Main menu

Background

ဝါသီးနှံသမိုင်းကို လေ့လာရာဝယ်

Thu, 01/19/2023 - 11:14 -- journal_editor

၀ါသီးနှံ၏သမိုင်း

ဝါသီးနှံရဲ့သက်တမ်း ဘယ်လောက်ရှိတယ်ဆိုတာ မည်သူမျှမသိကြပါဘူး။ သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိချက်အရ မက္ကဆီကိုမှာရှိတဲ့ ဂူတွေထဲမှာ ဝါအသီးတွေနဲ့ ပိတ်စအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီပိတ်စတွေရဲ့သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း  ၇၀ဝ၀ သက်တမ်းရှိတယ်ဆိုတာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ယနေ့ခေတ်အခါမှာတော့ အမေရိကားလိုဒေသတွေမှာ အများအပြား စိုက်ပျိုးလျက်ရှိပါတယ်။ 

BC 3000 လောက်ကစပြီး ပါကစ္စတန်Indus မြစ်ဝှမ်းတစ်လျှောက်မှာ ဝါစိုက်ပျိုးထုတ်လုပ်ပြီး အဝတ်အထည်တွေ ထုတ်လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အီဂျစ်ဒေသ နိုင်းမြစ်ဝှမ်းတစ်လျှောက်မှာ ဝါနဲ့ထုတ်လုပ်တဲ့ ချည်ထည်တွေကို ရက်လုပ်ဝတ်ဆင်လာခဲ့ကြတာဖြစ်တယ်။ အေဒီ ၈၀ဝ လောက်မှာ အာရပ်ကုန်သည်တွေဟာ ချည်ထည်တွေကို ဥရောပသို့ ယူဆောင်လာကြတာဖြစ်တယ်။ ၁၄၉၂ ခုနှစ် ကိုလံဘတ်က အမေရိကားကို ရှာဖွေတွေ့ရှိခဲ့တဲ့အချိန် ဗဟားမားကျွန်းတွေမှာ ဝါစိုက်ပျိုးမှုကို တွေ့ရှိခဲ့တယ်။ ယေဘုယျအားဖြင့် ၁၅၀ဝ ပြည့်နှစ်လောက်မှာ ဝါကို ကမ္ဘာအနှံ့အပြားမှာ ထင်ထင်ရှားရှားသိလာကြတယ်လို့ ဆိုပါတယ်။ 

၁၅၅၆ ခုနှစ်မှာ ဖလော်ရီဒါဒေသနဲ့ ၁၆၀၇ ခုနှစ်မှာ ဗာဂျီးနီးယားဒေသတွေမှာ ဝါမျိုးစေ့တွေကို စတင်စိုက်ပျိုးခဲ့တယ်လို့ ယူဆလျက်ရှိပါတယ်။ ၁၆၁၆ ခုနှစ်လောက်မှာ ကိုလိုနီတွေဟာ ဗာဂျီးနီးယားဒေသ ဂျိမ်းစ်မြစ်တစ်လျှောက်မှာ ဝါကို စိုက်ပျိုးခဲ့ကြတယ်။ ၁၇၃၀ ခုနှစ်လောက်မှာ အင်္ဂလန်ဒေသမှာ ပထမဆုံး ချည်ငင်တဲ့စက်ပစ္စည်း ပေါ်ပေါက်လာပြီး အင်္ဂလန်စက်မှုတော်လှန်ရေးနဲ့အတူ အမေရိကန်မှာ တီထွင်ခဲ့တဲ့ ဝါကြိတ်စက်တွေ ယနေ့ကမ္ဘာမှာ ဝါအတွက် အရေးပါတဲ့ စက်ပစ္စည်းအဖြစ် အသုံးပြုလျက်ရှိတယ်။

