တွေ့ဖြင့်လည်းကောင်း၊ စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်းများဖြင့် ပြောဆိုဆက်ဆံခြင်းဖြင့်လည်းကောင်း ရယ်မောဖွယ်ရာ ဟာသများကို ကြုံတွေ့ခဲ့ဖူးပါသည်။ ကြုံတွေ့ရသည့် ဟာသကလေးများကို ဟာသအဖြစ်သာ ကျွန်တော်တို့ အမှတ်တမဲ့ မေ့မေ့ပျောက်ပျောက်ထားခဲ့ကြသည်။ ဟာသကလေးများကို ဟာသ အနေဖြင့်သာမက ဖြန့်ထွက်တွေးမိပါကလည်း လောကကောင်းကျိုး၊ လူသားအကျိုးများအတွက် အတွေးအခေါ်ဒဿနများ ပေါ်ထွက်လာ သည်ကို ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်မိရင်းတွေးမိခဲ့ပါသည်။
ယခုအချိန်တွင် နိုင်ငံတစ်ဝန်းလုံး၌ GSM, CDMA 450MHz , CDMA 800MHz, WCDMA, IP Star စသည့် အခြေခံ အမျိုးမျိုးသော ဆက်သွယ်ရေးနည်းစနစ်များပေါ်မှ တယ်လီဖုန်းများ စွာကို ဆက်သွယ်နိုင်ကြပြီဖြစ်ပါသည်။ ကြိုးမဲ့ဆက်သွယ်ရေးများ မထွန်းကားမီကပင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် ဖုန်းနံပါတ် မှားယွင်းပြီးဆက်သွယ်လာသည်များကို အနည်းနှင့်အများကြုံဖူးကြပါ မည်။ ထိုအခါ နံပါတ်မှားဝင်လာပါက ပြေပြေလည်လည်ပြောဆို၍ရသောသူများနှင့် ကြုံရသလို မချေမငံ ပြောဆိုသူများလည်း ကြုံတွေ့ ရပါသည်။ အချို့ကတော့ မိမိခေါ်သောဖုန်းနံပါတ်မှားနေသော်လည်း အဖန်တလဲလဲ ဆက်သွယ်ကြ၍ တစ်ဖက်နှင့်တစ်ဖက် အပြန် အလှန် အပြောအဆိုမပြေမလည်ဖြစ်သွားတတ်ပါသည်။ တချို့က တော့ မှားဝင်လာသောဖုန်းကို ဟာသလုပ်ပစ်လိုက်ကြပါသည်။ ဖတ်ဖူးသော စာတစ်ပုဒ်တွင် အကြိမ်ကြိမ်မှားဝင် လာသောဖုန်းက ဆေးရုံတက်နေသောလူနာအကြောင်းမေးမြန်းခြင်းဖြစ်ပါသည်။ ဖြေကြားရန် စိတ်မပါတော့သော ဖုန်းအမှားခံရသူက အဲဒီလူနာဆုံးသွားပြီဖြစ်ကြောင်းဖြေကြားရာ အနီးအနားရှိ သူငယ်ချင်းက မင်းဖုန်း မှားနေတာကို ဘာလို့ဒီလိုပြောရသလဲမေးရာ ဖြေကြားခဲ့သူက သေ သွားတယ်ဆိုတဲ့ သူ့မိတ်ဆွေကိုသွားကြည့်ရင် မသေသေးတာကိုမြင်ရ တော့ ပျော်သွားမှာပေါ့ လို့ ပြန်ပြောပြတဲ့ ဟာသကလေးကို ဖတ်ခဲ့ဖူး ပါသည်။ ဤဟာသကိုလည်း ဟာသအဖြစ်သာ မေ့မေ့ပျောက်ပျောက် ထားခဲ့ပါသည်။
ယင်းဟာသကလေးကို ဖြန့်ထွက်တွေးခေါ်တတ်သူလက်ထဲ ရောက်သွားသည့်အခါမှာတော့ ဤအဖြစ်အပျက်ကလေးက ဒဿန များစွာဖြစ်ပေါ်လာစေပြီး လူသားများစွာအတွက် အတွေးအခေါ် အကျိုးရှိစေသည့် ဇာတ်ကားကောင်းတစ်ကားကို ဖန်တီးခဲ့ပါသည်။ ဟောလိဝုဒ်မှထွက်သည့် ဇာတ်ကားမဟုတ်သော်လည်း ဇာတ်အိမ်၊ ဇာတ်လမ်းကောင်းများစွာကို