Main menu

Background

တန်ဖိုးရှိ ကမာကောင်များနှင့် အဖိုးတန်ပုလဲများ

Mon, 05/22/2023 - 14:04 -- journal_editor

ကမာကောင်အမျိုးအစားကို ပင်လယ်ပြင် ကမ်းစပ်နေရာအနီးတွင် အများဆုံး တွေ့ရှိရပြီး အချို့ကိုမူ ရေချိုတွင် တွေ့ရှိရတတ်သည်။ ကမာကောင်များသည်  ရေအောက်ရှိ သေးငယ်သော အပင်နှင့်  ရေပိုးမွှားများကို  စားသောက်ကြပြီး ထူးခြားချက်မှာ အဖို၊ အမ တစ်လှည့်စီပြောင်းလဲ တတ်ကြသော မျိုးစိတ်ဖြစ်သည်။  ကမာကောင် များသည် တစ်ကြိမ်ပေါက်ဖွားလျှင် အကောင်ရေ သိန်းချီ ပေါက်ဖွားနိုင်ပြီး ပူးနွေးသောဒေသတွင် ကြီးထွားမှုမြန်ဆန်ကြသည်။  စတင် အကောင်ပေါက်ချိန်တွင် အဖိုအဖြစ် မွေးလာရာမှ အရွယ်ရောက်ချိန်တွင် အမသို့  ကူးပြောင်းတတ်ကြပြီး အချို့မှာ တစ်နှစ်တွင် သုံးကြိမ်ခန့် လိင်ပြောင်းလဲ တတ်ကြကြောင်း သိရှိရသည်။ ကမာကောင်အမျိုး အစားပေါင်း ၈၀ဝ၀ ခန့်ရှိသည့်အနက်မှ လူတို့ စားသုံးနိုင်သော  ကမာကောင်နှင့် တန်ဖိုးရှိပုလဲ ထုတ်လုပ်ပေးနိုင်သော ကမာကောင်များလည်း ရှိသည်။ ကမာကောင် အမျိုးမျိုးသည် ရေတွင်ပါဝင်သော အငန်နှုန်းနှင့် အပူချိန်ပေါ်မူတည်၍ ကွဲပြား လျက်ရှိပြီး နေရာအနှံ့တွင် တွေ့ရှိနိုင်သည်။ လူများစားသုံးကြသော ကမာကောင်များထဲမှ Pacific Oyster ခေါ် ပင်လယ်ကမာကောင်ကို အများဆုံး စားသုံးကြကြောင်းလည်း သိရှိရသည်။ ကမာကောင် အရည်အသွေးသည် ရေငန်နှုန်း၊ အစာစားသုံးမှု ပုံစံအပေါ်မူတည်ပြီး  အရသာ ကွဲပြားလျက်ရှိသည်။ အငန်နှုန်း နည်းပါးသောနေရာတွင် ပေါက်ဖွားသော အကောင်များက ပို၍နူးညံ့ကြောင်း သိရှိသည်။ ကမာကောင်သည် သံဓာတ်ကြွယ်ဝသည့်အတွက် သွေးအားနည်းသူများအတွက်  စားသုံး ရန်သင့်သော အစားအစာဖြစ်ပြီး ပင်လယ်စာဖြင့် ဓာတ်မတည့်သူများ စားသုံးရန်မသင့်ကြောင်း သိရှိရသည်။ ပုံမှန်ကမာတစ်ကောင်လျှင် ကျပ် ၂၅၀ဝ ခန့်  ပေါက်ဈေးရှိကြောင်း သိရှိရသည်။ လူတို့စားသုံးနေကြသော ကမာကောင်နှင့် ပုလဲ ထုတ်လုပ်ပေးသော ကမာကောင် အမျိုးအစားချင်း မတူညီကြပေ။  အခွံနှစ်ခုပါသော ကမာကောင် အမျိုးပေါင်း ၈၀ဝ၀ ခန့်ရှိသည့်အနက်မှ Mollusks ကမာကောင်မျိုးနွယ် ၂၀ ခန့်သာ  