Main menu

Background

မြန်မာ့နယ်စပ်ကုန်သွယ်ရေးခေတ်ဦး

Fri, 03/17/2023 - 13:54 -- journal_editor

နယ်စပ်ကုန်သွယ်ရေးဆိုသည်မှာ
နိုင်ငံတစ်ခု၏ပိုင်နက်နယ်မြေတစ်ခုနှင့် အခြားနိုင်ငံတစ်ခု၏ ပိုင်နက်နယ်မြေတစ်ခုတို့ ထိစပ်နေသောနေရာကို နယ်စပ်ဟုခေါ် ပြီး နိုင်ငံနှစ်ခုကြားတွင်ရှိနေသော  သတ်မှတ်နေရာကို မျဉ်းတစ်ခု သဖွယ်သဘောထားပြီး နယ်စပ်မျဉ်းဟု ခေါ်တွင်ကြသည်။ အဆိုပါ နယ်စပ်မျဉ်းကိုဖြတ်၍  အိမ်နီးချင်းနှစ်နိုင်ငံ  ကုန်ရောင်းကုန်ဝယ် ပြုခြင်းကို နယ်စပ်ကုန်သွယ်မှုပြုသည်ဟု  ဆိုကြသည်။ ကမ္ဘာတွင် ကုန်းတွင်းထိစပ်သည့်နိုင်ငံ  အများဆုံးဖြစ်သည့်နိုင်ငံမှာ တရုတ် နိုင်ငံဖြစ်သည်။   တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ  ၁၄နိုင်ငံနှင့် ကုန်းတွင်းတွင် ထိစပ်နေပြီး အဆိုပါ နိုင်ငံများနှင့် နယ်စပ်ကုန်သွယ် မှုအများအပြားကို  ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ နိုင်ငံများ မှာ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ နီပေါနိုင်ငံ၊ ရုရှားနိုင်ငံ၊   ဘူလ်တန် နိုင်ငံ၊ မြန်မာနိုင်ငံ၊ အာဖဂန်နစ္စတန်၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ် ကစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ မွန်ဂို လီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့်   ဗီယက်နမ်နိုင်ငံများဖြစ်ကြသည်။ အဆိုပါ နိုင်ငံများနှင့်ထိစပ်နေခြင်းသည်ပင်   တရုတ်နိုင်ငံအတွက် ကုန်သွယ်မှုတွင် အားသာချက်များ  ရရှိစေသည်။   မြန်မာနိုင်ငံ အတွက်လည်း တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိတွေ့မှုများပြားပြီး နယ်စပ်ဂိတ်အနေဖြင့် ကံပိုင်တည်၊    လွယ်ဂျယ်၊  ချင်းရွှေဟော်၊ မူဆယ် စသည့်မြို့နှင့်ဂိတ်များတွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကို ဆောင်ရွက်လျက်ရှိသည်။ 

မြန်မာ့နယ်စပ်ကုန်သွယ်ရေး 
