Main menu

Background

ပို့ကုန်သွင်းကုန်ချိန်ခွင်လျှာညီဖို့ ကြိုးစားကြပါစို့

Tue, 04/28/2015 - 17:36 -- journal_editor

အတွဲ(၁၅) အမှတ်(၁၅)

     ယခုတင်ပြမယ့် စာစုလေးဖြစ်လာပုံက ဒီနှစ်သြင်္ကန်အကြိုနေ့ ကိုယ်လဲ အိမ်မှာရှိတဲ့စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာတွေဘေးမှာ စုပုံလို့ ဟိုဟာဖတ်လိုက် ဒီဟာဖတ်လိုက်၊ ဟိုဟာမှတ်လိုက် ဒီဟာ မှတ်လိုက် လုပ်နေတုန်း ဈေးသည်တစ်ဦးဝင်လာပါတယ်။ အိမ်ရှင်မ ဈေးဝယ်တယ်ဆိုကြပါစို့၊ သြင်္ကန်အတွင်းကာလတစ်ခုမှာ ဈေးကြီး ပိတ်တာဆိုတော့ ကြိုဝယ်သင့်တာဝယ်တာပေါ့ဗျာ၊ အသီးအရွက်နည်း နည်းစီ၊ အသားစို၊ အသားခြောက် ဟိုနည်းနည်း ဒီနည်းနည်းဝယ်ပါ တယ်။ ဈေးဝယ်တာ ဘာဆန်းသလဲ မဆန်းပါဘူး။ ကိုယ်ကဘေးက ကြည့်နေတာဆိုတော့ မဆန်းပေမယ့်ထူးတာလေးတွေမြင်နေရတယ် ဗျာ။ ဈေးသည်ရဲ့ ချိန်ခွင်လျှာဘောင်ပိတ် အထွက်ဆို ဒါချိန်ခွင် "မ"ပုံ၊  ချိန်ခွင်လျှာကို လက်ခလယ်နဲ့ ထိန်းပုံ၊ မပြည့်လို့ ထပ်ထည့်တဲ့ပစ္စည်း ဖြည်းဖြည်းမထည့်ဘဲ ပစ်ထည့်ပုံ၊ အဲဒီအခိုက် ချိန်ခွင်လျှာအောက် စိုက်ဆင်းသွားပုံ၊ ဒါက ရောင်းသူဈေးသည်အပိုင်း၊ ဝယ်သူအပိုင်း အိမ်ရှင်မက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ထပ်တည့်ဦး၊ အဆစ်ထပ် ထည့်မှပေါ့၊   ညည်းအလေးမှန်ရဲ့လား စသည်ဖြင့် အဆုံးသတ်တော့ ရောင်းသူမှာ မနာ၊ ဝယ်သူမသာပဲ ဘယ်လိုပဲ ရောင်းရောင်း ဘယ် လိုပဲ ဝယ်ဝယ် ဈေးသည် ပြန်ထွက်သွားတော့ အိမ်မှာရှိတဲ့  ချိန်ခွင် အလေးနဲ့ ပြန်ချိန်ကြည့်တော့ ထူးဆန်းအံ့သြဖွယ်ရာ ချိန်ခွင်လျှာဟာ အလယ်တည့်တည့်မှာ ရပ်တည်လို့ဗျာ၊ အဲသူ့အရပ်နဲ့သူ့ဇာတ်တော့ ကိုက်လို့ဗျာ။ သူတို့လည်း သူတို့အလုပ်လုပ် ကိုယ်လည်းကိုယ့်စာကို ဆက်ဖတ် အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ တိုင်းပြည်တစ်ပြည်ရဲ့ ကုန်သွယ်မှုလိုငွေဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် အန္တရာယ် ရှိနိုင်၊ မရှိနိုင် အကျိုးဖြစ်ထွန်းမှု ရှိ၊ မရှိဆိုတာ ဖတ်ရပါတယ်။
         တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ ဘယ်မှာမဆို သဘာဝပေး သော ထွက်ကုန်၊ လူတို့အဆင့်ဆင့် ပြုပြင်ဖန်တီးလုပ်ဆောင်ကြတဲ့ ထုတ် ကုန်ဆိုတာ ရှိကြတာပါပဲ၊  ဒါပေမယ့်ကိုယ့်နိုင်ငံရဲ့ ထွက်ကုန်သည် ကိုယ့်ပြည် တွင်း စားသုံးကြတဲ့ လူဦးရေဆိုတာ ရှိနေလေတော့  ပိုမှု လိုမှုဆိုတာလည်းရှိမှာပေါ့၊ ဒီတော့  