ပုလဲထွက်ရှိနိုင် ပြီး ရေချိုတွင်ရှင်သန်၍ ပုလဲထုတ်လုပ်နိုင်သည့် ကမာကောင်မျိုးကို  ခုံးကောင်(ဂုံး) Mussel ဟုခေါ်ပါသည်။ ရေငန်တွင် ရှင်သန်ပေါက်ဖွားပြီး ပုလဲထုတ်လုပ်နိုင်သည့်  ကမာကောင်မျိုးကိုမူ မုတ်ကောင် Oyster ဟုခေါ်သည်။ ရေချိုခုံးကောင် မှထွက်ရှိသော ပုလဲ၏မျက်နှာပြင်သည် ညီညာမှု မရှိဘဲ ရေငန်မုတ်ကောင်မှ ထွက်ရှိသော ပုလဲတွင် မူ ညီညာလုံးဝန်းလျက်ရှိသည်။
ပုလဲကို  ကမာကောင်လေးများ၏မျက်ရည် ဟုလည်း တင်စားပြောဆိုကြသည်။ အကြောင်းမှာ ကမာကောင်လေး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်လာခြင်းကြောင့်ပင်ဖြစ်သည်။  ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ သဘာဝ ပုလဲသည် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်ပြီး မွေးပုလဲဆိုသည်မှာ ပုလဲဖြစ်ပေါ်လာစေရန် လူတို့က ပြုပြင်ဖန်တီးထားခြင်းဖြစ်သည်။ သဘာဝပုလဲသည် ကမာကောင်များ၏ ကိုယ်တွင်းသို့ အမှုန်အမွှားဖြစ်စေ၊ ပိုးမွှားဖြစ်စေ၊ အခြားသေးငယ်သော အရာဝတ္ထုဖြစ်စေ ဝင်ရောက်လာပါက ကမာကောင်လေးများ၏ ကိုယ်သည် ပိုးမွှားဝင်သကဲ့သို့ ယားယံသလိုဖြစ်ပြီး နို့ရည်ကဲ့သို့ ဖြူဆွတ် ကြည်လင်သော အရည်များဖြင့် ယားယံစေသော အရာဝတ္ထုများကို ဖယ်ရှားရန် ကြိုးစားကြသည်။ ဖယ်ရှား၍ မရနိုင်သည့်အခါ ထိုအရာဝတ္ထုငယ်ကို အရည်ကြည်များဖြင့် အထပ်ထပ် ဖုံးအုပ်ကြပြီး အချိန်ကာလ ကြာမြင့်သောအခါ ပုလဲအဖြစ်သို့ ရောက်ရှိလာကြောင်း သိရှိရသည်။ မွေးပုလဲသည် သဘာဝပုလဲ ဖြစ်ပေါ်မှုဖြစ်စဉ်ကို လူတို့က ပြုပြင် ဖန်တီးထားခြင်းဖြစ်သည်။  ဝတ်ဆံလုံးကို  မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်သည်။ ထိုသို့ ထည့်သွင်းရာတွင် ဝတ်ဆံလုံး အလွယ်တကူ ပြန်ထွက်မသွားစေရန်နှင့် လုံးဝန်း ကြီးမားသော ပုလဲရရှိစေရန်အတွက် မုတ်ကောင်၏ ခန္ဓာကိုယ်အား  ခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်သူများက ဝတ်ဆံသွင်း ယူရကြောင်း ပုလဲမွေးမြူသူထံက သိရှိရသည်။
