Main menu

Background

မြန်မာ့ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းလျက်ရှိ

Thu, 03/19/2020 - 10:55 -- journal_editor

          မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေမည့် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေးနှင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ရှိ၊ မရှိ စိစစ်ရန်တို့အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) နှင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ GACC သို့ မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်း အမယ်ပေါင်း ၁၈၇ မျိုးနှင့်ပတ် သက်သည့် စာရင်းအချက်အလက်များ၊ မြန်မာလုပ်ငန်းကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ နှင့် တရုတ်နိုင်ငံဘက်မှ ပေးပို့လာသည့် ရေထွက်ပစ္စည်းများ တင်သွင်းရာတွင် ဘေးအန္တရာယ် အခြေအနေ လေ့လာအကဲဖြတ်ရန် မေးခွန်းများ (Questionnaire on Risk Assessment of Imported Aquatic Products) အပေါ် ဖြေကြား၍ သံတမန်နည်းလမ်းမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ အကြောင်းပြန်ကြားချက်အရ ရေထွက်ပစ္စည်းများတင်ပို့ရာတွင် ဘေးအန္တရာယ်အခြေအနေ လေ့လာအကဲ ဖြတ်ရန် မေးခွန်းများ (Questionnaire on Risk Assessment of Imported Aquatic Products) အပေါ်ဖြေ ကြားပေးပို့ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကုမ္ပဏီ လုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းကုမ္ပဏီများစာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) ၏ တရားဝင် website တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
         ထို့ပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရန်ကိစ္စနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေစီမံကွပ်ကဲမှုအဖွဲ့အစည်း၏ သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးကင်းလုံခြုံရေးဗျူရို (Bureau of Import and Export food Safety of the General Administration of Customs of China–GACC)မှ အဓိကအားဖြင့် တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့နိုင်ရန်အတွက် စီမံခန့်ခွဲရေးစနစ်အား သတ်မှတ်ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့ခွင့်ရှိသည့် ကုမ္ပဏီစာရင်း၊  မြန်မာနိုင်ငံမှ  တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချနိုင် သည့်  ရေထွက်ပစ္စည်းစာရင်းတို့အား ၎င်းတို့၏ တရားဝင် Website ဖြစ်သည့် http//www. gaccfoodsafe.com တွင် ဖော်ပြထားကြောင်း သိရသည်။ အဆိုပါစာရင်းဇယားများအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့ခွင့်ရှိသည့် ကုမ္ပဏီစုစုပေါင်း ၁၁၁ ခုရှိပြီး ရေထွက်ပစ္စည်း အမျိုးအမယ်ပေါင်း ၁၀၁ မျိုး တင်ပို့နိုင်ကြောင်း တွေ့ရှိ ရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်သည့် ရေထွက်ပစ္စည်းစာရင်းတို့ကို အောက်ပါ အတိုင်း ဖော်ပြထားရှိပါသည်။

        ထို့ပြင်  မြန်မာ့ရေထွက်ပစ္စည်းများ  တရုတ်နိုင်ငံသို့  တိုးချဲ့  ခတင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ရေထွက် ပစ္စည်းများ လွယ်ကူစွာတင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့တို့အကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် ရောဂါပိုးမွှားကင်းစင်ရေးဆိုင်ရာ သဘော တူစာချုပ် (မူကြမ်း)အပေါ် နှစ်ဖက်စလုံးမှ သဘောတူညီ ချက်များရရှိ၍ လက်မှတ်ရေးထိုးပြီးစီးပါက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ပစ္စည်းများအား တရုတ်နိုင်ငံသို့ တိုးချဲ့တင်ပို့ရောင်းချနိုင်မည်ဖြစ် ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

 

ဒေါက်တာနုနုခိုင်(နှစ်နိုင်ငံ)