ကမ္ဘာပေါ်တွင် လောင်စာဆီကို ရေနံမှထုတ်လုပ်သည်ဟု ကျွန်တော်တို့နားလည်ထားကြသည်။ သို့ရာတွင် ရေနံသည် တွင်းထွက် ပစ္စည်းတစ်ခုဖြစ်ပြီး အကန့်အသတ်များရှိနေခြင်းနှင့် ရေနံထုတ်လုပ်ရောင်းချသော နိုင်ငံများက ရေနံကိုလက်နက်သဖွယ်သုံးစွဲတတ် ခြင်း၊ ရေနံဈေးမှာ ယခုနှစ်တွင် တက်ရိပ်ဖြစ်လာခြင်း၊ အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ်တိုက်ခိုက်မှုများကြောင့်် ကမ္ဘာ့ရေနံဈေးသည် တစ်စစ မြင့်တက်လာခြင်းတို့ကြောင့် ဇီဝလောင်စာဆီကဏ္ဍသည်လည်း လိုက်ပါမြင့်တက်လာမည်ဟု ယူဆရသည်။
စစ်ပွဲပြီးသည့်တိုင် ကမ္ဘာ့ရေနံသည် ရေရှည်မှီခိုရန် မသင့်ခြင်း နှင့် ကမ္ဘာကြီးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုသုံးစွဲသင့် ခြင်းကြောင့် ဇီဝလောင်စာဆီသည် ကမ္ဘာတွင် ပိုမိုသုံးစွဲသင့်သည့် လောင်စာဆီဖြစ်လာသည်။ သို့ရာတွင် ဇီဝလောင်စာဆီတွင် သုံးစွဲ သည့် သစ်ပင်သစ်သီးသီးနှံ စသည်တို့က ရရှိသည့်ဆီများသည် စားသုံးရာတွင်လည်းသုံးစွဲသည့် စားသုံးဆီများဖြစ်သည့်အတွက် စားသုံးဆီဖူလုံရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့အတွက်လည်း ထည့်သွင်းစဉ်းစားကြရသည်။ ထို့ကြောင့် ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ဇီဝလောင်စာဆီများအခြေအနေ၊ ကျွန်တော်တို့မြန်မာနိုင်ငံက တင်သွင်းနေသော စားအုန်းဆီများ၏ အဓိကတင်ပို့သည့်နိုင်ံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝလောင်စာဆီ စီမံချက်များကို လေ့လာကြည့်ရှုရမည်ဖြစ်သည်။
ကမ္ဘာ့ဇီဝလောင်စာဆီထုတ်လုပ်သူများ
ကမ္ဘာတွင် ဇီဝလောင်စာကို အဓိက ထုတ်လုပ်သုံးစွဲသော နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးလ်နိုင်ငံတို့ဖြစ်ကြ သည်။ အခြားသော နိုင်ငံများမှာအင်ဒိုနီးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ နယ် သာလန်နိုင်ငံနှင့် ထိုင်းနိုင်ငံများ ဖြစ်ကြသည်။ ဇီဝလောင်စာဆီ ဆိုရာ တွင်အကြမ်းအားဖြင့် နှစ်ပိုင်းခွဲကြည့်နိုင်သည်။ အီသနောအခြေခံ သည့် ဇီဝဓာတ်ဆီဟုပြောနိုင်သော လောင်စာဆီနှင့် ဟင်းသီးဟင်းရွက်ဆီ၊ အခြားဆီများကို အခြေခံသည့် ဇီဝဒီဇယ်ဆီဟုဖြစ်သည်။ ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှုသီးသန့်အနေဖြင့် ကြည့်လျှင် အင်ဒိုနီးရှား နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အာဂျင်တီးနား နိုင်ငံတို့ဖြစ်ကြသည်။ ဓာတ်ဆီအစားထိုး လောင်စာအီသနောအခြေခံ ထုတ်လုပ်မှုများကိုကြည့်လျှင် အမေရိကန်နိုင်ငံ၊ ဘရာဇီးလ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကနေဒါနိုင်ငံတို့ဖြစ်ကြသည်။ ဇီဝလောင် စာဆီထုတ်လုပ်သည့် ဦးဆောင်နိုင်ငံနှစ်ခုဖြစ်သော အမေရိကန်နှင့် ဘရာဇီးလ်နိုင်ငံတို့ကိုကြည့်လျှင် အီသနောထုတ်လုပ်၍ ဇီဝဓာတ်ဆီ အဖြစ် သုံးစွဲကြသည်ဟုသိရသည်။