ရေငန်ပုလဲမွေးမြူရေး ဆောင်ရွက်တွင် မုတ်ကောင်သားပေါက်များကို တစ်နှစ်ခွဲခန့်ကြာသည့် အချိန်တွင် ဝတ်ဆံသွင်းကြပြီး နှစ်နှစ်အချိန် တွင် ပုလဲဖော်ကြကြောင်း သိရှိရသည်။ ဖေဖော် ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများသည် သားပေါက်ရာသီ ဖြစ်သောကြောင့် ဝတ်ဆံသွင်းခြင်း မပြုလုပ်ကြဘဲ ကျန်လများတွင် ဝတ်ဆံသွင်းခြင်းနှင့် ပုလဲမွေးမြူ ခြင်းဆောင်ရွက်ကြကြောင်း သိရှိရသည်။ မွေးမြူ ရန်နေရာ ရွေးချယ်ရာတွင် လှိုင်းလေအကာအကွယ် ရသည့် နေရာဖြစ်ခြင်း၊ ရေစီးရေလာကောင်းမွန် ခြင်း၊ ရေကြည်နှုန်း ကောင်းမွန်ခြင်းနှင့် အောက်ခံ ကြမ်းပြင် ကောင်းမွန်ခြင်း၊ ရေချိုစီးဆင်းမှုနည်း၍ ရေငန်နှုန်းတည်ငြိမ်ခြင်း၊ ရေအပူချိန်တည်ငြိမ်ခြင်း၊ မုတ်ကောင်အစာ  ပေါကြွယ်ဝခြင်း၊  သင့်လျော်သော ရေအတိမ်အနက်ရှိခြင်း၊ သင့်လျော်သော ရေပြင်ဧရိယာ အကျယ်အဝန်းရှိရန်  လိုအပ်ခြင်း၊ ရေချိုရရှိ၍ စခန်းတည်ဆောက်ရန် မြေပြန့်နေရာရှိသော ကုန်မြေလိုအပ်ခြင်း၊ လူနေထိုင်သည့် ကျေးရွာများနှင့် ဝေးကွာရန်လိုအပ်ခြင်းနှင့် သွားလာရလွယ်ကူသော နေရာဖြစ်ရန်လိုအပ်ကြောင်း သိရှိရသည်။ ပုလဲတစ်လုံး အရည်အသွေးသည် ပွင့်ရည် (ခေါ်) ပုလဲတောက်ပမှု၊ ပုလဲမျက်နှာပြင် ချောမွေ့ပြေပြစ်မှု၊ ပုလဲသားအလွှာ၏ အထူအပါး၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အရောင်၊ တူညီလိုက်ဖက်မှုအပေါ် မူတည်ပြီး ခွဲခြားကြသည်။ ပုလဲလုံး ကိုရတီ ဖြင့်ဖော်ပြကြသည်။  တစ်ရတီတွင် ကျပ် ၅၀ဝ၀ မှ ၅၀ဝ၀ဝ ခန့် တန်ဖိုးရှိပြီး အရည်အသွေး နိမ့်ပုလဲသည် ကျပ် ၅၀ဝ၀ နှင့်အထက်ရှိ၍ အရည်အသွေးကောင်းမွန်သော ပုလဲသည် ကျပ် ၅၀ဝ၀ဝ ခန့်ဈေးပေါက်ကြောင်း ပုလဲရောင်းချသူထံမှ သိရသည်။ ပုလဲအလုံးကြီး တစ်လုံးတွင် ရတီ ၃၀ မှ ၄၀ ထိရှိကြောင်း သိရှိရသည်။ ပုလဲအမျိုးမျိုးအနက်မှ ရွှေအိုရောင်အဆင်းရှိ ပုလဲကို မြန်မာနိုင်ငံတွင်သာ တွေ့ရှိနိုင်သည်။  ပုလဲမွေးမြူခြင်းသည် ထုတ်သုံး၍ မကုန်နိုင်သော သယံဇာတဖြစ်ပြီး လောင်စာနှင့် အဆင့်မြင့်စက်ကိရိယာများ အသုံးမပြုရသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုင်နိုင်မှုမရှိဘဲ မွေးမြူနိုင်သည့် နိုင်ငံခြားငွေ အလွယ်တကူရရှိနိုင်သော လုပ်ငန်းဖြစ်သည်။
ကျော်ဝင်းနိုင်(မြိတ်)