Main menu

Background

အိန္ဒိယနိုင်ငံသို့ ထပ်တိုးတင်ပို့ခွင့်ရရှိထားသည့် မြန်မာ့မတ်ပဲ

Mon, 01/13/2020 - 11:36 -- journal_editor

     မြန်မာနိုင်ငံအနေဖြင့် မြန်မာ့လယ်ယာထွက်ကုန်တစ်မျိုးဖြစ်သည့် ပဲကို အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အင်ဒို နီးရှား၊ မလေးရှား၊ စင်ကာပူ၊ ပါကစ္စတန်၊ ဂျပန် စသည့် နိုင်ငံများအပြင် အမေရိကန်နှင့် အနောက် ဥရောပနိုင်ငံများသို့ပါ တင်ပို့လျက်ရှိနေသည်။ သို့သော် မြန်မာနိုင်ငံ မှထွက်ရှိသည့် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကိုမူ အိန္ဒိယနိုင်ငံသို့သာ အဓိကထားတင်ပို့လျက်ရှိနေခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း ၎င်းတို့ပြည်တွင်း၌  ပဲမျိုးစုံကို စိုက်ပျိုး နေသော်လည်း ပြည်တွင်း စား သုံးမှုအတွက်   လုံလောက်မှုမရှိခြင်း ကြောင့် ပြည်ပနိုင်ငံများမှလည်း တင်သွင်းလျက်ရှိနေသည်။ အိန္ဒိယ နိုင်ငံသည် ပြည်ပနိုင်ငံများမှ ပဲမျိုးစုံတန်ချိန် ငါးသိန်းကျော်ကို နှစ်စဉ် တင်သွင်းလျက်ရှိကြောင်း သိရသည်။   အိန္ဒိယနိုင်ငံက ပဲမျိုးစုံ တင် သွင်းသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံတင်သွင်းမှုကိုတာ တစ်သိန်း ခန့်ကို နှစ်စဉ်လိုလို ရရှိနေသည်ဟု  ဆိုရမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်   မူလက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းခွင့်   ကိုတာ ၁ ဒသမ ၅ သိန်း ရရှိထားခြင်း ဖြစ်ပြီး ယခုအချိန်တွင် အိန္ဒိယနိုင်ငံ၏   ပဲလိုအပ်ချက်အရ ကိုတာ ထပ်တိုးရရှိလာခြင်းလည်း ဖြစ်သည်။

     လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံက မတ်ပဲတန်ချိန် နှစ်သိန်းခွဲတိုးမြှင့် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ပြောဆိုထားသည်။ ပဲတင်သွင်းမှုကာလကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှင့် မတ်စသည့် သုံးလတာ သတ်မှတ်ထားခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် သိုလှောင်ပဲအနည်းငယ်သာ ကျန်ရှိနေမည် ဖြစ်သော် လည်း မတ်လမှာပဲပေါ်ချိန်ဖြစ်ခြင်းကြောင့် မြန်မာ့ပဲတောင်သူများ အနေဖြင့် ဈေးကောင်းရရှိမှုကို ကြုံတွေ့ကြရဦးမည် ဖြစ်သည်။ လက်ရှိကတော့ အိန္ဒိယနိုင်ငံဘက်က မတ်ပဲလိုအပ်ချက်ရှိနေလို့ နောက်ထပ်ကိုတာ နှစ်သိန်းခွဲ တိုးပေးတာပေါ့။ ဒါပေမဲ့ မြန်မာ နိုင်ငံအတွက် ကြည့်ရင်တော့ အကျိုးရှိပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံအနေနဲ့က စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေတယ်။ အဲဒီတော့ နောက်ထပ်တန်ချိန် နှစ်သိန်းခွဲ  တိုးပေးလိုက်တာက ကာလအားဖြင့် လည်း ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်သုံးလကို ထပ်တိုးခွင့်ပေးတယ် ဆိုတော့ ဒီ ၂၀၂၀ မတ်လက  မတ်ပဲအသစ် ပေါ်လာမယ့် အချိန်လည်း ဖြစ်လို့ ဘာပဲဖြစ်ဖြစ် တောင်သူ တွေ အထိုက်အလျောက် ဈေးကောင်း ရမယ့်နှစ်လို့ သုံးသပ်ပါတယ်" ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောဆိုထားသည်။ အိန္ဒိယနိုင်ငံသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ်ပဲ တင်သွင်းခွင့် ကိုတာသတ်မှတ်ချက်ကို မူလကတန်ချိန် ၁ ဒသမ ၅ သိန်းသတ်မှတ်ထားရာမှ  နောက်ထပ်တန်ချိန်  ၂ ဒသမ ၅ သိန်း တိုးမြှင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီး ဌာန (DGFT) က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် အသိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အိန္ဒိယနိုင်ငံသည် နောက်ထပ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်း ထပ်တိုးတင်ပို့ခွင့် ပြုလိုက်ခြင်း ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း မတ်ပဲတင်သွင်းခွင့် ခွဲတမ်းတန်ချိန် လေးသိန်းရှိလာမည် ဖြစ်ပြီး အဆိုပါကန့်သတ်ချက်သည် နှစ်နိုင်ငံအချင်းအချင်း၊ ဒေသဆိုင်ရာ အဆင့် နားလည်မှုစာချွန်လွှာ ဖြင့် ရောင်းဝယ်သည့် ပဲရောင်းဝယ်မှု များနှင့် မသက်ဆိုင်ကြောင်း အိန္ဒိယနိုင်ငံ  ကူးသန်းရောင်းဝယ်ရေး နှင့်   စက်မှုဝန်ကြီးဌာန ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာန ((DGFT) ဌာနက ထုတ်ပြန်ထားသည်။ ဘတ်ဂျက်နှစ်မှာ သုံးလသာကျန်တော့ကြောင်း၊ ဖြစ်နိုင်မည် ဆိုပါက ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေလလောက်အထိ တန်ချိန် နှစ်သိန်းခွဲ သတ်မှတ်ထားလျှင် မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်မည် ဖြစ် ကြောင်း၊ ယခုတွင် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လအထိသာ တိုးမြှင့်ထားခြင်းကြောင့်  ပြည်တွင်းရှိလက်ကျန်ပဲများသာ ဈေး ကောင်းရမည့် အနေအထားတွင်ရှိနေကြောင်း၊ ပြည်တွင်းလက်ကျန် ပဲမှာ တစ်သိန်းလောက်သာရှိမည်ဟု ခန့်မှန်းထားကြောင်း၊ နောက် ထပ်ပေါ်လာမည့်ပဲကို နောက်ထပ်တန်ချိန် တစ်သိန်းခွဲက မတ်လထဲ တွင် တင်ပို့မှုမပြီးပြတ်နိုင်ကြောင်း၊ ပြောချင်သည့်သဘောမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လအထိသာ တင်ပို့ခွင့်ရရှိထားသည့် အနေ အထားမှ နောက်ထပ်တစ်လခန့်  ထပ်ပြီးတိုးမည်ဆိုပါက တင်ပို့၍ အားပိုကောင်းကြောင်း ဦးမင်းကိုဦး က ဆက်လက်ပြောဆိုထားသည်။ ယခုကဲ့သို့ အိန္ဒိယက  မတ်ပဲတန်ချိန် နှစ်သိန်းခွဲထပ်မံတိုးမြှင့် တင်သွင်းခွင့်ပြုခြင်းသည် အဆိုပါနိုင် ငံ၏ အဓိကပဲစိုက်ပျိုးထွက်ရှိ သည့်ကာလ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မိုးများခြင်း၊ ရေကြီး ခြင်းစသည့် ရာသီဥတုဆိုးရွားမှုများ  ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းပဲအထွက် နှုန်း ကျဆင်းခဲ့သောကြောင့်သာ ပြည်ပမှ  ပဲထပ်မံတင်သွင်းခြင်းဖြစ် ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် နှစ်စဉ်  ပဲတန်ချိန် ၂၅သန်းကျော် ထွက်ရှိနေ သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံတွင် မိုးများစွာရွာသွန်းခြင်း၊ ရေကြီးခြင်း စသည့် သဘာဝဘေးဒဏ်များ ကြောင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ရပြီး ပဲအထွက်နှုန်းများလည်းလျော့ကျခဲ့ရသည်။ ယခင်ကပင် ပြည် တွင်းစားသုံးမှုအတွက် ပဲလိုအပ်ချက် ရှိနေရာ  သဘာဝဘေးဒဏ် ကြုံတွေ့လိုက်ရချိန်တွင် လိုအပ် ချက် ပိုများလာခဲ့ရခြင်းဖြစ်သည်။

     အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ပကုန်သွယ်မှု  ညွှန်ကြားရေး ဦးစီးဌာန ((DGFT) သည် အဆိုပါ အမိန့်ကြော်ငြာစာအရ   ကုန်သွယ်မှု အသိပေးချက်ကို ထပ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုးမြှင့်တင်သွင်းခွင့်ပြုမည့် မတ်ပဲတန်ချိန် နှစ်သိန်းခွဲကို ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်လုပ်ငန်း လုပ်ကိုင် သူများအား တင်သွင်းခွင့်ကိုတာများ ခွဲဝေချထားပေးမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်  ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၃၁ ရက်အတွင်း အွန်လိုင်းမှတစ်ဆင့်  ကိုတာ လျှောက်လွှာများ တင်သွင်းခဲ့ရခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံသို့ မတ်ပဲ တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် ထပ်တိုးမတ်ပဲ တန်ချိန် ကိုတာ နှစ်သိန်းခွဲအား  လာမည့် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်နောက်ဆုံးထားပြီး အိန္ဒိယနိုင်ငံဆိပ်ကမ်းသို့ အရောက် တင်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။ ပဲမျိုးစုံ တင်ပို့မှုနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ ကုန်သွယ်မှု ဆက်ဆံရေးမှာ အချိန်ကာလ ကြာမြင့်စွာ ရှိလာခဲ့ပြီ ဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံမှ ပဲများကိုသာ အဓိက ထား တင်သွင်းနေခြင်းလည်း ဖြစ်ပါသည်။  ထိုကဲ့သို့ မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုရှိနေခြင်းကြောင့် မြန်မာ့ပဲ တောင် သူများအနေဖြင့် အသက်ရှူချောင်နေရခြင်းလည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့မှုကိုတာ ထပ်တိုးရရှိမှုနှင့်အတူ တရုတ်နိုင်ငံဘက်သို့လည်း ဈေးကွက်ထိုး ဖောက်နိုင်မည် ဆိုပါက မြန်မာ့ပဲ တောင်သူများအတွက်  ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံက မတ်ပဲဝယ်ယူမှု  ပိုမိုများပြားသော်လည်း တရုတ် နိုင်ငံကမူ ပဲတီစိမ်းကို ပိုမိုဝယ်ယူနေသည်။ မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် အိန္ဒိယနိုင်ငံသို့ မတ်ပဲ ၇၀ ရာခိုင်နှုန်းနှင့် ပဲစင်းငုံ ၉၀ ရာခိုင်နှုန်းခန့် နှစ်စဉ် တင်ပို့လျက်ရှိနေ သည်။ မြန်မာ့ပဲများကို မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများက ဝယ်ယူမှုရှိနေသော်လည်း တစ်နှစ် လျှင် တန်ချိန် နှစ်သောင်းခန့်သာ ဝယ်ယူနေကြောင်း သိရသည်။ ယခုအချိန်တွင်မူ မတ်ပဲကို အိန္ဒိယနိုင်ငံက ထပ်တိုးဝယ်ယူ မှုနှင့်အတူ ဈေးကောင်းလည်း ရရှိနိုင်မည် ဖြစ်ပါ သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံက ဝယ် လိုက်၊ မဝယ်လိုက် ဖြစ်နေခြင်းကြောင့် မြန်မာ့ပဲလောကမှာ အမြဲတမ်း ဂယက်ထလျက်ရှိနေသည်။ ထိုကဲ့သို့  အခြေအနေများကို အိန္ဒိယ နိုင်ငံ၏ ယခုကဲ့သို့ ပဲထပ်တိုးဝယ်ယူမှုက မြန်မာ့ပဲတောင်သူများ၏ဘဝကို အတိုင်းအတာတစ်ခုအထိ  အဆင်ပြေသွားစေမည် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

စိန်သံ