နယ်စပ်ကုန်သွယ်ရေးဟူသော  စကားရပ်သည် ၁၉၈၈ခုနှစ် နောက်ပိုင်းတွင် တရုတ်မြန်မာနယ်စပ်   ကုန်သွယ်မှုများနောက် တွင်မှ တွင်တွင်ကျယ်ကျယ် ကြားသိလာရသည်။ ကမ္ဘာတွင် အိမ်နီး ချင်းနိုင်ငံများနှင့် ကုန်သွယ်မှုသည်  နိုင်ငံတိုင်းလိုလိုတွင် များစွာ အရေးပါကြပါသည်။ အထူးသဖြင့်   ကုန်းတွင်းပိတ်နိုင်ငံများတွင် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့်သာ  ကြားခံအိမ်နီးချင်းနိုင်ငံတစ်ခုကိုဖြတ်၍ နိုင်ငံတကာနှင့်  ကုန်သွယ်မှုပြုကြသည်ကို တွေ့ရ သည်။ Border trade ခေါ်  နယ်စပ်ကုန်သွယ်ရေးသည်  အခြေခံ အားဖြင့် နယ်စပ်အနီးတစ်ဝိုက်တွင် နေထိုင်ကြသူများ အချင်းချင်း မိရိုးဖလာ   ကုန်ရောင်းကုန်ဝယ်ပြုရာမှ    ဆက်လက်၍ နှစ်နိုင်ငံ ငွေကြေးများဖြင့်ရောင်းဝယ်နိုင်ရန်  အစိုးရချင်းပါ သဘောတူညီ ချက်များ၊ ညှိနှိုင်းချက်များ၊ အကောက်ခွန်ဂိတ်များဖြင့် ဆောင်ရွက် ကြရာမှ နယ်စပ်ကုန်သွယ်ရေးဟု   တိုးတက်ဖြစ်ထွန်းလာကြခြင်း ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံငါးနိုင်ငံရှိပြီး အဆိုပါ နိုင်ငံများမှာ အရှေ့ဘက်မှစ၍ကြည့်လျှင် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံနှင့်   ဘင်္ဂလားဒေ့ရှ် နိုင်ငံများဖြစ်ကြသည်။   မြန်မာနိုင်ငံ၏ လက်ရှိနယ်စပ်ကုန်သွယ်မှု အပိုင်းတွင် ပုံမှန် ရေကြောင်း ကုန်သွယ်မှု၏လေးပုံတစ်ပုံမှ   သုံးပုံ တစ်ပုံခန့်အတွင်းရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် နယ်စပ် ကုန် သွယ်မှုသည် မြန်မာနိုင်ငံစီးပွားရေးအတွက် အရေးပါသော အခြေ အနေတစ်ခုဖြစ်သည်။
 
လက်ရှိ မြန်မာ့နယ်စပ်ကုန်သွယ်ရေး
မြန်မာနိုင်ငံ၏ကုန်သွယ်မှုကို အခြေခံအားဖြင့် ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးဟု   နှစ်ပိုင်းခွဲခြားထားသည်။  လက်ရှိ ကုန်သွယ်မှုပမာဏကိုလေ့လာမည်ဆိုပါက  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ    ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၆ဘီလီယံနှင့်နယ်စပ်ကုန်သွယ်မှု ပမာဏမှာ  အမေရိကန်ဒေါ်လာ ၁၀ ဒသမ၂၉ ဘီလီယံရှိသည်။ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁၅ဘီလီယံရှိသဖြင့်နယ်စပ်ကုန်သွယ်မှုသည်စုစုပေါင်း ကုန်သွယ်မှု ပမာဏပေါ်တွင်  ၂၉ ဒသမ ၂၇ရာခိုင်နှုန်း ပါဝင်ပါသည်။  ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ၂၆ဒသမ ၁၀ဘီလီယံဖြစ်ပြီး နယ်စပ် ကုန် သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ၁၀ဒသမ၆၄ဘီလီယံဖြစ်၍ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ  အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၇၄ဘီလီယံဖြစ်ပါသည်။ ထို့ကြောင့်   နယ်စပ်ကုန်သွယ်မှုပမာဏ သည် စုစုပေါင်းကုန်သွယ်မှုပမာဏပေါ်တွင်   ၂၈ ဒသမ ၉၇ရာခိုင် နှုန်းပါဝင်ပါသည်။   