ဖန်တီးထုတ်လုပ်နေသည့် အိန္ဒိယ ဘောလိဝုဒ်မှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထွက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းကာလ၌ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့ ကျော်ကြားခဲ့သည့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါသည်။ ယင်းဇာတ် ကားကို တစ်ချိန်က နာမည်ကြီး ၃ ှိုသငအျ ရုပ်ရှင်ကို ရေးသား၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်ခဲ့သော ဒါရိုက်တာ ရာ့ချ်ကူးမားက ယင်းဇာတ် ကားမှ မင်းသားဖြစ်သည့် အမီရ်ခန်း နှင့်ပင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စု ဟုအမည်ပေးခဲ့ပါသည်။ ဤဇာတ်ကားတွင် 3 Idoits မှ ဇာတ်ပို့ အတော်များများကိုလည်း ပြန်လည်တွေ့ရှိရပြီး အဓိကအနေဖြင့် ဇာတ်ကိုဆွဲခေါ်သွားခဲ့သည့် အချက်က အထက်ပါ ဖုန်းမှားဝင်ခြင်း ဇာတ်ကွက်ကလေးကို အခြေခံခြင်းဖြစ်ပါသည်။
ဖုန်းမှားဝင်ခြင်းဖြင့် လိုရာကို မရောက်တော့ဘဲ ဖြစ်ချင်ရာဖြစ် နေတတ်သည့် သဘောကိုဆိုလိုခဲ့ပြီး မိမိဘက်မှ ကြိုးစားပမ်းစားဖုန်း ခေါ်သော်လည်း တစ်ဘက်သည် နံပါတ်မှားနေသောဖုန်းဖြစ်သဖြင့် မိမိအလိုရှိ ရာကိုမရောက်နိုင်တော့ခြင်း၊ မှားနေသော နံပါတ်က မိမိ အတွက် အကျိုးမရှိဖြစ်စေခြင်း၊ ကြိုးစားမှု အရာမထင်နိုင်ခြင်းကို ဘာသာတရားအခြေခံ၍ လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားချစ်ခင်နိုင်ရေး ဒဿနပေးသည့် အကျိုးပြု ဇာတ်လမ်းတစ်ခုအဖြစ် ခံစားကြည့်ရှုခဲ့ရပါသည်။
ဒီဇာတ်လမ်းကလေးကိုကြည့်ပြီး မိမိလုပ်ငန်း၊ တာဝန်များနှင့် နှိုင်းယှဉ် စဉ်းစားခဲ့မိပါသည်။ ကျွန်တော်တို့ လည်း ဖုန်းနံပါတ်မှားနေ ပြီလား။
စားသုံးသူများကိုအကာအကွယ်ပေးရန် ရည်ရွယ်လျက် နိုင်ငံတော်၏ ဌာနဆိုင်ရာတစ်ခုအနေဖြင့် ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်နေကြပါသည်။ ဒီတစ်နှစ်အတောအတွင်း ကျောင်းသား ကျောင်းသူလူငယ်များ၊ ဈေးဝယ်သူများ၊ ဈေးသည်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စသည့် စားသုံးသူပြည်သူများထံ စားသုံးရန် မသင့်သည့် အစားအသောက်များအကြောင်း နယ်တကာ၊ ရပ်တကာလှည့်လည် ၍ပညာပေးဟောပြောနေကြပါသည်။ နေ့စဉ်သုံးစွဲနေသည့် စားဆီ၊ အရောအနှောပါသော အစားအစာ၊ ဆိုးဆေးအသုံးပြု ဟင်းချက် ဖွယ်ရာများ၊ ဓာတုဗေဒ ဓါတ်ကြွင်းများသော သီးနှံ၊ ပိုးသတ်ဆေး၊ ကြီးထွားဟိုမုန်းများစွာပါသော