အမေရိကန်က အီသနောကို ပြောင်းဖူးမှထုတ်လုပ်ပြီး ဘရာဇီးလ်က ကြံကိုအခြေခံထုတ်လုပ်သည်။ အာရှဘက်ကိုကြည့်လျှင် တရုတ်နိုင်ငံသည် ဇီဝလောင်စာဆီကို ထုတ်လုပ်ပြီး ကမ္ဘာ့အဆင့်လေးနေရာတွင် ရှိနေသည်။ တရုတ်နိုင်ငံ ၏ ဇီဝလောင်စာဆီ ထုတ်လုပ်သည့် မူဝါဒမှာ စားနပ်ရိက္ခာဖူလုံမှုကို ဦးစားပေးသဖြင့် ပြောင်းဖူးကဲ့သို့ စားသောက်ကုန်ဖြစ်သော သီးနှံများကို သုံးစွဲရာတွင် ပြောင်းဖူးအများအပြားထွက်ရှိသော ဒေသများတွင်သာ အီသနောအဖြစ် ထုတ် လုပ်ပြီး ဓာတ်ဆီတွင် ၁၀ ရာခိုင်နှုန်းရောနှောသည့် E-10 အဖြစ် ဆောင်ရွက်သည်။ တရုတ်နိုင်ငံသည် ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရာတွင် အင်ဒိုနီးရှားနိုင်ငံကဲ့သို့ စားအုန်းဆီမှ ထုတ်လုပ်ခြင်းမျိုး မဟုတ်ဘဲ အသုံးပြုပြီး စားသုံးဆီဟောင်းများ Used Cooking Oil - UCO ကို အသုံးပြုခြင်းဖြစ်သည်။ သို့ရာတွင် တရုတ်နိုင်ငံသည် အဆိုပါ ဇီဝဒီဇယ်ဆီကို ပြည်တွင်းတွင် သုံးစွဲမှုထက် ဥရောပနိုင်ငံများသို့ တင်ပို့မှု ပိုမိုများပြားကြောင်း သိရသည်။ တရုတ်နိုင်ငံသည်စားသောက်ကုန်သီးနှံများနှင့် ဇီဝလောင်စာဆီကို ယှဉ်တွဲထုတ်လုပ်မှုမပြုဘဲ လူစားသုံးနိုင်သော စားဆီပြောင်း စသည်တို့မှ ဇီဝလောင်စာဆီထုတ်လုပ်မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီမှ ဇီဝဒီဇယ်ဆီထုတ်လုပ်ခြင်းကို အဓိကပြုလုပ်ပြီး ပြည်တွင်းတွင် သုံးစွဲလျက်ရှိသည်။ Biodiesel Plan များအဖြစ် ဒီဇယ်ဆီနှင့် ရောနှောသုံးစွဲရာတွင် ၂၀၂၅ ခုနှစ်တွင် B40 Plan စားအုန်းဆီ ၄၀ ရာခိုင်နှုန်းရောထားသော ဇီဝဒီဇယ်ဆီ သုံးစွဲသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါသည်။
အင်ဒိုနီးရှား၏ ဇီဝလောင်စာဆီ အစီအစဉ်နှင့် စားအုန်းဆီ
အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီကို ကမ္ဘာတွင် အများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စားအုန်းဆီပြည်ပတင်ပို့မှုတွင်လည်း အများဆုံးဖြစ်သည်။ ပြည်ပသို့တင်ပို့မှုမှာ တစ်နှစ်လျှင် တန်ချိန် သန်း၃၀ ခန့် တင်ပို့သည်။ တစ်နှစ်ထုတ်လုပ်မှုမှာ စားအုန်းဆီ တန်ချိန် ၅၄ သန်းခွဲခန့်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ဇီဝဒီဇယ်ဆီ B40 အစီအစဉ်အတွက် တန်ချိန် ၁၄ သန်းမျှ ပြည်တွင်းတွင် သုံးစွဲပြီး စားသောက်ခြင်းအတွက် ၁၀ ဒသမ ၅ သန်းခန့် သုံးစွဲသည်ဟု သိရ သည်။ အကယ်၍ B-40 Plan ကို B-50 Plan အဖြစ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်မည်ဆိုပါက စားအုန်းဆီတန်ချိန် ၄ သန်းကျော် ၅သန်းခန့် ပိုမိုသုံးစွဲရမည်ဖြစ်သည်ဟု သိရှိရသည်။ ထို့ကြောင့်B-50 Plan ကို လက်တွေ့အသုံး ချလျှင် ကမ္ဘာ့စားအုန်းဆီ တင်ပို့မှုကို သက်ရောက်မှုရှိနိုင်သည်ဟု ခန့်မှန်းကြသည်။ ယခင်နှစ်က ဇီဝဒီဇယ်ဆီကို အင်ဒိုနီးရှားနိုင်ငံတွင်B-40 အဖြစ် စားအုန်းဆီမှထုတ်လုပ်သော ဇီဝလောင်စာဆီကို ၄၀ ရာခိုင်နှုန်း ထည့်သွင်းသုံးစွဲလျက်ရှိသည်။ ယခု ၂၀၂၆ ခုနှစ်တွင် ၅၀ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန် စီစဉ်ခြင်းဖြစ်သည်။ အင်ဒိုနီးရှား စားအုန်းဆီအသင်း (Indonesia Palm Oil Association) Gabungan Pengusaha Kelapa Sawit Indonesia-GAPKI ၏ ဥက္ကဋ္ဌ Eddy Martono က ၂၀၂၄ခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလအတွင်းပြုလုပ်ခဲ့သည့် စားအုန်းဆီဆိုင်ရာ ညီလာခံ Indonesia Palm Oil Conference တွင် Biodiesel Plan ကို အလေးပေးပြောကြားခဲ့သည်။