ပိုရင် ရောင်းမယ် လိုရင်ဝယ်မယ် ဒါကပုံမှန်ဖြစ်စဉ်၊ တစ်ခါကိုယ့်နိုင်ငံမှာက လိုနေတဲ့ပစ္စည်း ကိုယ့်နိုင်ငံ အတွင်းက ထွက်ကိုမထွက်ဘူး၊ လိုနေတယ်၊ သတ်သတ်သီးသန့်ကို မှာရတယ်၊ ဒါကတော့အပိုအလိုတန်းညှိလို့မရဘူး၊ ဒီတော့ ဝယ်ကို ဝယ်ရမယ်ဆိုတော့ အလိုသက်သက် ဘာပဲပြောပြော ဖော်ပြပါ အကြောင်း အရာတွေအရ  တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်မှုပြုရမယ်ဆိုတဲ့ မလွဲ နိုင်တဲ့ သဘာဝအကြောင်းတရား တစ်ခုဖြစ်ပေါ်လာတာပါပဲ။
        "ကောင်းပြီ"ကုန်သွယ်မှုဆိုတာရဲ့နောက်မှာ ကိုယ့်ပြည်တွင်း မှာပိုလို့ ပို့ရတဲ့ ပို့ကုန်၊ ကိုယ့်ပြည်တွင်းမှာ လိုလို့ သွင်းရတဲ့ သွင်းကုန်၊ ဒီနှစ်ခုနှိုင်းယှဉ်ကြည့်ရင် ဘယ်ဟာက တိုင်းပြည်အတွက် အကျိုးဖြစ် စေတာလည်း လွယ်လွယ်တွေးရင် ကိုယ့်တိုင်းပြည်က ရောင်းရတဲ့ ဘက်က ချိန်ခွင်လျှာသာရင် တိုင်းပြည်ချမ်းသာမှာပေါ့ဗျာ။ ဒီတော့ ပို့ကုန်များများ ရှိရင်ကောင်းမယ်။ ကိုယ့်ပြည်တွင်းကလိုလို့ အခြား တစ်ပါးသော နိုင်ငံက သွင်းရရင် တိုင်းပြည်ဘဏ္ဍာ ကုန်မယ်၊ နိုင်ငံ ခြားငွေ ထွက်မယ်၊ ဒီတော့ ပို့ကုန်ထက် သွင်းကုန်နည်းစေချင်တာ သဘာဝကျတယ်ပေါ့၊ သို့သော်လည်း ခက်ခက်ခဲခဲ နက်နက်နဲနဲ စဉ်းစားကြည့်ဖို့တော့ လိုပါလိမ့်မယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြောခဲ့ဖူးပါတယ်။ လက်ရှိပြည်ပက သွင်းကုန်ပမာဏ များနေရခြင်း မှာ ဝန်ဆောင်မှုလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းမှုများခြင်းလည်း ပါဝင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်တဲ့ ဟိုတယ်များ၊ သီလဝါ အထူးစီးပွားရေးဇုန်တို့ တည်ဆောက်ရာမှာ ဘိလပ်မြေမှအစ ပြည်ပမှ တင်သွင်းနေရသဖြင့် သွင်းကုန်ပမာဏများနေရခြင်းဖြစ် တယ်။ တစ်ခါ နိုင်ငံတော်သမ္မတ   စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်ကလည်း   ပြောဖူးတာကြည့်ရအောင်ပါ။  ပုံမှန်ကုန် သွယ်မှုမှာ လိုငွေပြတာတော့ အန္တရာယ်များတယ်။  ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှုအတွက် ပစ္စည်းတွေတင်သွင်းမှု များတာကတော့ သွင်း ကုန် သွင်းမှုများနေတာတွေ အန္တရာယ်မရှိပါဘူးလို့  ပြောခဲ့တာတွေကို ဖတ်ရ မှတ်ရတော့ ပို့ကုန်ထက် သွင်းကုန်များတိုင်းလည်း တိုင်းပြည် စီးပွားရေးအတွက် စိုးရိမ်စရာမလိုဘူး။ နည်းမှန်လမ်းမှန် ရင်းနှီးမြှုပ်နှံ  ကုန်ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံခြင်း သွင်းကုန်များခြင်းသည် ကောင်း သော အနေအထားကိုသာ တွန်းအားပေးနေရပြန်ပါတယ်။