ဟင်းသီး ဟင်းရွက်၊ အသား၊ ငါးများ အကြောင်း ဟောပြောပြီး အစားအသောက်ကို ဆင်ခြင်စားသုံးနိုင် ကြရန် တိုက်တွန်းပါသည်။ လူတိုင်း၏ အိမ်တံခါးကိုလာခေါက်နေသည့် ကင်ဆာအိပ်မက်ဆိုးကို တွန်းလှန်ကာကွယ်နိုင်ရန် ကျွန်တော်တို့ ကြိုးပမ်းနေကြပါသည်။ ကျန်းမာပျော်ရွှင်သော အနာဂတ်သစ်များ ဖြစ်တည်စေရန် ကျွန်တော်တို့ တတ်စွမ်းသမျှလေး ကြိုးစားနေကြ သည်။ စီးကရက်အပါအဝင်ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ဘီယာ၊ ဝိုင် တို့၏ ဆိုးကျိုးများကိုလည်း လက်ကမ်းစာစောင်များ၊ ပိုစတာများ နှင့်တကွ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လက်ထက်တော်ကတည်းက တားမြစ်ခဲ့သည့် အရာများဖြစ်သည့် အပြင်နှစ်ပေါင်း ၂၅၀၀ ကျော် အနည်းဆုံးအမြစ်တွယ်နေသည့် စွဲလမ်းမှုဆိုတော့လည်း လွယ်တော့သိပ်မလွယ်လှ။
တို့အညာသားတွေကလည်း အစွဲအလမ်းကတော်တော်ကြီး တတ်ပါသည်။ စိတ်ထဲမှတ်ထင်စွဲထားပြီးပါ က ဒီအစွဲ ကို တော်တော် နဲ့ဖျောက်ခိုင်းလို့မရတတ်။ ဟင်းချိုမှုန့်၊ အချိုရည်တို့တွင်ပါဝင်သည့် ဓာတုဒြပ်ပေါင်း တွေကြောင့် ဆိုးကျိုးတွေဖြစ်တတ်သည့်အကြောင်း ကို နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှ တစ်ဆင့် လွန်ခဲ့ သည့် ၁၈ နှစ်လောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးခဲ့သော်လည်း စားသုံးသူတွေက စားသုံး၊ နိုင်ငံတော်က တင်သွင်း မှုတားမြစ်ပိတ်ပင်ခဲ့သော်လည်း ခိုးသွင်းသူက ခိုးသွင်း၊ ဖြန့်ချိပေးသူ တွေ၊ ရောင်းချပေးသူတွေကလည်း ကျယ်ကျယ် ပြန့်ပြန့်ဖြန့်ချိခဲ့ကြ။ လျော့သွားတယ်လို့မရှိခဲ့။ နိုင်ငံတော်အနေဖြင့်သာ အခွန်၊ အကောက် ငွေတွေဆုံးရှုံးရတာပဲ အဖတ်တင်ဖြစ်ခဲ့ရတာကို လေ့လာမိပါသည်။ ထို့အပြင် လူများစားသုံးရန်မသင့်သည့် ဓာတုဗေဒဆေးတွေ အသုံးပြု ထားသည့် ဆိုးဆေးတွေအသုံးပြုထားသည့် အစားသောက်တွေမစား ကြပါနဲ့လို့ စာစောင်တွေ၊ ရုပ်သံတွေမှာ ဘယ်လိုပဲ ဖြန့်ဝေပညာပေး ပေး၊ တားမြစ်ပစ္စည်းမှ ပိုလို့ရောင်းကောင်းသလား ထင်ရလောက် အောင်ကို ရောင်းဝယ်သူတွေ ပိုမိုချမ်းသာသွားတာလက်တွေ့ပါ။ မိတ်ဆွေတစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်း က ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ပါသည်။ တော်တော်လည်း စီးပွားရေးအရ အောင်မြင်ခဲ့ပါသည်။ စီးပွားရေး ပြေလည်တာနဲ့အမျှ နိုင်ငံတကာသို့ သွားရောက်ပြီး လေ့လာမှုတွေအရ စီးပွားရေး၊ လူမှုရေးအမြင်တွေ ကျယ်ပြန့်လာခဲ့ပါသည်။ အတွေး အမြင်ကျယ်ပြန့်လာသည်နှင့်အမျှ ကျန်းမာရေးအရ ထိခိုက်စေနိုင် တဲ့ ဓာတုပစ္စည်းတွေကို သူရောင်းချသည့် ကုန်စည်တွေမှာ ထည့်သွင်း ခြင်းမရှိတော့ဘဲ အချိန်မရွေး ကျန်းမာရေးရှုထောင့်မှ စစ်ဆေးခြင်းခံ နိုင်တဲ့ ကုန်စည်တွေအဖြစ် ပြောင်းလဲရောင်းချခဲ့ပါသည်။ သူ့ရဲ့ စေတနာ ကတော့ အကျိုးပေးပါသည်။ ဘယ်လိုအကျိုးပေးသွားသလဲ ဆိုတော့ သူ့ရဲ့ဖောက်သည်မိတ်ဆွေတွေက စီးပွားပြိုင်ဘက် ဆိုင်တွေ ဆီကို ပြောင်းသွားခြင်းဖြစ်သည်။
ယင်မနားတဲ့ ငါးပိ၊ ငါးခြောက်တန်းကို မိတ်ဆွေတို့ ဖြတ်သန်း သွားလာဖူးကြမှာပါ။ ယင်တောင်မနားတဲ့ စားသောက်ကုန်တွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ယင်မနားအောင်စီစဉ်တော့မှာပါ။ တင်ပြပါ စားသောက်ကုန်တွေကို စားသုံးရန်မသင့်လို့ နိုင်ငံတော်က အကြိမ်ကြိမ်၊အခါခါ ပြောပြခဲ့ပါတယ်။ ဘယ် လောက်ပဲဟောဟော တစ်နှစ်ထက်တစ်နှစ် ကင်ဆာဖြစ်ပွားမှုနှုန်းတွေတက်လာတာက စားသုံးသူတွေဘက်က လိုက်နာမှု မရှိကြဘူးဆိုတာ ပေါ်လွင်နေတာ ပါပဲ။
ကျွန်တော်တို့ စားသုံးသူရေးရာဌာနသည် စားသုံးသူတွေဘက် က နစ်နာမှုတွေ မရှိအောင်ဆောင် ရွက်ရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်း ခဲ့ပါသည်။ စားသောက်ကုန်ပစ္စည်းတွေမှာ ပြည်တွင်းက ထုတ်လုပ် သည့် ကုန်စည်များကို စားသုံးရန်သင့်^မသင့် စိစစ် ခွင့်ပြုရုံသာမက စားသုံးရန်မသင့်သည့် ကုန်စည်များ ပြည်ပမှ ဝင်ရောက်လာခြင်း မရှိ စေရန် ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ စစ်ဆေးရာတွင် ကျန်း မာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ခွင့်ပြုချက်အထောက်အထားများကို အခြေခံစစ်ဆေးခြင်း ဖြစ်ပါသည်။ ပြည်ပမှ အစားအသောက်တင်သွင်းရာတွင်လည်း ယင်း ဌာန၏ ခွင့်ပြုချက်အထောက်အထား ရယူခွင့်ပြုခြင်းဖြစ်ပါသည်။ အခါအားလျော်စွာ ဝန်ကြီးဌာနအသီးသီးက တင်သွင်းရန် ခွင့်မပြု ကြောင်း အကြောင်းကြားချက်တွေအရလည်း တင်သွင်းခွင့် ပိတ်ပင် တားမြစ်ပါသည်။ နိုင်ငံတော်နှင့် ဌာနဆိုင်ရာများက ကြေညာချက် တွေထုတ်ပြီး မစားရန်ကြေညာသည့်ဌာနက ကြေညာ၊ တားမြစ်သည့် ဌာနကတားမြစ် စသည်ဖြင့် ဆောင်ရွက်နေကြပြီ၊ လက်တွေ့ အရပ် ထဲ၊ ဈေးထဲမှာရော ဘယ်လောက်ထိ ကျင့်သုံးနေပြီလဲ။ ကျွန်တော် တို့ စားသုံးသူတွေဆီ ဖုန်းဆက်နေပါပြီ။ အကြောင်းကြားနေပါပြီ။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စားသုံးသူရေးရာဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးဦးစီးဌာနတို့ ပူးပေါင်းလျက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့ကြီးများရှိ စည်ပင်သာယာဈေးများ အတွင်းရောင်းချလျက်ရှိသည့် စားသောက်ကုန်များကို နမူနာရယူ စစ်ဆေးခဲ့ပါသည်။