၂၀၂၄ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် B40 Plan ကို အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၂၆ ခုနှစ် မတ်လတွင် ဖြစ်ပွားသော အမေ ရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ်တိုက်ခိုက်သည့်စစ်ပွဲ၏ လောင် စာဆီ ရေနံအပေါ်အကျိုးဆက်က အင်ဒိုနီးရှားနိုင်ငံအား B40 Plan မှB50 Plan သို့ အမြန်တိုးမြှင့်ဆောင်ရွက်ရန် တွန်းအားသဖွယ် ဖြစ်စေခဲ့သည်ဟု သုံးသပ်ရပါသည်။ မူလကB50 Plan ကို ၂၀၂၈ ခုနှစ်တွင်မှ စတင်ရန်ဖြစ်သော်လည်း ယခုအခါ ၂၀၂၆ ခုနှစ်ထဲတွင် စတင်မည်ဖြစ်ကြောင်းကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီရန်တို (Prabowo Subianto) က မတ်လ ၃၀ ရက်နေ့ ဂျပန်ခရီးစဉ်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သတင်းထွက် ပေါ်ခဲ့သည်။ သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံမှ အစိုးရဌာနများဘက်ကမူ စားအုန်းဆီဈေး မြင့်တက်မည့် အခြေအနေ၊ အပင်များ အသက်ကြီး လာသဖြင့် စားအုန်းဆီ ထုတ်လုပ်မှု မတိုးတက်လာနိုင်သည့် အခြေ အနေနှင့် စားအုန်းဆီကို ၄၀ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းတိုး၍ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ပြီး ဇီဝဒီဇယ်ဆီအဖြစ် ဆောင်ရွက်ပါက ယာဉ်များနှင့် စက်များတွင် အဆင်ပြေမှု ရှိ၊ မရှိတို့ကို ကနဦးစမ်းသပ် ဆောင်ရွက်ပြီးမှသာ အပြည့်အဝ ဆောင် ရွက်မှုကို ၂၀၂၈ ခုနှစ်တွင်မှ ပြုလုပ်လိုကြောင်းကိုလည်း သတင်းများတွင်တွေ့ရှိရသည်။ အကယ် ၍ ယခုနှစ်တွင် အင်ဒိုနီးရှားသမ္မတ ပြောသကဲ့သို့B50 အစီအစဉ်ကို ၂၀၂၆ ခုနှစ်တွင် အလျင်အမြန် သုံးစွဲလာပါက စားအုန်းဆီ ပြည်ပ တင်ပို့မှုလျော့ကျပြီး ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာ ဖွယ်ရာရှိသည်ကို စိုးရိမ်ရသည်။လက်ရှိတွင်လည်း ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့မြင်ရသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်သုံးစွဲရေးနှင့် စားအုန်းဆီ ပြည်ပတင်ပို့ရေးတွင် မည်သို့ဘက်မျှစေရန် ဆောင်ရွက်သွားမည်ကို လေ့လာနေရန် လိုအပ်သည်။ အင်ဒိုနီးရှား နိုင်ငံသည် ပြည်တွင်းတွင် ဇီဝလောင်စာဆီ ထုတ်လုပ်သုံးစွဲရာတွင် ပြည်သူများ ဈေးသက်သာစွာ ဝယ်ယူနိုင်ရန်အတွက် အစိုးရမှ အထောက်အပံ့ပြုပေးလျက်ရှိသည်။ အဆိုပါအထောက်အပံ့ကို စားအုန်းဆီပြည်ပတင်ပို့မှုမှ ပို့ကုန်အခွန် Export level အဖြစ် ကောက်ခံထောက်ပံ့ခြင်းဖြစ်သည်။ ထို့ကြောင့် B 50 Plan ကို အပြည့်အဝ အကောင်အထည်ဖော်မည်ဆိုပါက ပို့ကုန်အခွန် ကောက်ခံမှုကို တိုးမြှင့်ခြင်း၊ ပြည်တွင်းတွင် စားအုန်းဆီသုံးစွဲမှုမြင့်တက်ပြီး ပြည်ပတင်ပို့မှု လျော့ကျခြင်းတို့ကို တွေ့ကြုံရနိုင်သဖြင့် ကမ္ဘာ့စားအုန်းဆီ ဈေးကွက်အခြေအနေ ပြောင်းလဲနိုင်သည်။
စားအုန်းဆီ တင်သွင်းသူများ၏ တုံ့ပြန်နိုင်သည့် အခြေအနေများ
ကမ္ဘာ့စားအုန်းဆီကို တင်သွင်းနေသည့်နိုင်ငံများတွင် တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသည် ထိပ်တန်းနိုင်ငံများဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း စားအုန်းဆီကို အင်ဒိုနီးရှားမှ ပင်တင်သွင်းနေသည်ကို တွေ့နိုင်သည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာပါက မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ ဝယ်ယူမှုကို ပြောင်းနိုင်သကဲ့သို့ အခြားသောစားသုံးဆီများဖြစ်သည့် ပဲပုပ်ဆီနှင့် နေကြာဆီများတင်သွင်းမှုဘက်သို့လည်း ပြောင်းလဲနိုင် သည်။ ဆီအုန်းစိုက်ပျိုးမှုနှင့် အခြားသော ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် မှုများကိုလည်း ပိုမိုအားထုတ်ကြိုးပမ်းလာဖွယ်ရာရှိသည်။
မြန်မာနိုင်ငံမှ စားသုံးဆီထုတ်လုပ်မှုနှင့် ပြည်တွင်းဖူလုံရေး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးတွင် ဆန်စပါးနှင့် ပဲမျိုးစုံပြီးလျှင် အများဆုံးစိုက်ပျိုးသော သီးနှံအုပ်စုမှာ ဆီထွက်သီးနှံများဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြေပဲ၊ နှမ်းနှင့် နေကြာအပြင် ပန်းနှမ်း၊ ပဲပုပ်၊ ဆီမုန် ညင်းနှင့် ဆီအုန်းတို့ စိုက်ပျိုးထုတ်လုပ်နိုင်ကြသည်။ စိုက်ပျိုးထုတ်လုပ် သမျှ ဆီထွက်သီးနှံများကို ပြည်တွင်းတွင် ကြိတ်ခွဲပါက ပြည်တွင်း လိုအပ်ချက်ကို ရရှိနိုင်သည်။
သို့ရာတွင် ဆီထွက်သီးနှံများကို ပြည်ပတင်ပို့ပြီး ပို့ကုန်ဝင်ငွေရရှိရေးအတွက် လည်း အရေးပါသည်ဖြစ်၍ ဆီထွက်သီးနှံများကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပ ဈေးကွက်အတွက်ပါ ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်ကြသည်။
မြန်မာနိုင်ငံသည်စားအုန်းဆီတင်သွင်းလျက်ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုနှင့် ဈေးနှုန်းအပြောင်းအလဲများသည် မြန်မာနိုင်ငံ၏စားသုံး ဆီဈေးကွက်အပေါ် ရိုက်ခတ်မှုရှိမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပို့ကုန် ပမာဏနှင့် ဈေးနှုန်းများကို တိုးမြှင့်ပါက မြန်မာနိုင်ငံအနေဖြင့် အဓိကတင်သွင်းနေ သည့် စားအုန်းဆီအတွက် နိုင်ငံခြားငွေသုံးစွဲရမှုသည်လည်းပိုမိုလာနိုင်သည်။ ထိုသို့ အင်ဒိုနီးရှားနိုင်ငံက ဇီဝဒီဇယ်ဆီထုတ်လုပ်မှုတွင် စားအုန်းဆီထည့်သွင်းမှုကို တိုး တက်ရန် ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းအခြေအနေ စိန် ခေါ်မှုကို ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ အဆိုပါ စိန်ခေါ် မှုကို အခြေခံ၍ ပြည်တွင်းဆီစက်များအနေဖြင့် အခွင့်အလမ်းအဖြစ် ခံယူပြီး ပြည် တွင်းထုတ်ဆီများဖြင့် ပြည်တွင်းဈေးကွက်ကို တိုးတက်ရယူရမည်ဖြစ်သည်။