        ဘဏ္ဍာနှစ်တစ်နှစ်မှာ တိုင်းပြည်ကုန်ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု သွင်းကုန်ပမာဏများနေတယ်။ နောက်ဘဏ္ဍာနှစ်တစ်နှစ်၊ နှစ်နှစ် အထိ များနေလိမ့်အုန်းမယ်။ အဲဒီနောက်အကျိုးဆက်က ရင်းနှီးမြှုပ်နှံ မှုကြောင့် တိုင်းပြည်သာ အကျိုးရှိတယ်။ သို့တည်းမဟုတ် ထွက်ကုန် ထွက်လာမယ်၊ ပြန်လည်တင်ပို့လာနိုင်တယ်ဆိုရင် ဝင်ငွေပြန်ဝင်လာ မယ်။ ကောင်းသော သွင်းကုန်မြင့်တက်မှုလို့ ပြောရမှာပါ။ ဒါမျိုးကို ကြိုဆိုရမယ်မဟုတ်ပါလား။ ကောင်းပြီ  ပို့ကုန်ကဏ္ဍတစ်ခုကိုပဲ ကြည့် ရအောင်ပါ။ မြင်သာပွင့်လင်းလာတဲ့ ခေတ်စနစ်ကြီးမှာ တိုင်းပြည်ပို့ ကုန်တိုးတက်လာနေတယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရနိုင်ပါဘူး။ လက်ရှိလည်း အစိုးရပိုင်းက ပို့ကုန်မြှင့်တင်ရန် ပို့ကုန်မဟာဗျူဟာ ကို ငါးနှစ်စီမံကိန်းရေးဆွဲပြီး မြန်မာနိုင်ငံရဲ့ ပို့ကုန်မဟာဗျူဟာကို ဂျာမနီနိုင်ငံမှ (GIZ ) နဲ့  နိုင်ငံတကာကုန်သွယ်မှုစင်တာ (ITC ) တို့မှ နည်းပညာ အကူအညီများရယူပြီး  ဆောင်ရွက်နေပါတယ်။ မြန်မာ့အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဦးစားပေးကုန်ပစ္စည်းများအနေဖြင့် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ လက်ခစားအထည်ချုပ်လုပ်ငန်း၊       သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ကုန်များ၊ ရော်ဘာနှင့် မီးခိုး မထွက်ဘဲ ဝင်ငွေရရှိသော ခရီးသွားလုပ်ငန်းစသည်ဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီတော့လည်း မြန်မာပြည်ရဲ့ ပို့ကုန် ပမာဏ တိုးတက်လာတာ မဆန်းဘူးလို့ပဲ ပြောရမှာပါ။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အာဆီယံနိုင်ငံအချင်းချင်းယှဉ်ရင်တော့ ပို့ကုန်ပမာဏ လျော့နည်းနေတာအမှန်ပါပဲ။
              ကိန်းဂဏန်းများဖြင့် ယှဉ်ကြည့်ရအောင်ပါ။ မြန်မာနိုင်ငံရဲ့ တစ်နှစ်ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်၊ ထိုင်း နိုင်ငံရဲ့ တစ်နှစ်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၉ ဘီလီယံ၊ မလေးရှားနိုင်ငံရဲ့  တစ်နှစ်ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၃၀ ဘီလီယံ၊ အင်ဒိုနီးရှားနိုင်ငံရဲ့  တစ်နှစ်ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၉၀ ဘီလီယံ၊ ဗီယက်နမ်နိုင်ငံရဲ့ တစ်နှစ်ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၈ ဘီလီယံ၊ တော်တော် ကွာဟနေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ၊ ဘာတွေ လိုအပ်နေတာ လဲ၊ နိုင်ငံချင်း၊ တိုင်းပြည်ချင်းယှဉ်ရင် ဘာကွာနေသလဲ၊ ဟနေသလဲ၊ လေ့လာကြည့်ရအောင်ပါ။ ကျွန်တော်တို့ ရွှေမြန်မာများဟာ မိမိတိုင်း ပြည်နဲ့ ပတ်သက်ရင် တော်တော်ဂုဏ်ယူတတ်ကြတာမျိုးပါ။ မြေ၊ ရေ၊  လေ သဘာဝသယံဇာတပေါကြွယ်ဝတဲ့ ရွှေနိုင်ငံလို့ဆိုပြီး ပြောလေ့ရှိ ပါတယ်။ ကျွန်တော်တို့ လူမျိုးမှာ စကားပုံတစ်ခုရှိပါတယ်။ "မြေဆူ လူအ" တယ်ဆိုတာပါ။ မြေသယံဇာတ ကောင်းနေလေတော့ ဘာ ပင်ပဲစိုက်စိုက် ဖြစ်ထွန်းအောင်မြင်လေတော့ လူအများ  ပျင်းပြီး၊ အလုပ်လုပ်ရာမှာ ဝီရိယမစိုက်ထုတ်လိုဘဲ 'အ' သွား  'ပျင်း'  သွားတာ ကို ဆိုလိုတာပါ။
ဖတ်မိတာတစ်ခု အမှတ်ရမိပါတယ်။ တစ်ခုသော အစိုးရခေတ မှာ အစ္စရေးနိုင်ငံက သစ်ပင်စိုက်ပျိုးသော ပညာရှင်နှစ်ဦးကို နိုင်ငံ ခြားငွေပေး ငှားရမ်းပြီး ရှမ်းပြည်နယ် ဗထူးဘက်မှာ သစ်ပင်စိုက် ခိုင်းပါတယ်။ အစ္စရေးက ပညာရှင်နှစ်ယောက်က မြန်မာနိုင်ငံ ဗထူး က မြေနေရာမှာ ဘာပင်စိုက်မယ် ဖြစ်သလား၊ ဖြစ်ပါတယ်ပေါ့။ ဘာ အပင်မေးမေး စိုက်ရင်ဖြစ်တယ်ပဲ ပြောတယ်။ ဒီတော့ ပညာရှင်နှစ် ယောက်က ပြောတယ်၊ ဘာပင်စိုက်စိုက်ဖြစ်နေတဲ့ မြေကိုငါတို့ကို ငွေ တွေပေးပြီး ဘာလို့သစ်ပင်စိုက်ခိုင်းတာလဲ၊ ငါတို့တတ်တဲ့ ပညာက ဘာမှ အပင်စိုက်လို့ မရတဲ့မြေ ဥပမာ သဲကန္တာရလိုမြေမျိုးမှာ သစ်ပင် စိုက်တဲ့ ပညာတတ်တာ၊ ဘာမှမဟုတ်ဘဲ၊ ဘာပဲစိုက်စိုက် စိုက်ပျိုးလို့ ရတဲ့မြေမှာ ဘာကိစ္စအတွက် ငါတို့ကို လိုမှာလဲ။ ဒီလို အလကားရတဲ့ ငွေကိုလည်း မလိုချင်ပါဘူးဆိုပြီး ပြန်သွားခဲ့ကြတယ်။ တစ်ကယ့် အဖြစ်အပျက်တစ်ခုပါ၊ ဒီဖြစ်စဉ်တစ်ခုမှာကို အတုယူစရာ ပြုပြင်စရာ ဝီရိယစိုက်ထုတ်စရာဆိုတာတွေ သွားတွေ့နေရပါတယ်။
                အထက်မှာဖော်ပြခဲ့တဲ့ ပို့ကုန်မဟာဗျူဟာအရ ဦးစားပေးကုန် ပစ္စည်း များထဲမှာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံဆိုတာတွေ ပါပါ တယ်။ အောင်မလေးဟယ် ဘာဆန်းလု့ိလဲ၊ ခါတိုင်းလည်း စိုက်နေကြ တာပဲလို့ ပြောလ့ိုမဖြစ်ပါဘူး။ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ပြီး တိုး တက်လာသော လူဦးရေ၊ စားသုံးမှုလိုအပ်ချက် ဈေးကွက်ဆိုတာတွေနဲ့ ညှိနှိုင်းချင့်ချိန်ပြီး အထွက်တိုးအောင် အထွက်များအောင် ကြိုးစား ကာမှ တန်ရာကျပါလိမ့်မယ်။ ပုံမှန်စိုက်တယ်၊ တစ်ဧကတင်း ၃၀၊ ၄၀၊ ၅၀၊ ထွက်တယ် တော်ပြီပေါ့။ ဒီခေတ်မှာမရတော့ပါဘူး။ ရင်းနှီးရတဲ့ ပမာဏအပေါ်မှာ အမြတ်ရဖို့ဆိုတာ အထွက်တိုးခြင်းသည် အဓိက ဆိုတာကို မြင်နေလေတော့ တစ်ဧက တင်း ၉၀၊ ၁၀၀ ၊ ၁၀၀ ကျော် ထွက်အောင် ကြိုးစားလုပ်ဆောင်နေကြတာ ကမ္ဘာနဲ့ အဝန်းမဟုတ်ပါ လား။ ဒါက စိုက်ပျိုးသူအပိုင်း၊ ရောင်းဝယ်သူအပိုင်းက ကြည့်ရအောင် ပါ။ ကမ္ဘာ့ကုန်သွယ်မှုဈေးကွက်မှ အစိုးရအချင်းချင်း လမ်းကြောင်း ရှာဖွေလမ်းဖောက်ပြီးမှ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များက နောက် က လိုက်လျှောက်ရတာမျိုးပါ။ မြန်မာနိုင်ငံကို အင်ဒိုနီးရှားသမ္မတ လာရောက်စဉ်က မြန်မာမှ ဆန်ရောင်းရန်၊ အင်ဒိုနီးရှားမှ ဓာတ်မြေ သြဇာ ရောင်းရန် အပြန်ပြန်အလှန်လှန် အစိုးရချင်း နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်မှာ နှစ်နှစ်ကျော်ပြီလို့ မှတ်သားမိပါတယ်။ အင်ဒိုနီးရှားမှ ဓာတ်မြေသြဇာရောင်းချရန် အဖွဲ့ကြီး၊ အဖွဲ့ငယ်များ မြန်မာနိုင်ငံကို အကြိမ်ကြိမ်လာရောက်ပြီး ညှိနှိုင်းတိုင်ပင်ကာ ဓာတ် မြေသြဇာ တန်ချိန်ပေါင်း မြောက်မြားစွာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ သူတို့လို မြန်မာနိုင်ငံက ဆန်စပါးလုပ်ငန်းရှင်နှင့်အဖွဲ့များ အင်ဒိုနီးရှား ကို ဘယ်နှစ်ကြိမ် သွားရောက်ဈေးကွက်ရှာဖွေ ညှိနှိုင်းရောင်းချနိုင် ကြပါပြီလဲ၊ ကွာဟနေပါတယ်။
                ကဲ ရောင်းမှုသဘောများ အစိုးရအချင်းချင်း လမ်းဖောက်တယ်။ တစ်ဖက်နိုင်ငံက သူ့အစိုးရဖောက်တဲ့လမ်း စီးပွားရေးလုပ်ငန်းရှင်က ဆက်လျှောက်တယ်။ ကိုယ့်ဘက်က  ကြည့်ပါ။ ကိုယ့်အစိုးရ  လမ်း ဖောက်တယ်။ ကိုယ့်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များ ဆက်မ လျှောက်ဘူး။ ဒီအနေအထားမှာ ပို့ကုန်နည်းတာ ဆန်းသလား။ စိုက် ပျိုးသူက  အထွက်တိုးအောင် ခေတ်စနစ်နဲ့အညီ စိုက်ပျိုးထုတ်လုပ် တယ်။ ရောင်းဝယ်ဖောက်ကားသူက ပုံမှန်ရောင်းတယ်၊ ထပ်မံချဲ့ထွင် ပြီး ဈေးကွက်ကို ရှာဖွေချိတ်ဆက်လမ်းသစ်မထွင်ဘူး၊ ဒီတော့ ပုံမှန် ပဲ ရောင်းရတယ်။  ပြည်ပဈေးကွက်မချိတ်ဆက်နိုင်တော့ ပို့ကုန် တန်ဖိုးမတက်တာ မဆန်းဘူးပေါ့။ သွင်းကုန်နဲ့ ပို့ကုန်ပမာဏကို ယှဉ် ကြည့်ကြဦးစို့။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ပို့ကုန် အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော် သွင်းကုန် ၉ ဘီလီယံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ပို့ ကုန် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်သွင်းကုန် ၈ ဒသမ ၅ ဘီလီယံ (အလို) ၊ အမေရိကန်ဒေါ်လာ ၂၇၀ သန်း၊ ၂၀၁၃-၁၄ ဘဏ္ဍာ နှစ် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်၊ သွင်းကုန် ၁၃ ဘီလီယံကျော် (အလို) ၂ ဘီလီယံကျော်၊  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်၊ သွင်းကုန် ၁၅ ဒသမ ၅ ဘီလီယံ၊ အလို ၅ ဘီလီယံကျော်ဖြစ်တာကြောင့် တစ်နှစ်ထက် တစ်နှစ် သွင်းကုန်များလာပြီး၊ ပို့ကုန်တိုးတက်သင့်သလောက် တိုး တက်လာသော်လည်း သွင်းကုန်နှင့် ယှဉ်ရင် ပို့ကုန် နည်းနေတာကို တွေ့ရပါတယ်။ သွင်းကုန်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ၄ လကျော်ချိန် မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့  ထုတ်ပြန် သောစာရင်းအရ အသေးစိတ်ပြန်ကြည့်ရင်-
                                    အမေရိကန်ဒေါ်လာ- သန်း
စဉ်    အမျိုးအမည်    ယခုနှစ်    ယခင်နှစ်    အပိုအလို
        ၂၀၁၄-၁၅    ၂၀၁၃-၁၄
၁။    မော်တော်ယာဉ်    ၆၅၅    ၅၁၂    (+) ၁၄၂
    တင်သွင်းမှု
၂။    ဓာတ်ဆီဒီဇယ်ဆီ     ၁၀၈၂    ၇၈၉    (+) ၂၉၃
    ရေနံတင်သွင်းမှု
၃။    ရင်းနှီးမြှုပ်နှံမှု    ၂၄၅၇    ၁၄၈၅    (+) ၉၇၂
    ပစ္စည်းများ

              မော်တော်ယာဉ်နဲ့ပတ်သက်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါ အဝင် ရေနံတင်သွင်းမှု များနေတာဟာ ကားဈေးနှုန်းချိုနေတာ လား တိုင်းပြည်မှာ  လူတွေချမ်းသာလို့   လူတိုင်းကားစီးနိုင်လို့လားဆိုတာ ကတော့ သက်ဆိုင်ရာ စီးပွားရေးပညာရှင်များ လေ့လာသုံးသပ်ကြပါ လိမ့်မယ်။ ဆရာတော်တစ်ပါးဟောကြားတဲ့ တရားပွဲတစ်ပွဲမှာ ဂျပန် နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များဟာ ကိုယ်ပိုင်ကား ဝယ်မစီးကြပါ ဘူး၊ ကားဝယ်မယ့်ငွေကြေးကို အလုပ်ထဲမှာ ရင်းနှီးမြှုပ်နှံသလို ကားနဲ့ ပတ်သက်တဲ့  ဆီစရိတ်၊ စက်ပြင်စရိတ် ကားပါကင်များအတွက် မပေး နိုင်လို့ပါလို့ ပြောပါတယ်။ ဒါဖြင့် သွားတဲ့ လာတဲ့အခါ ဘာနဲ့ သွားလဲ လို့မေးကြည့်တော့ သူတို့ဆီမှာ အချိန်မှန်သောရထားများ ရှိပါတယ်။ ရး၃၀ နာရီမှာ ဒီဘူတာကို ရထားဆိုက်ရောက်ပါလိမ့်မယ်၊ အချိန် အတိအကျရောက်ပြီး၊ ဒီဘူတာမှ  ရး၄၀ မှာ  ထွက်ပါမယ်၊ အချိန် အတိုင်းထွက်တယ်၊ ဟိုဘူတာကို ၈း၀၀ ရောက်မယ်ဆို ရောက်ပါ တယ်။ အချိန်မှန်သော ခရီးသွားလုပ်ငန်းရှိတယ်၊ ကိုယ့်တိုင်းပြည်မှာ လည်း ဒီလိုအချိန်တိကျသော ခရီးသွားလုပ်ငန်းရှိရင် ဘယ်လုပ်ငန်း ရှင်မှ ကားဝယ်စီးမှာမဟုတ်ဘူးလို့ ထင်မိပါတယ်။ အချိန်တိကျသော ခရီးသွားလုပ်ငန်းများအထိကို ရောက်ရမည်မှာမလွဲပါလ့ို ကြွေးကြော် ကြဦးစို့။