နမူနာယူရမည့် စားသောက်ကုန်များကို ကြည့်ရှုလိုက်သော အခါ တရုတ်စာတမ်းများပါသော ပါကင်ကို အသုံးပြုထားသည့် ကုန် အမှတ်တံဆိပ်မပါသော မုန့်များ၊ ထုတ်လုပ်သည့် လိပ်စာမပါသော မုန့်များကို တွေ့ရပါသည်။
လိပ်စာတောင်မပါမှတော့ ထိုမုန့်တွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံး သည့်နေ့စွဲများ မပါတော့တာ မဆန်းတော့ပါ။ ထို့အပြင် ဆိုးဆေးသုံး ထားမှန်း မျက်မြင်ပင်သိသာလွန်းသည့် အချဉ်မျိုးစုံ၊ နနွင်းမှုန့်၊ ငရုတ် သီးမှုန့်များ၊ တင်သွင်းခွင့်ပိတ်ပင်ထားသည့် ကွမ်းယာသုံး အမွှေး အကြိုင်အတုများ၊ ဆက်သွယ်ရန်လိပ်စာမပါ ဒေသတွင်းထွက် ငံပြာ ရည်မျိုးစုံ၊ အမြင်လှသည့် ယင်မနားငါးပိ၊ ငါး ခြောက်များ၊ ပါကင် လှလှဖြင့် ထုတ်လုပ် ထားသော်လည်း ကျန်းမာရေး ဌာန ထောက်ခံ ချက်မပါ၊ ထုတ်လုပ်ခွင့်မပါသည့် ကွမ်းစားနှပ် ဆေးမျိုးစုံတို့ကို ပြောင် ပြောင်တင်းတင်းရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဈေးဆိုင်ပိုင် ရှင်များကို စုံစမ်းမေးမြန်းကြည့်မိတော့ ဒီလိုပစ္စည်းမရောင်းရမှန်းကို သိပင်မသိတဲ့။ ထုတ်လုပ်သူများကလည်း ကျန်းမာရေးထောက်ခံချက် ယူရမှန်း၊ ထုတ်လုပ်ခွင့်တောင်းခံရမှန်းကို မသိချင်ယောင်ဆောင်နေ ကြ၊ ကွမ်းယာသုံး အမွှေးအကြိုင်ရောင်းချသူကိုတော့ ပြည်ပမှ တရား မဝင် တင်သွင်းတာမဟုတ်ဘဲ ပြည်တွင်းဖြစ်ကို အားပေးလို့ ချီးကျူးရ တော့မလို။
နမူနာယူပြီး စစ်ဆေးရန်ပင် အားမရှိတော့၊ တွေ့နေရတာတွေ အားလုံးနီးပါးက မျက်မြင်နှင့်ပင် တားမြစ်ရမည့် ပစ္စည်းများသာဖြစ်လို့ နေပါသည်။ ပိုဆိုးတာက ပြည်ပမှ တင်သွင်းရာလမ်းကြောင်း တစ်လျှောက် တားမြစ်ပိတ်ပင်ထားသည်။ စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးဖျက်ဆီးနေသည့် တရားမဝင် စားသောက်ကုန်စည်များ ရောင်းချနေခြင်းကို တွေ့မြင်နေရခြင်းဖြစ်သည်။ စားသုံးသင့်ကြောင်း ခွင့်ပြုလက်မှတ် မပါသည့် မုန့်မျိုးစုံနှင့် ကြက်အူချောင်း၊ ဝက်အူချောင်း များ။ တရားမဝင်ကုန်သွယ်မှုများကို တားဆီးနေသည့်ဌာနမှ ဝန်ထမ်း