Main menu

Background

စစ်ကိုင်းမြို့၏ မြန်မာ့ရိုးရာ ကြိမ်လုပ်ငန်း

Tue, 02/21/2023 - 12:32 -- journal_editor

ကြိမ်ဟူသော  ဝေါဟာရသည် မြန်မာ့ဝေါ ဟာရဖြစ်ပြီး ရူပဗေဒပညာရပ်တွင် CHLAMUS  အင်္ဂလိပ်အခေါ် CANE ဟု လည်းကောင်း၊  RATTAN ဟုလည်းကောင်း  ခေါ်ဝေါ်ပါသည်။ ကမ္ဘာပေါ်တွင် ကြိမ်အမျိုးပေါင်း ၃၇၅ မျိုးရှိရာ မြန်မာနိုင်ငံ၌ ၃၄ မျိုးခန့်ရှိပြီး ကုန်းပေါ်တွင်ပေါက် သော ကုန်းကြိမ်နှင့် ရေစပ်တွင်ပေါက်သော ရေ ကြိမ်ဟူ၍   နှစ်မျိုးခွဲခြားထားသည်။  ကုန်းကြိမ်သည် ပင်စည်ကြီးပြီး ရေကြိမ်သည် နွယ်ဆန်သည့်အပင် မျိုးဖြစ်ကာ ပင်လုံးသေး ပါသည်။ မြန်မာနိုင်ငံတွင် ကြိမ်ပေါက်ရောက်ရန် ရေမြေတောတောင်သဘာဝ ရာသီဥတုနှင့်  ကိုက်ညီသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင်   အများဆုံး ပေါက်ရောက်သည်။

မြန်မာနိုင်ငံတွင် ပေါက်ရောက်သော ကြိမ် အမျိုးအစားများမှာ သိုင်းကြိမ်၊ နွံကြိမ်၊ ကြိမ်ခါး၊ လက်ပံကြိမ်၊ ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူ လေးခေါ် ထားဝယ်ကြိမ်၊ ရမထာကြိမ်၊ ကပေါင်းကြိမ်၊ သာ ပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊ ဝါးပိုးကြိမ်၊  ကြိမ်ဖန်၊  အူပွကြိမ်၊  ဆင်ကြိမ်၊ ဝါး အူကြိမ်၊ ကြာနှာမောင်း၊ ကြိမ်နီကြီး၊ တိုက်ကြိမ်၊ ကလာကြိမ်၊ သောင်ကြိမ်၊ စန်းသော်ကြိမ်၊ မြစ်ပြ ကြိမ်၊  ကြက်ဥကြိမ်၊  ကြိမ်မဲ၊  မျောက်ချေးကြိမ်၊ ကြိမ်တက်၊ ကြိမ်စိမ်း၊ နောက်ချေးကြိမ်၊ မျောက် တလွှဲကြိမ်၊ ကြိမ်ဖြူ၊ ခါးဆက်ကြိမ်၊ နောက်ကြော ကြိမ်၊ လက်ဝါးကြိမ်များ ဖြစ်ကြသည်။ ရေကြိမ်၊ ကြိမ်နီနှင့်  ကြက်ဥကြိမ်တို့ကို လက်မှုအနုပညာ ပစ္စည်းများ ထုတ်လုပ်ရာတွင် အများဆုံးအသုံးပြု သည်။

မြန်မာနိုင်ငံတွင် အသုံးအများဆုံးကြိမ်မှာ သိုင်းကြိမ်၊ ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူကလေး၊ ရမထာကြိမ်၊  ကပေါင်းကြိမ်၊  သာပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊  ကြိမ်ခါး၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်နှင့် ကြက်ဥကြိမ်တို့ဖြစ်သည်။ ကြိမ်ထည်ပရိဘောဂလုပ်ငန်းတွင် အသုံးပြုသည့် ကြိမ်အမျိုးအစားများမှာ  ကြိမ်ပေါင်းခေါ် ကြိမ် နှာမောင်း၊ ရမထာကြိမ်၊ ကြက်ဥကြိမ်နှင့် ရေကြိမ် တို့ ဖြစ်သည်။ ပရိဘောဂပြုလုပ်ရန် လိုအပ်သော စက်ကိရိယာများမှာ ကြိမ်ဖြောင့်စက်၊ နန်းဆွဲစက် နှင့် အခွံချွတ်စက်တို့ ဖြစ်သည်။