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်   ပင်လယ်ရေကြောင်းမှ ကုန် သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉ဒသမ ၈၈ဘီလီယံ ဖြစ်ပြီး    နယ်စပ်ကုန်သွယ်မှု ပမာဏမှာ     အမေရိကန်ဒေါ်လာ ၁၀ဒသမ ၁၇ဘီလီယံဖြစ်၍  စုစုပေါင်း  ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၀  ဒသမ  ဝ၅ ဘီလီယံဖြစ်သည်။   နယ်စပ် ကုန်သွယ်မှုပမာဏသည် စုစုပေါင်းကုန်သွယ်မှု ပမာဏပေါ်တွင် ၃၃ ဒသမ ၈၄ ရာခိုင်နှုန်းပါဝင်သည်။  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget)တွင် ပင်လယ်ရေကြောင်းမှကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ဒသမ ၆၆ဘီလီယံဖြစ်ပြီးနယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ  ၃ ဒသမ၆၂ဘီလီယံဖြစ်၍  စုစု ပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ၂၈ ဘီလီယံဖြစ်သည်။ နယ်စပ်ကုန်သွယ်မှု  ပမာဏသည် စုစုပေါင်း ကုန်သွယ်မှုပမာဏပေါ်တွင် ၂၂ဒသမ၂၅ရာခိုင်နှုန်း ပါဝင်ပါသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်(ဧပြီလမှ ဒီဇင်ဘာလအထိ)တွင် ပင်လယ် ရေကြောင်းမှကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ၁၉ဒသမ ၄၀ ဘီလီယံဖြစ်ပြီး   နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၉ ဘီလီယံဖြစ်၍   စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ၂၅ ဒသမ ၅၉ ဘီလီယံဖြစ်ပါသည်။ နယ်စပ် ကုန်သွယ်မှု ပမာဏသည်  စုစုပေါင်းကုန်သွယ်မှုပမာဏပေါ်တွင် ၂၄ ဒသမ ၁၈ ရာခိုင်နှုန်း ပါဝင်ပါသည်။    မြန်မာ့ကုန်သွယ်မှု၏ လက်ရှိ အခြေအနေတွင် နယ်စပ်ကုန်သွယ်မှု၏အခန်းသည်များစွာ အရေးပါသည်ကို တွေ့နိုင်ပါသည်။ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားသည့် ကာလတွင်ပင် နယ်စပ်ကုန်သွယ်မှုသည် နယ်စပ်ဂိတ်များ ဖွင့်လျှင် ချက်ချင်းပင် ပမာဏတက်လာသည်ကို တွေ့နိုင်ပါသည်။စုစုပေါင်း ကုန်သွယ်မှု ပမာဏတွင် နယ်စပ်ကုန်သွယ်မှု ပမာဏသည် ဖော်ပြ ပါ ငါးနှစ်အတွင်းတွင်  အနိမ့်ဆုံး ၂၂ ဒသမ၂၅ရာခိုင်နှုန်းမှ အများ ဆုံး ၃၃ဒသမ ၈၄ရာခိုင်နှုန်းအထိ ပါဝင်သည်ကို တွေ့ရပါသည်။ 