တစ်ဦးအနေဖြင့် အတွေ့အကြုံအရ မျက်မြင်အခြေအနေဖြင့်ပင် ကုန်စည်ကို ပြည်တွင်းထွက်ပစ္စည်း၊ ပြည်ပမှ တရားမဝင် ကုန်ပစ္စည်း ဆိုသည်ကို ခွဲခြားသိရှိပါသည်။ ဈေးနှုန်းကတော့ ပြည်တွင်းထုတ် ပစ္စည်း တန်ဖိုး၏ လေးပုံတစ်ပုံသာရှိသည်။ သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးသည့်တာဝန်ကို ထမ်းဆောင်ခဲ့သူအနေဖြင့် မချိတင်ကဲ ခံစား ရသည်။ သူတို့ရောင်းဝယ်ရေး လုပ်ငန်းကလည်းစနစ်တကျ လည် ပတ်နေခြင်းဖြစ်သည်။ တရားမဝင် ကုန်စည်များဖြစ်နေပါလျက် နိုင်ငံ တော်အသိအမှတ်ပြု စည်ပင်သာယာဈေးကြီးများအတွင်း ရောင်းချ နေခြင်းဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ မကြာခဏဆိုသလို စားသုံးရန်မသင့်သည့် အစား အသောက်များစာရင်း၊ သုံးစွဲရန်မသင့် သောက်ရေသန့်များစာရင်း ထုတ်ပြန်လေ့ရှိပါသည်။ ယခုလည်း သြဘငူန ူဘေ ဖြင့် စားသောက် ကုန်နှင့် အလှကုန်များကို နိုင်ငံတစ်ဝန်း စစ်ဆေးနေသည်ကို သတင်း စာများ၊ ရုပ်သံများမှ တွေ့မြင်ကြားသိနေရပါသည်။ သုံးစွဲရန်မသင့် စားသောက်ကုန်စည်နှင့် သောက်ရေသန့်များ ကြေညာတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါ သည် ဆိုသည့် စကားရပ် အမြဲပါရှိသည်ကို တွေ့ရှိရပါသည်။ သို့သော် မည်သည့် ကုန်စည်ကိုတော့ ဆက်လက်ထုတ်လုပ်ရောင်းချ နေသည် ကို တွေ့ရှိရသဖြင့် မည်သို့ အရေးယူ လိုက်သည်ဆိုသည့် သတင်းများ မကြားရ။ ထုတ်ပြန်ချက်ကို လေးစားလိုက်နာနေသည်ဟု မှတ်ယူထား ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သော စားသုံးသူအကာအကွယ်ပေးရေးဥပဒေ တွင်လည်း ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ကို ခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါး ဆယ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခြင်းခံရမည် ဟုပါရှိပါသည်။ သို့ရာတွင် ဈေးများအတွင်း စစ်ဆေး ကြည့်မှ ကြေညာထားသည့် စားသောက်ကုန်များအပြင် စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းစဉ် စည်းကမ်းချက်များကိုလည်း လိုက် နာခြင်းမရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် စားသောက်ကုန်ထုတ်လုပ် ရန် စည်းကမ်းများလိုက်နာခြင်းမရှိရုံသာမက ခွင့်ပြုချက်ကိုပင် တောင်းခံခြင်း မရှိကြောင်းစုံစမ်းသိရှိရပါသည်။