ကမ္ဘာ့ဝါဂွမ်း ထုတ်လုပ်မှု၊ ဈေးကွက်နှင့် ကုန်သွယ်မှု

ဝါသည် တိုးတက်ပြောင်းလဲနေသော နိုင်ငံများစွာတွင် အရေးပါလာသည့် နိုင်ငံရေးသီးနှံလည်းဖြစ်ပါတယ်။ ဝါကို ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းဒေသနှင့် ပူနွေးသောဒေသတို့တွင် စိုက်ပျိုးနိုင်ပြီး ဆားနှင့် မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့အတွက် မိုးနည်းသည့်ဒေသကို ကြိုက်နှစ်သက်သည့် အပင်ဖြစ်ပါတယ်။ ဝါကို ပူနွေးတဲ့ ရာသီဥတုရှိတဲ့ဒေသတွေမှာ စိုက်ပျိုးလျက်ရှိပါတယ်။ ကမ္ဘာမှာ ဝါဂွမ်းစိုက်ပျိုးမှု စိုက်ပျိုးမြေ ဟက်တာသန်းပေါင်း ၃၂ သန်းကျော် စိုက်ပျိုးလျက်ရှိပြီး နိုင်ငံပေါင်း  ၃၀ ကျော်က ဝါဂွမ်းအဓိကစိုက်ပျိုးထုတ်လုပ်နေလျက်ရှိပါတယ်။  

ထုတ်လုပ်ထွက်ရှိမှုမှာ ၂၀၂၀-၂၀၂၁ မှာ တန်ချိန် ၂၄ သန်းကျော်ရှိပြီး ၁၉၉၀ ကနေစလို့ နှစ်စဉ် ထုတ်လုပ်မှုအနေနဲ့ကြည့်ရင် အနည်းဆုံး တန်ချိန် ၁၈ သန်း၊ သန်း ၂၀ ရှိခဲ့တာတွေ့ရပါတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၃၀ လောက်က အဓိက စိုက်ပျိုးထုတ်လုပ်နေပြီး တရုတ်က တန်ချိန် ၆ ဒသမ ၄ သန်းကျော်နဲ့ အများဆုံးထွက်ရှိခဲ့တာဖြစ်ပြီး အိန္ဒိယက တန်ချိန် ၆ သန်းကျော်နဲ့ ဒုတိယ၊ အမေရိကန်က တန်ချိန် ၃ သန်းကျော်နဲ့ တတိယအများဆုံးထွက်ရှိတာ တွေ့ရတယ်။   အာရှတွင် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့မှာ အများဆုံးစိုက်ပျိုးတာတွေ့ရပြီး မြန်မာနိုင်ငံက အာရှနိုင်ငံထဲမှာ ၁၁ နိုင်ငံမြောက် စိုက်ပျိုးတဲ့နေရာမှာရှိပြီး စိုက်ပျိုးမှု အနည်းဆုံးဖြစ်တာတွေ့ရပါတယ်။

ကမ္ဘာ့ဝါဂွမ်း ကုန်သွယ်မှုကိုကြည့်ရင် ဝါဂွမ်းပို့ကုန်မှာ ၁၉၉၀-၁၉၉၁ ခုနှစ်လောက်က တန်ချိန် ၆ ဒသမ ၄ သန်းကျော်လောက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁မှာ တန်ချိန် ၁၀ ဒသမ ၆သန်းကျော် ရှိတာတွေ့ရတယ်။ တင်ပို့နေတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က တန်ချိန် ၃ ဒသမ ၅သန်းကျော်နဲ့ အများဆုံးတင်ပို့နေတာဖြစ်ပြီး ဘရာဇီးက တန်ချိန် ၂ ဒသမ ၄ သန်းခန့်နဲ့ ဒုတိယ၊ အိန္ဒိယက တန်ချိန် ၁ဒသမ၃သန်းကျော်နဲ့ တတိယ အများဆုံးတင်ပို့နေတာတွေ့ရပါတယ်။ အခြား အဓိကတင်ပို့နေတဲ့နိုင်ငံများမှာ သြစတြေးလျ၊ ဘီနင်၊ မာလီ၊ ဂရိ၊ အိုင်ဗရီကို့စ်၊ ဘာကီနာဖာဆိုနဲ့ ကင်မရွန်းနိုင်ငံတို့ဖြစ်တယ်။