                ကောင်းပြီ  ရင်းနှီးမြှုပ်နှံမှုအပိုင်း ယခုနှစ်မှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၉၇၂ ပိုလာတယ်၊ ကြည့်တတ်ရင်မြင်ပါ တယ်။ ဒါကကောင်းသော အလားအလာရှိတဲ့   ရင်းနှီးမြှုပ်နှံမှုပါ၊ လေးစားအပ်ပါသော စာရှုသူခင်ဗျာ၊  ဒီစာစုအစမှာ တင်ပြခဲ့သလို ရောင်းသူဈေးသည်နဲ့ ဝယ်သူ အိမ်ရှင်မ၊ ရောင်းသူကပို့ကုန်ဆိုရင် ဝယ်သူက သွင်းကုန်ဖြစ်မှာပါ၊ ရောင်းသူမနာ ဝယ်သူမသာဘဲ ချိန်ခွင် လျှာ အလယ်တည့်တည့်  (ဘောင်ပိတ်) ဖြစ်အောင် ရောင်းနိုင်ဝယ်နိုင် ကြရင် ဒါကမိသားစုရဲ့ အသေးအဖွဲကိစ္စလေးတစ်ခုပါ။ အဲဒီကတစ်ဆင့် ကြီးကြီးမားမား နိုင်ငံတော်ရဲ့ အရောင်းအဝယ်တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ ပို့ကုန်သွင်းကုန် ယခုအခြေအနေမှာတော့ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးများနေတာတော့ မှန်ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က "လိုငွေ များနေတာကို ထိန်းဖို့ကတော့ ပို့ကုန်ကိုမြှင့်တင်ရမယ် တိုင်းပြည် ဝင်ငွေက ဒီတစ်ခုတည်းက ရတာဆိုတော့ ပို့ကုန်တန်ဖိုးတက်အောင် လုပ်ရမှာ" လို့ ပြောတာကို ဖတ်ဘူးမှတ်ဘူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရစ်သက္ကရာဇ်   နှစ်သစ်လည်းကူးပြောင်းခဲ့ပြီ။  ကောဇာသက္ကရာဇ် လည်း ကူးပြောင်းခဲ့ပါပြီ၊ မြန်မာလူမျိုးများ အယူအဆက နှစ်ဟောင်း က အညစ်အကြေးကို နှစ်သစ်မှာ အတာရေနဲ့ ဆေးကြောပြီး စိတ်သစ် လူသစ်လုပ်ကြမယ်ဆိုတာပါပဲ၊ ဘာပဲပြောပြော အသက်တစ်နှစ်ကြီး လာတာတော့ အမှန်ပါ၊ ကြီးလာတဲ့အသက်တွေ့ခဲ့ကြတဲ့ အတွေ့ အကြုံဆိုတာတွေ အရင်းအနှီးပြုပြီးတော့ ပိုတာကို ဖြုတ်လို့၊ လိုတာ ကို ဖြည့်လို့ စာစုအစ ဈေးရောင်းဈေးဝယ်သလို ပို့ကုန်ပိုမပို့နိုင်ရင် တောင် သွင်းကုန်နည်းနိုင်သမျှ နည်းအောင် နောက်ဆုံးပို့ကုန်သွင်း ကုန် ချိန်ခွင်လျှာ အလယ်တည့်တည့် (ဘောင်ပိတ်) ဖြစ်အောင် စိုက် ပျိုးထုတ်လုပ်သူအပိုင်းရယ် ရောင်းဝယ်ဖောက်ကားသူ အပိုင်းရယ် နိုင်ငံတော်အပိုင်းရယ်၊ စုပေါင်းလို့  ပို့ကုန်သွင်းကုန် ချိန်ခွင်လျှာညီ အောင် ကြိုးစားကြပါစို့ဟု တိုက်တွန်းနှိုးဆော်လျက်------။

မြင့်ဦး (ပခုက္ကူ)