Background
ကုလားပဲဖြူလုံးကြီး လက်ကျန်အတော်နည်းလာပြီဖြစ်ပြီး ပဲအသစ်လည်း ထွက် ပေါ်လာခြင်းမရှိသေးလို့ လက်ကျန်အနည်းငယ်သာ အရောင်းအဝယ်နဲ့ တင်ပို့မှုရှိခဲ့ တာ တွေ့ရပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ဆောင်းသီးနှံပဲမျိုးစုံစိုက်ဧက ၁၇ ဒသမ ၃ သိန်းကျော် စိုက်ပျိုးတဲ့အနက် မတ်ပဲပြီးရင် ပဲတီစိမ်း စိုက်ဧက ၃ဒသမ ၈သိန်းနဲ့ ဒုတိယအများဆုံးစိုက်ပျိုးပါတယ်။ ပဲတီစိမ်းထဲက မျိုးကွဲတစ်မျိုးဖြစ်တဲ့ ပဲတီရွှေဝါကတော့ ဈေးကောင်း ပိုရလို့ စိုက်ပျိုးတောင်သူကြိုက်တဲ့ ပဲမျိုးဖြစ်ပေမဲ့ ရေမြေရာသီဥတု ပိုမိုကိုက်ညီတဲ့ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦးမြို့နယ်များမှာ ပိုမိုဖြစ်ထွန်းပါတယ်။
အိန္ဒိယနိုင်ငံအထက်ပိုင်း ဈေးကွက်များနဲ့ ဒေလီမှာ ပဲတီစိမ်းရောင်းအားနည်းတာကြောင့် ပဲတီစိမ်းအချို့ ဈေးအနည်းငယ် တိုးလာပါတယ်။ယခင်ရက်များကဈေးကွက်များအတွင်း ဟင်းသီးဟင်းရွက် ဈေးလျော့တဲ့အတွက် ပဲဝယ်လိုအားနည်းပြီး ဈေး ကျဆင်းခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၈၉၁ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၁၄၉ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၁၅၈ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၉ တန်ခန့် လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပဲတီစိမ်းတွေ အဝယ်ရှိလာလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃-၁၉)အတွင်းမှာတန်ချိန် ၅၀၀၀ခန့်အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပဲခူး၊ တောင်ငူစ များ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ပြီး နောက်လမှာ စထွက်မယ့် ခရမ်းစတွေကိုလည်း ဝယ်လက်တွေ စိတ်ဝင်စား နေကြတယ်လို့ သိရပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်သီတင်းပတ်တွေက တန် ၂၀၀၀ အထက်မှာ ပုံမှန် ပမာဏသာတင်ပို့ရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပိုတင်နေတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၄၀၀၀ နီးပါးတင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၂၀၀၀ ကျော်ထက် ပိုမိုတာတွေ့ရပါတယ်။
ပဲလွန်းဖြူတစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ ယခင် တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ နည်း သွားတာကိုတွေ့ရပါတယ်။ နတ် တလင်း၊ တာပွန်၊ မိုးညိုဘက်မှထွက်တဲ့ ပဲလွန်းဖြူမှာ ရန်ကုန်ကို တင်ပို့မှု များ နေပြီး၊ ရွှေတောင်ဘက်မှဝင်တဲ့ ပဲလွန်း ဖြူများသာ ပြည်ဈေးကွက်ကို တင်ပို့မှု များတယ်လို့ သိရပါတယ်။
မန်းပဲဈေးကွက်မှာ ယခုအပတ် အတွင်း ပဲလွန်းဖြူ ပြန်မာလာကို တွေ့ ရပါတယ်။ ပြည်ပပို့ကုန်တန်းဝင်တဲ့ ပဲလွန်းဖြူဆိုရင် သုံးတင်းတစ်အိတ် ၅၆၀၀၀ ကျပ်မှ ၅၈၀၀၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ တစ် ပိဿာကို ၉၃၃ ကျပ်မှ ၉၆၇ ကျပ်ထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်းပဲလွန်းဖြူကို အဝယ် လိုက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပြီး ယခုဇန်နဝါရီလ ၁၃-၁၉ ရက်အတွင်းမှာလည်း ပဲလွန်းဖြူ တန်ချိန် ၇၀၀ ကျော်ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်ကို တိုင်းတွင်းဒေသများဖြစ်တဲ့ မြင်းခြံခရိုင်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို၊ မုံရွာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဆားတောင်၊ အရာတော်ဒေသများက ပဲစင်းငုံသစ်များအဝင်လှိုင်လာပြီဖြစ်ပါတယ်။ သီးနှံသစ်အဝင်များလာ သလို သီးနှံဟောင်းလက်ကျန်များလည်း လှောင်လက်တွေမှာ အများအပြားရှိနေသေး တယ်လို့ သိရပါတယ်။