တယ်လီဖုန်းဆက်ရာတွင် နံပါတ်မှန်ကိုရောက်မှသာ မိမိဆန္ဒ အောင်မြင်မည်ဖြစ်ပါသည်။ နံပါတ် အမှားကို ဆက်သွယ်မိပါက မလို လားအပ်သောအဖြစ်အပျက်များဖြစ်မည့်အပြင် မမျှော်မှန်းနိုင်သည့် ဆုံးရှုံးမှုများလည်း ဖြစ်လာနိုင်ပါသည်။ နံပါတ်အမှန်ကို ဆက်သွယ် သော်လည်း ကြားခံဆက်သွယ်ရေးကိရိယာများ ဖြစ်သည့် တယ်လီဖုန်းကြိုးလည်းမပြတ်ဖို့လိုပါသည်။ အိပ်ချိန်းတွင်လည်း လျှပ်စစ် မီးမပြတ်ဖို့လိုပါသည်။ ဖုန်းကြိုး တိုင်များလည်း မလဲစေဖို့လိုပါသည်။ ထို့အပြင် မိမိလက်ခံဖုန်းခွက်လည်း ကောင်းဖို့လိုပါသည်။
ကျွန်တော်တို့ဌာနများအနေဖြင့် စားသုံးသူများ အန္တရာယ်မဖြစ် စေရန် အသိပညာပေးဟောပြောနေပါ သည်။ စားသုံးရန်မသင့်သည် များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းများမရှိစေရန် တားဆီးပိတ်ပင် နေပါသည်။ လူထုအတွင်း၊ စားသုံးသူများအတွင်း ကွင်းဆင်းစစ်ဆေး လျက်ရှိပါသည်။ စားသုံးသူရေးရာဌာနမှ စားသုံးသူများထံ ဖုန်း ဆက်နေပါသည်။
နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံအစီအစဉ်များမှ စားသုံးရန် မသင့်ဟု ကြေညာသည့်ကုန်စည်များ၊ တင်သွင်းရာလမ်းတစ်လျှောက် ဖမ်းဆီးအရေးယူနေသည့် ကုန်စည်များကိုတွေ့ရှိပါက တွေ့သည့် နေရာတွင်ပင် ချက်ချင်းဖမ်းဆီးအရေးယူနိုင်ရပါမည်။ ဈေးများ အတွင်း ရောင်းချခြင်းမပြုရန် တားမြစ်နိုင်ရပါမည်။ ကျန်းမာရေးဌာန ၏တာဝန်၊ စားသုံးသူရေးရာဌာန၏ တာဝန်ဟူ၍ တာဝန်ခွဲခြားနေရန် မလိုပါ။ နိုင်ငံ့ဝန်ထမ်းအားလုံးသည် နိုင်ငံသားအားလုံးကို အလုပ် အကျွေးပြုရမည့် မွေးရာပါ တာဝန်ဖြစ်ပါသည်။ ကျွန်တော်တို့ ဆက် သွယ်ရေးလိုင်းများ ကောင်းနေစေချင်ပါသည်။ ဖုန်းကြိုးတိုင်များလဲ မနေစေချင်ပါ။
နိုင်ငံတော်မှ ကြေညာသည့် စားသောက်ကုန်စည်များကို စားသုံးသူများအနေဖြင့် မှတ်မိသိရှိနေသင့်ပါသည်။ ကြေညာသူ၊ တားဆီးပိတ်ပင်သူဝန်ထမ်းအင်အားသည် စားသုံးသူများ၏ အင်အားဖြင့် နှိုင်းစာလျှင် အလွန်ပမာဏနည်းသဖြင့် လက်ယှက်ထိုး မကာကွယ်နိုင်ပါ။ စားသုံးသူရှေ့သို့ ရောက်ရှိလာသည့် စားသုံးရန် မသင့် စားသောက်ကုန်စည်များအား တွေ့ရှိပါက မိမိတို့ ကိုယ်ပိုင် အသိစိတ်ဓါတ်ဖြင့် မိမိကိုယ်မိမိ ကာကွယ်ရန်လိုအပ်ပါသည်။ အဓိက ကတော့ မိမိကို ဌာနဆိုင်ရာများက ကာကွယ်နေခြင်းဖြစ်၍ မိမိ ကိုယ် မိမိတော့ ချစ်မြတ်နိုးရန် ဖြစ်ပါသည်။ တယ်လီဖုန်းခွက်ကိုယ်တိုင်ကလည်းကောင်းနေမှသာလျှင် ဆက်သွယ်မှုရရှိမည် ဖြစ်ပါသည်။
ကျွန်တော်တို့ နံပါတ်အမှန်ကလေးများကို မှန်မှန်ကန်ကန် ဆက်သွယ်လိုပါသည်။