ထုတ်လုပ်ပုံအဆင့်ဆင့်

ကြိမ်ထည်ပစ္စည်းများ မပြုလုပ်မီ အသုံးပြု မည့် ကြိမ်ချောင်း၊ ကြိမ်လုံးများ၌ ကြေးညှော်အညစ် အကြေးကင်းစင်ရန်အတွက် ဓားဖြင့်ဦးစွာခြစ်၍ အဆစ်သတ်ရသည်။ ကြိမ်လုံးပတ် အကြီး/အသေး ပေါ်မူတည်၍ ဓားခုံတွင် လေး/ငါး/ခြောက်ပင် စိတ်ယူရသည်။ ကြိမ်လုံးများကို အစိတ်သေးသေး လေး ရအောင်ခွဲစိတ်ပြီးနောက် နန်းခံနှင့် သုံးကြိမ် ခန့် ထပ်မံနန်းဆွဲရသည်။ သို့မှသာ ကြိမ်အစိတ် ကလေးများ အရွယ်ညီသွားမည်ဖြစ်သည်။ နန်းဆွဲ ထားသည့်ကြိမ်များ အရွယ်ချင်းတူရန် နန်းတိုက် သည်ဟုခေါ်သည်။ ခွဲစိတ်ပြီးကြိမ်များ၏ အလယ် အူကိုဆွဲထုတ်၍ အကြောသာ ကျန်အောင် ထပ်မံ ပြုလုပ်ရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကြိမ်ပင်များ ပျော့ပျောင်းပြီး ကွေးညွတ်၍ရကာ လိုအပ်သလို ပုံဖော်နိုင်ရန်ဖြစ်သည်။ ကြိမ်ထည်လုပ်ငန်းအဆင့် ဆင့်တွင် စွဲမြဲစေရန် သေးငယ်သည့် ဖိုသံ (၁၅ စင်တီမီတာ၊ ၃၀စင်တီမီတာ)များဖြင့် ဆက်ရပါ သည်။ သေချာစွာ  နန်းဆွဲ ပွတ်တိုက်ထားသော ကြိမ်များမှာ ခေါက်ဆွဲမျှင်ကဲ့သို့ သေးသွယ်ပျော့ ပျောင်းသဖြင့် ခွေသွင်းရစ်ပတ်ရ လွယ်ကူသည်။

ထုတ်ကုန်များနှင့် ဈေးကွက်ကွင်းဆက်

ကြိမ်ထုတ်ကုန်များကို ထုတ်လုပ်သည့် နည်း လမ်းမှာ နှစ်နည်းရှိသည်။ ပထမနည်းမှာ အိမ်တွင်း မှုလုပ်ငန်းအနေဖြင့် ထုတ်လုပ်သည့် နည်းစနစ်ဖြစ် သည်။ ဤနည်းတွင် ထုတ်လုပ်သူများသည် ထုတ် ကုန်ပစ္စည်းများကို ၎င်းတို့၏ မိသားစုဝင်လုပ်အား များဖြင့်  ထုတ်လုပ်ပြီး ထုတ်ကုန်ပစ္စည်းများကို ဒေသတွင်းရှိဈေးကွက်/ပွဲစားများ သို့မဟုတ် ပြည်ပ ပို့ကုန်လုပ်ငန်းကုမ္ပဏီများသို့  ရောင်းချကြသည်။ ဒုတိယနည်းမှာ   ကုမ္ပဏီထုတ်လုပ်သည့်စနစ် သို့မဟုတ် ကုမ္ပဏီ ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ် သည့်နည်းတို့ဖြစ်သည်။ ထုတ်လုပ်သူအများစုနှင့် ကုမ္ပဏီများတွင် ကြိမ်ပစ္စည်းများ  ထုတ်လုပ်ရန် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်သမားများနှင့် စက်ရုံများ ရှိသည်။  လတ်တလော ဝယ်လိုအားနှင့် ဈေးနှုန်း များပေါ်မူတည်၍ကြိမ်ထုတ်ကုန်များကို ပြည်တွင်း ဈေးကွက် သို့မဟုတ် ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချကြသည်။

ကြိမ်ကိုအသုံးပြု၍ မြန်မာ့ရိုးရာလက်မှုပညာ များအဖြစ် လူ့အသုံးအဆောင်ပစ္စည်း  အမျိုးမျိုး၊ အိမ်အသုံးအဆောင်ပစ္စည်း  အမျိုးမျိုး၊ ဟိုတယ် အသုံးအဆောင်ပစ္စည်း  အမျိုးမျိုးတို့ကို ပြုလုပ်ကြ သည်။