မြန်မာကုန်သွယ်မှုအစ
ရှေးမြန်မာဘုရင်များလက်ထက်တွင်လည်း   ကုန်သွယ်မှုများ ကို ပြုလုပ်ခဲ့ကြကြောင်း အထောက်အထားများရှိကြပါသည်။ရွှေတိဂုံ ဘုရား၏သမိုင်းကြောင်းသည်ပင်    တဖုဿနှင့်ဘလ္လိကဟူသော ကုန်သည်ညီနောင်နှင့်ဆက်စပ်နေသည်ကို  ကြည့်ချင်းအားဖြင့် မြန်မာနိုင်ငံ(ထိုစဉ်က ဥက္ကလာပတိုင်း)သည်မဇ္ဇျိမတိုင်းနှင့်ပင်လယ် ရေကြောင်းကုန်သွယ်မှုရှိခဲ့သည်ကို   တွေ့နိုင်သည်။ သမိုင်းကြောင်း အရ  ဘီစီ ၅၈၈ ခုနှစ်ခန့်ဟု ခန့်မှန်းကြသည်။  နယ်စပ်ကုန်သွယ်ရေး အကြောင်းကိုကြည့်လျှင်   မြန်မာ့သမိုင်းတွင်  ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်က အောက်မြန်မာနိုင်ငံကို သိမ်း ပိုက်ခဲ့သည့် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၅၂ ခုနှစ်နောက်ပိုင်း၊ တတိယ  အင်္ဂလိပ်-မြန်မာစစ်ဖြစ်ပြီး အင်္ဂလိပ်က မြန်မာနိုင်ငံ တစ်ခုလုံးကိုသိမ်းယူခဲ့သည့် ၁၈၈၅ခုနှစ်အထိ  နှစ်ပေါင်း ၃၀ ကျော် ကို မင်းလှကျောက်တိုင် ကင်းတော်ကို အခြေပြုကာဧရာဝတီမြစ် တွင်    အင်္ဂလိပ်နှင့်မြန်မာတို့သည် နယ်စပ်ကုန်သွယ်မှုပြုခဲ့ ကြောင်း သိရသည်။   လက်ရှိ   မြန်မာနိုင်ငံအတွင်းတွင်ဖြစ်သော်လည်း ထိုစဉ်က အင်္ဂလိပ်ပိုင်နယ်နှင့်  မြန်မာမင်းပိုင်နယ်တို့၏နယ်စပ် ဒေသဖြစ်သောနေရာတွင်    ကုန်ကူးသန်းရောင်းဝယ်ခြင်းများကို ဥပဒေများဖြင့် ကန့်သတ်ခဲ့ကြသည်ကို တွေ့ရသည်။   အင်္ဂလိပ် ကုန်သည်များ အများဆုံး   ရောင်းဝယ်ကြသည်မှ  ဆန်မဟုတ်ဘဲ ကျွန်းသစ်နှင့် ရှားစေး၊ ရေနံချေး၊ ထန်းလျက်များ ဖြစ်ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ  ထွက်ရှိသည့် ဝါဂွမ်းကိုမူ တရုတ်တို့က လက်ဝါးကြီး အုပ်ထားသည်ဟုဆိုသည်။  မြန်မာနိုင်ငံ သည် အင်္ဂလိပ်လက်အောက် ကျရောက်ရသည်မှာ ကျွန်းသစ်၊ရေနံ၊ သတ္တုနှင့် ကျောက်မျက်ရတနာများ ထွက်ရှိသည့်အပေါ်တွင် လက် ဝါးကြီးအုပ်  ခြယ်လှယ်လိုသည့်အချက်သည် အဓိကဟုပင် ပြောရ မည်ဖြစ်သည်။ ထို့ပြင်   ဆန်၊  ဝါဂွမ်းနှင့် အခြားသော  လယ်ယာ ထွက်ကုန်များသည်လည်း အင်္ဂလိပ်ကုန်သည်များအတွက်  လိုချင် ဖွယ်ရာ မက်မောဖွယ်ရာများဖြစ်နေသည်ဟု   ဆိုနိုင်ပါသည်။ ထို အချိန်က နယ်ချဲ့ ကိုလိုနီခေတ်ဖြစ်ပြီး အိန္ဒိယတွင် ခြေကုပ်ရပြီးသော အင်္ဂလိပ်တို့အဖို့ မြန်မာနိုင်ငံကို   သိမ်းပိုက်ရန် လွယ်ကူလျက်ရှိပြီး ဦးဆောင်သိမ်းယူသော အင်္ဂလိပ်ကုမ္ပဏီမှာလည်း သစ်ကုမ္ပဏီဖြစ် သည်ကို တွေ့နိုင်သည်။ 

မြန်မာ့နယ်စပ်ကုန်သွယ်မှုအစ ဧရာမြစ်တွင်းက
အင်္ဂလိပ်-မြန်မာဒုတိယစစ်သည်ပုဂံမင်းနန်းကျပြီး မင်းတုန်း မင်းနန်းတက်လာသည့်အခါ အလိုအလျောက်  ရပ်သွားသည်ဟု ဆိုနိုင်သည်။ ထိုအချိန်တွင် အင်္ဂလိပ်သည် မြန်မာနိုင်ငံ အောက်ပိုင်း ပဲခူးတိုင်းအထိကို  သိမ်းပိုက်ထားခဲ့သည်။  သို့ဖြစ်၍ သရက်နှင့် အောင်လံတစ်ဝိုက်တွင် ဘုရင်ပိုင် အထက်မြန်မာနိုင်ငံ နယ်နိမိတ် နှင့် အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံ နယ်နိမိတ်ဖြစ်ပြီး  မြန်မာ ကုန်သည်များသည် အင်္ဂလိပ်ဘက်သို့ နယ်စပ်တွင်  ကုန်တင်လှေ များဖြင့် ရောင်းဝယ်ကြသည်ဟုဆိုသည်။   အထက်မြန်မာနိုင်ငံ မြန်မာဘုရင်ပိုင်နယ်မြေနှင့် အောက်မြန်မာနိုင်ငံအင်္ဂလိပ်ပိုင်နယ် မြေဟု ပေါ်ပေါက်လာသည်။ နယ်ခြားနယ်နိမိတ်အဖြစ်  မင်းလှ ကျောက်တိုင် ကင်းတော်၊တောင်တွင်းကြီးမြို့  ကင်းတော်၊ တောင်ငူ အင်ပင် ရေထွက်ကင်းတော်တို့မှာ နယ်စပ်မျဉ်းများဖြစ်ကြသည်။  ပြည်တွင်း အထက်အောက်မြန်မာနိုင်ငံတွင်း   ကုန်သည်မှုမှသည် အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံနှင့်ကုန်းဘောင်မင်းဆက်မင်းတုန်း မင်းပိုင် အထက်မြန်မာနိုင်ငံဟူ၍ ဖြစ်လာသည်။   ဧရာဝတီမြစ်ရိုး တွင်ရှိသော မင်းလှကျောက်တိုင် ကင်းတော်နေရာသည်  အထက် နှင့် အောက်မြန်မာနိုင်ငံတို့ ကုန်ကူးသန်းရောင်းဝယ်ရာတွင် အရေး ပါသောနေရာဖြစ်လာသည်။  စလေနှင့် ယောနယ်တစ်ဝိုက်မှ ရှား စေးများကိုလည်းကောင်း၊ ထန်းလျက်ကိုလည်းကောင်း   အဓိက ရောင်းဝယ်ကြသည်ဟုသိရသည်။ ထိုအချိန်က မြန်မာဘုရင်များ က  ဆန်ကို ကန့်သတ်ထားသည်ဟု သိရသည်။  ရှားစေး ရောင်းချ မှုသည် ထိုအချိန်က  ကုန်သွယ်မှုအပိုင်းတွင်    မြင့်မားခဲ့သည်ဟု လေ့လာသိရှိရသည်။မင်းတုန်းမင်း နန်းတက်စအချိန်တွင်  အောက် မြန်မာနိုင်ငံမှ အင်္ဂလိပ်ကုန်သည်များမှ မြန်မာနယ်အတွင်း  လာ ရောက်ပြီး မြန်မာကုန်သည်များနှင့်အပြိုင် ဝယ်ယူရောင်းနိုင်ခဲ့ကြ ပါသည်။ နောင်တွင် မြန်မာတောင်သူများထံမှ ဈေးနှိမ်ဝယ် ယူမျိုး မပြုလုပ်နိုင်ရန် ဘုရင်က ကုန်တော်များသတ်မှတ်ပြီး ဈေးနှုန်း ကန့် သတ်၍ သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် ဝယ်ယူ ရန်  နယ်စားပယ်စားများအား တာဝန်ပေးအပ်ပါသည်။  တောင်သူ လယ်သမားများနှင့်ပွဲစားများသည်   အဆိုပါအရေအတွက် ပြည့်မီ အောင် ရောင်းချပေးရပြီး ကုန်တော်အရေအတွက်ကို   သတ်မှတ် သည့်အတိုင်းရရှိမှသာ ကျန်ရှိသော ကုန်ပစ္စည်းများကို  ပွဲစား ကုန် သည်များအနေဖြင့် လွတ်လပ်စွာ ဈေးသတ်မှတ်ရောင်းဝယ်ကြရပါ သည်။    ထိုအခြေအနေတွင်   ကုန်ကူးသန်းရောင်းဝယ်ရသည်မှာ အဆင်ပြေမှုမရှိလှသဖြင့်  ပွဲစားကုန်သည်ကြီးများက  အသနားခံ ခြင်း၊ တင်ပြလျှောက်ထားခြင်းများကြောင့် ကုန်တော်စနစ်ကို ပယ် ဖျက်ခဲ့သည်ဟု ဆိုသည်။ 

ကုန်ကူးသန်းရောင်းဝယ်ရာတွင် အဓိကအားဖြင့် ရေကြောင်းကို  အသုံးပြုခဲ့သဖြင့် ကတ္တူလှေကြီး များကို အသုံးချခဲ့သည်သာမက  မီးသင်္ဘောများ ကိုပါ သုံးစွဲ၍ကုန်သွယ်ခဲ့ကြသည်။ ဦးဘိုးကြည် ၏မှတ်တမ်းများအရ    အထက်မြန်မာမင်းပိုင် မီးသင်္ဘော ၁၇ စင်းကို သုံး၍လည်း ကုန်သွယ်ခဲ့ ကြောင်း  သိရသည်။     အင်္ဂလိပ်ဘက်မှလည်း မီးသင်္ဘောအများအပြားကိုသုံး၍   ကုန်သွယ်ခဲ့ ကြောင်းသိရသည်။ ဟင်ဒါဆန်ဆိုသူက ပင် လယ်ကူးနှင့် မြစ်တွင်း သွားသင်္ဘောများဖြင့် ဟင် ဒါဆန်ကုမ္ပဏီကို ထူထောင်ပြီး ကုန်သွယ်နေရာ မှ ဧရာဝတီ  Irrawaddy Flotilla Co, Ltd.  ကို ၁၈၇၂ ခုနှစ်တွင် ထပ်မံ ထူ ထောင်ပြီး ဧရာဝတီမြစ်အတွင်း ကုန်သွယ်မှုပြုခဲ့ သည်ကိုတွေ့ရသည်။   နောက်ပိုင်းတွင် မြန်မာ ဘုရင် မင်းတုန်းမင်းထံမှ ခွင့်ပြုချက်ရယူပြီး ဗန်း မော်အထိ တစ်လတစ်ကြိမ်   သင်္ဘောဖြင့် ကုန် သွယ်ခဲ့သည်ဟု သိမြင်ရသည်။ 

စလေမှ ကုန်သည်ကြီး ဦးဘိုးကြည်