ကမ္ဘာ့ဝါဂွမ်းတင်သွင်းမှုအပိုင်းမှာ  ၁၉၉၀- ၁၉၉၁ ခုနှစ်လောက်က တန်ချိန် ၆ ဒသမ ၇ သန်း လောက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ မှာ တန်ချိန် ၁၀ ဒသမ ၆ သန်းကျော်ရှိတာတွေ့ရပါတယ်။ အဓိက တင်သွင်းနေတဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံက တန်ချိန် ၂ ဒသမ ၈ သန်းကျော်နဲ့ အများဆုံး တင်သွင်းနေတာတွေ့ရပြီး ဘင်္ဂလားဒေ့ရှ်က တန်ချိန် ၁ ဒသမ ၉ သန်းကျော်နဲ့ ဒုတိယ၊ ဗီယက်နမ်က တန်ချိန် ၁ ဒသမ ၆ သန်းခန့်နဲ့ တတိယအများဆုံးတင်သွင်းလျက်ရှိပါတယ်။   အခြားအဓိက တင်သွင်းနေတဲ့နိုင်ငံများမှာ ပါကစ္စတန်၊ တူရကီ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မက္ကဆီကို၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်ပါတယ်။

ကမ္ဘာ့ဝါဂွမ်းသုံးစွဲမှုအပိုင်းမှာ ၁၉၉၀- ၁၉၉၁ ခုနှစ်လောက်က တန်ချိန် ၁၈ ဒသမ ၆ သန်း လောက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ မှာ တန်ချိန် ၂၆ သန်းကျော်ရှိတာတွေ့ရပါတယ်။ သုံးစွဲမှုအများဆုံးနိုင်ငံမှာ စီးပွားရေးတောင့်တင်းခိုင်မာနေတဲ့ တရုတ်နိုင်ငံဖြစ်ပြီး တန်ချိန် ၈ ဒသမ ၇ သန်းကျော် သုံးစွဲလျက်ရှိပါတယ်။ ဒုတိယသုံးစွဲမှုအများဆုံးနိုင်ငံမှာ အိန္ဒိယဖြစ်ပြီး တန်ချိန် ၅ဒသမ၄ သန်း ကျော် သုံးစွဲပါတယ်။ တတိယအများဆုံးသုံးစွဲတဲ့နိုင်ငံမှာ ပါကစ္စတန်ဖြစ်ပြီး တန်ချိန် ၂ ဒသမ ၃ သန်းကျော်ရှိပါတယ်။ အခြားအဓိကဝါသုံးစွဲမှုများတဲ့နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်၊  ဘရာဇီး၊ အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်တာတွေ့ရပါတယ်။

ဝါသည် သဘာဝအမျှင်ထွက်ရှိသောအပင်ဖြစ်ပြီး ဝါစေ့မှ စိုက်ပျိုးထွက်ရှိသောအပင်ဖြစ်သည်။ ဝါဂွမ်းမှ ချည်မျှင်ထုတ်လုပ်သည့်လုပ်ငန်းမှအစပြုကာ ဝါချည်ကို အထည်အလိပ်လုပ်ငန်းတွင် အသုံးပြုကြသည်။ ဝါမှ ဝါဂွမ်းကို ယူငင်၍ ချည်ငင် ခေါ်  ချည်အဖြစ်ထုတ်ကာ ချည်မျှင်ဖြင့် ချည်ထည်ရက်လုပ်ကြသည်။ ၎င်း၏ နှစ်လိုဖွယ် ဝိသေသလက္ခဏာများကြောင့် အဝတ်အထည်လုပ်ငန်းတွင် ကာလကြာရှည်စွာအသုံးပြုလာသော အစဉ်အလာဖြစ်လာသည်။ ဝါချည်မှ ထုတ်လုပ်သော အဝတ်အထည်များသည် အစိုဓာတ်ကို စုပ်ယူနိုင်မှုအားကောင်းပြီး ကောင်းစွာခံနိုင်ရည်ရှိကာ ကြာရှည်ခံနိုင်သောကြောင့် လူသိများသည်။ သုံးစွဲသူများသည် ချည်၏ပေါ့ပါးပြီး သက်သောင့်သက်သာရှိသော အရည် အသွေးများကို နှစ်သက်တဲ့အတွက်ကြောင့် ချည်ထုတ်ကုန်အများအပြားကို ဆက်လက်ဝယ်ယူလျက်ရှိကြတယ်။ ချည်သားဖြင့် ပြုလုပ်ထားတဲ့ ထုတ်ကုန်များတွင် ရေစုပ်အားကောင်းသော ပုဝါမှသည် တီရှပ်၊ အတွင်းခံ သို့မဟုတ် ခြေအိတ်များ ကဲ့သို့သော အခြေခံအဝတ်များအထိ ထုတ်လုပ်ကြပါတယ်။ ဝါသည် စွယ်စုံရနှင့် အသုံးအများဆုံးပစ္စည်းများထဲမှ တစ်ခုဖြစ်ကာ အဝတ်အထည်ထုတ်လုပ်ရေးလုပ်ငန်းတွင် ရေပန်းအစားဆုံးတစ်ခုဖြစ်ပြီး စက္ကူထုတ်ကုန်များတွင် အသုံးများသောပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ လက်ရက်ထည်များ၊ အဝတ်အထည်များ၊ အိပ်ရာခင်းများနဲ့ မျက်နှာသုတ်ပဝါများ၊ အိမ်အလှဆင်ခြင်း၊ ဝါစေ့ဆီ၊ ဆေးဝါးလုပ်ငန်းသုံး စသည်ဖြင့် အမျိုးမျိုးအသုံးပြုလျက်ရှိသည်။ ဒါ့အပြင် ဝါစေ့ဆီသည် ဝါဂွမ်းရှိ ဝါစေ့မှ ထုတ်လုပ်ပြီး ချက်ပြုတ်ခြင်း၊ ဆပ်ပြာပြုလုပ်ခြင်း သို့မဟုတ် အလှကုန်အတွက် အသုံးပြုနိုင်သည်။