ပြည်တွင်းဈေးကွက်ကို ပြည်တွင်းထုတ်စားသုံးဆီများဖြင့် ထိန်းထားနိုင် ရန်အတွက် ဆီထွက်သီးနှံ တစ်မယ်ချင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ဆီထွက် သီးနှံ အမျိုးအစား တိုးချဲ့ခြင်းတို့တွင် ပြည်တွင်းဆီစက်များကပါ လိုက်ပါဆောင်ရွက် သင့်ပါသည်။ ဆိုလိုသည်မှာ တောင်သူများနှင့် အကျိုးတူသော် လည်းကောင်း၊ ဆီ စက်ပိုင်ရှင်များအနေဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ခြင်းတွင်လည်းကောင်း ပိုမို ပါဝင်ဆောင်ရွက်ခြင်းဖြင့် စားသုံးဆီကြိတ်ခွဲရန် လိုအပ်သော ကုန်ကြမ်းကို သင့်တင့် သော ဈေးနှုန်းဖြင့် ရရှိစေနိုင်သည်။ ကုန်ကြမ်းဈေးသက်သာမှသာ ကုန်ချောဖြစ် သော စားသုံးဆီဈေးလည်း သက်သာမည်ဖြစ်သည်။ ပြည်တွင်း စားသုံးဆီပိုမို ထုတ် လုပ်နိုင်ရေးနှင့်် စားအုန်းဆီကို ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် မြေပဲ၊ နေကြာနှင့် ပဲပုပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် စားသုံးဆီကဏ္ဍမှ ကုမ္ပဏီများ၊ ကုန်သည်ပွဲစားများနှင့် ဆီစက်များအားလုံးက ဝိုင်းဝန်းကြိုးပမ်း သင့်သည်။ ကျန်းမာရေးနှင့် ချွေတာရေး လမ်းစဉ်ကိုလည်း ပြည်သူများ လိုက်ပါစေ ရန် စည်းရုံးလှုံ့ဆော်မှုများကို ကျန်းမာရေးဌာနများနှင့် စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်သူများ၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချသူများ ပူးပေါင်း၍ ဆောင်ရွက်သင့် သည်။ ပြည်သူများဘက်မှလည်း ဆီစားသုံးမှုကို ချွေတာလျှင်၊ လျှော့ချလျှင် ကျန်းမာရေးတိုးတက်လာမည်ဖြစ်ပြီး စားသုံးရာတွင်လည်း ပြည်တွင်းထုတ် အရည်အသွေးကောင်း မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီများကို အားပေးစားသုံးခြင်းကို ပိုမိုပြုလုပ်သင့်သည်။ စားသုံးသူများအနေဖြင့် ကျန်းမာရေးနှ့ညီညွတ်သော ဆီစားသုံးမှုပုံစံကို ပြောင်းလဲစေရန် လှုံ့ဆော်စည်းရုံးရမည်ဖြစ်သည်။
စားသောက်ကုန်လုပ်ငန်းများတွင် စားအုန်းဆီ သုံးစွဲမှုမှာ လိုအပ်နေမည် ဖြစ်၍ ပြည်တွင်းစားအုန်းဆီထုတ်လုပ်မှု၊ ဆီအုန်းစိုက်ပျိုးမှုများ တိုးချဲ့သွားခြင်းတို့ကို အားပေးဆောင်ရွက်ရမည်ဖြစ်သည်။ သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှု B50 Plan တိုးချဲ့ဆောင်ရွက်မည့်ကိစ္စသည် မြန်မာနိုင်ငံ၏ စားသုံးဆီ လောကအတွက် အချက်ပေး ခေါင်းလောင်းသံအဖြစ် သတိပြုပြီး ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်းဆီစက်များ တိုးတက်ကြိတ်ခွဲလာရေးနှင့် ပြည်တွင်းစားသုံးဆီ တိုးတက်ထုတ်လုပ်ရေးတို့ကိုSupply Chain တစ်လျှောက် ပါဝင်သူများက အားထုတ်ကြိုးပမ်းသင့်ပါကြောင်းနှင့် စားသုံးသူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ချွေတာရေး အတွက် ဆီစားသုံးမှုလျှော့ချရေး၊ အရည်အသွေးကောင်း သောဆီကို နည်းနည်းသာစားသုံးသည့် အလေ့အထ မွေးမြူရေးတို့ကို ဆောင်ရွက် သွားသင့်ပါကြောင်း တင်ပြအပ်ပါသည်။
ဒေါ်သီတာဝင်း(Doca NPT)