အင်္ဂလိပ်-မြန်မာ   ဧရာဝတီမြစ်အတွင်း မင်းလှကျောက်တိုင်ကို    အခြေပြု၍   နယ်စပ် ကုန်သွယ်မှုအဖြစ် ပြုခဲ့သည့် ထိုအချိန်၁၈၅၂ခုနှစ် နောက်ပိုင်းတွင် စလေမြို့သည် ရှားစေး၊ ထန်း လျက်နှင့် ပဲမျိုးစုံ ရောင်းဝယ်ကြခြင်းဖြင့် စည်ပင် ဖွံ့ဖြိုးခဲ့ကြောင်း သိရသည်။ ထိုအချိန်က စလေမြို့ သည်       မြို့ဝန်မင်းအုပ်ချုပ်သည့်   မြို့ဖြစ်ခဲ့ပြီး အနောက်ဘက် ယောနယ်တစ်ကြောမှ  ကုန်စည် များကိုလည်း ရောင်းဝယ်ဖောက်ကားခဲ့ရာ မြို့ ဖြစ်ခဲ့သည်။ စလေမြို့တွင် ကုန်သည်ကြီး ဦးဘိုး ကြည်သည် အောက်မြန်မာနိုင်ငံသို့ လှေသင်္ဘော များဖြင့် ကုန်ကူးသန်းရောင်းဝယ်ခဲ့သည့် ကုန် သည်ကြီး တစ်ဦးဖြစ်သည်ကိုတွေ့ရသည်။  ဦးဘိုး ကြည်၏ ကုန်သွယ်မှုများနှင့်ဆက်စပ်သည့် စာ များကို  ဦးဘိုးကြည် တည်ဆောက်လှူဒါန်းခဲ့သော စလေ ရုပ်စုံကျောင်းတွင်   တွေ့ရသည်ဟု သိရ သည်။ စလေရုပ်စုံကျောင်းသည်ကျောင်းရှိ ပန်းပု ရုပ်စုံများဖြင့် ယခုတိုင် ထင်ရှားသော ဘုန်းကြီး ကျောင်းတစ်ခုဖြစ်ပြီး ကုန်သည်ကြီး ဦးဘိုးကြည် နှင့်ဇနီး   ဒေါ်ရွှေသက်တို့က   ၁၈၈၂ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၈၉၂ခုနှစ်တွင် ပြီးစီး လှူဒါန်းခဲ့ကြောင်း သိရသည်။  ဦးဘိုးကြည်သည် စလေနယ်တစ်ကြောတွင်   အကြီးမားဆုံး    ကုန် သည်ကြီးထဲမှ တစ်ဦးဖြစ်သည်။ သူသည် ထိုနယ် တစ်ကြောတွင် ထင်ရှားပြီး   အင်္ဂလိပ်နယ်ဘက် ဖြစ်သော   အောက်မြန်မာနိုင်ငံသို့ ကုန်တင်ပို့ ရောင်းဝယ်ရာတွင်လည်း အစောဆုံးကုန်သွယ်သူ ထဲတွင် ပါဝင်သည်ကိုထောက်၍ နယ်စပ်ကုန် သွယ်မှုအစ ဦးဘိုးကြည်ကဟုပင် ဆိုနိုင်ကြောင်း ဆရာဦးမောင်မောင်လတ်၏     လက်ရေးစာမူ “စလေပန်းပုရုပ်စုံ ကျောင်းဒါယကာ ဦးဘိုးကြည်၊ ရတနာပုံခေတ် နယ်စပ်ကုန်သွယ်ရေး   ပုရပိုက် မှတ်တမ်းများ”ဟူသော စာအုပ်တွင်  ဖတ်ရှုရပါ သည်။ 
သို့ဖြစ်၍     မြန်မာကုန်သည်များသည် ရတနာပုံ ကုန်းဘောင်ခေတ်တွင်    ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုများကို   တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေပြီဟု ဆိုနိုင်ပါသည်။ ထိုအချိန်က လယ်ယာထွက်ကုန်များနှင့်     သစ်တောထွက် ပစ္စည်းတွင် ပါဝင်သော ရှားစေးတို့သည် မြန်မာ့ ပြည်ပပို့ကုန်များဖြစ်ကြသည်ကို     တွေ့နိုင်ပါ သည်။ နယ်စပ်ကုန်သွယ်ရေးကို အခွန်အကောက် များကောက်ခံပြီး ဆောင်ရွက်ခဲ့သည့်စနစ်များကို လည်းလေ့လာတွေ့ရှိရပါသည်။ တစ်ခေတ်တစ် ခါက     နယ်စပ်ကုန်သွယ်မှု   ပြုလုပ်ပုံများကို အကျဉ်းမျှ တင်ပြအပ်ပါသည်ခင်ဗျား။

မျိုးသူ (ကုန်သွယ်မြှင့်)