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဝါဈေးကွက်သည် ဒေါ်လာ ၃၈ဒသမ ၅၄ ဘီလီယံထိရှိခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် ဒေါ်လာ ၄၆ ဒသမ ၅၆ ဘီလီယံဖိုးထိ ဈေးကွက်အားကောင်းလာနိုင်ပါသည်။ ဝါသီးနှံသည် ၁၈ ရာစုနှစ်မှ စတင်ခဲ့သည့် စက်မှု တော်လှန်ရေးတွင် အဓိကအခန်းကဏ္ဍမှာ ရှိနေခဲ့ပြီး အထည်အလိပ်လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်လာသည်။ ကမ္ဘာတစ်ဝန်းတွင် လုပ်သားအခြေပြု  စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်လာသည့်သီးနှံဖြစ်သည်။ ဝါသည် ကမ္ဘာ့အထည်အလိပ်စက်ရုံများနှင့် အဝတ်အထည် ထုတ်လုပ်သည့် ဈေးကွက်အတွက် အဓိကဖြစ်နေသည်။

ကမ္ဘာတွင်  အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နှင့် အမေရိကန်တို့သည် ဝါအဓိက ထုတ်လုပ်သူများ ဖြစ်သည်။  အမေရိကန်သည် ၎င်း၏ ဝါအများစုကို ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံများရှိ အထည်အလိပ်လုပ်ငန်းသို့ အဓိကတင်ပို့လျက်ရှိသည်။ အာရှနိုင်ငံများသည် ဝါဂွမ်းထုတ်လုပ်မှုကို လွှမ်းမိုးထားပြီး အများဆုံးသုံးစွဲသည့် ဒေသတစ်ခုလည်း ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ကမ္ဘာတစ်ဝန်းတွင် ဝါသုံးစွဲမှုအများဆုံးနိုင်ငံဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့သည်လည်း ဝါကို အဓိကသုံးစွဲသူများ ဖြစ်လာခဲ့သည်။ နှစ်ပေါင်းများစွာကတည်းက တရုတ်နှင့် အိန္ဒိယတို့ သည် ဝါဂွမ်းသုံးစွဲမှုအတွက် အဓိကဈေးကွက်များ ဖြစ်လာသည်။ အိန္ဒိယနိုင်ငံတွင် အထည်အလိပ်ကဏ္ဍသည် နိုင်ငံ၏ ဝါအများစုကို အသုံးပြုလျက်ရှိသည်။ အလားတူ အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယတို့မှာ ဝါဂွမ်းတင်ပို့သူများမှာဖြစ်ပြီး အဓိကတင်သွင်းသူများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

Source:  https://www.cotton.org  
DYYW(ကုန်သွယ်မြှင့်)