စစ်ကိုင်းမြို့မှနာမည်ကျော်ကြားသော ကြိမ်လက်ရာများ

မြန်မာ့လက်မှုပညာဖြင့်  ကြိမ်ထည်ပစ္စည်း မျိုးစုံ ထုတ်လုပ်ရောင်းချသော စစ်ကိုင်းမြို့နယ် တင်းတိပ်ကျေးရွာအုပ်စု မကျည်းစဉ်၊ မကျည်း ကုန်း၊ တင်းတိပ်၊ ငွေပဒေသာ၊ တောင်ငူကုန်းကျေး ရွာများတွင် ကြိမ်လုပ်ငန်းလုပ်ကိုင်သူ ၅၀ ဦးခန့် ရှိပြီး၊ မန္တလေး-စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်ရှိ ကားလမ်းဘေး  တစ်ဖက်တစ်ချက်တွင် ဝယ်ချင့် စဖွယ်လက်ရာမျိုးစုံ ကြိမ်ထည်ပစ္စည်းများကို ချိတ် ဆွဲ၊ ခင်းကျင်းထားသည့် ကြိမ်အချောထည်ပစ္စည်း အရောင်းဆိုင်  ခုနစ်ဆိုင် ရောင်းချလျက်ရှိသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည် ပစ္စည်းများ  ရောင်းချနေသော ဆိုင်ကြီးများက ဝယ်သူများကို      ဆွဲဆောင်လျက်ရှိနေသည်။ စစ်ကိုင်းမြို့သည် မြန်မာ့အနုပညာလက်ရာ ကြိမ် ထည်ပစ္စည်းအမျိုးမျိုးဖြင့် နာမည်ကျော်ကြားသည်။ ကြိမ်ကုန်ကြမ်းကို ကချင်ပြည်နယ်နှင့် မန္တလေးမြို့ တို့မှ ဝယ်ယူပြီး ကုန်ချောပစ္စည်းများကို မြန်မာပြည် အနှံ့ တင်ပို့ရောင်းချသည်။ မကျည်းစဉ်ကျေးရွာ သူ/ရွာသားများသည် ကြိမ်ထည်လုပ်ငန်းကို မိရိုး ဖလာလုပ်ငန်းအဖြစ်   လုပ်ကိုင်ကြသူများဖြစ်ပြီး ပုံခွေ၊ ပုံရိုက်၊ ကြိမ်တုပ်၊ နန်းဆွဲ၊ အရောင်တင်ခြင်း လုပ်ငန်းများကို အမျိုးသားများက ဦးဆောင်လုပ် ကိုင်ကြပြီး၊ ကြိမ်ထိုးခြင်းလုပ်ငန်းကို အမျိုးသမီး များက လုပ်ကိုင်ကြသည်။ ကြိမ်ကုန်ချော ဈေးနှုန်း များမှာ အမှီပါကုလားထိုင် ကြီး/လတ်/ငယ် ကျပ် ၁၉၀ဝ၀ မှ ၇၅၀ဝ၀၊ ကြိမ်ဆက်တီအရွယ်မျိုးစုံ ကျပ် ခြောက်သိန်းမှ ၁၉ သိန်း၊ စားပွဲဝိုင်းကြီး/ လတ်/ငယ် ကျပ်လေးသောင်းမှ တစ်သိန်းရှစ် သောင်း၊  ကြိမ်လိုက်ကာ(ငါး)ချပ် တစ်စုံ  ကျပ် တစ်သိန်းခွဲမှ နှစ်သိန်း၊ စာအုပ်စင် ကျပ်သုံးသောင်း မှ တစ်သိန်း၊ စာထည့်ခွက် ကျပ် ၄၀ဝ၀ မှ ၂၅၀ဝ၀၊ ဦးထုပ်တစ်လုံး ကျပ် ၂၀ဝ၀ မှ ၅၀ဝ၀၊ ခေါင်းအုံး ကြီး/လတ်/ငယ် ကျပ် ၂၅၀ဝ မှ ၅၅၀ဝ၊  ရေအိုး အုပ်ဆောင်းတစ်ခု ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ၊ ထမင်း အုပ်ဆောင်း တစ်ခု ကျပ် ၇၅၀ဝမှ ၂၅၀ဝ၀၊ ဆရာမ ဆွဲခြင်းတစ်ခု ကျပ် ၈၅၀ဝ မှ  ၁၅၀ဝ၀၊  တစ်ရှူး ဘောက် ကျပ် ၇၀ဝ၀ ဈေးနှုန်းများဖြင့် ရောင်းချ ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

မြန်မာ့ကြိမ်ထည် လက်မှုအနုပညာလက်ရာ များသည် သေသပ်လှပသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး က ဝယ်ယူအားပေးရသည် လက်ရာမွန်ပစ္စည်းများ အဖြစ် ထင်ရှားကျော်ကြားနေသည်။ နေအိမ်၊ တိုက်ခန်းများသာမက ဟိုတယ်များတွင်အလှဆင် ပစ္စည်းအဖြစ်  အသုံးပြုနိုင်သည့် အသုံးအဆောင် ပစ္စည်းများအဖြစ် စိတ်ကြိုက်ရွေးချယ် သုံးစွဲနေ  ကြသည်။ နိုင်ငံတော်အစိုးရဖြင့် ကြိမ်လုပ်ငန်းရှင် များပူးပေါင်း၍ ကြိမ်လုပ်ငန်းများ တိုးတက်ရေးနှင့် ပြည်ပသို့ ကြိမ်ထည်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး နည်းလမ်းများ  ရှာဖွေဆောင်ရွက်သင့်ပါသည်။ သို့မှသာ မြန်မာ့ကြိမ်ထည်လုပ်ငန်းမှ နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ပြီး ကြိမ် လုပ်ငန်းရှင်နှင့်လုပ်သားတို့ဘဝ ပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

သန်းသန်းတင်(မုံရွာ)