Main menu

Background

Monday, 6 Jan 2014

ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း သီးနှံကတော့ ပဲသစ်များ နေ့စဉ်အဝင်ရှိ ခဲ့ပြီး၊ မန္တလေးလိုင်းသမား ဝယ်လိုအား များတဲ့အတွက် တစ်ရက်အိတ် ၂၀၀ ကျော်၊ အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ တာကို တွေ့ရပါတယ်။ ဝင်ရောက်လာ တဲ့ ပဲများဟာ အရည်အသွေးအနည်း ငယ် ကျဆင်းလာတာကြောင့် ယခင်နှစ် ကုန်ဈေးထက် ဈေးပြန် လျော့သွားခဲ့ပါ တယ်။ ယခုနှစ်ဆန်းပိုင်းမှာ မန္တလေး ဝယ်လက်များမှ အရည်အသွေးအလိုက် ဈေးပေးဝယ်ယူနေတာ ကြောင့် ထိပ်စ တစ်တင်း ၃၀၅၀၀ ကျပ်၊ အလတ်စ တစ်တင်း ၂၈၅၀၀ ကျပ်နဲ့ ယခင်နှစ် ကုန်ဈေးထက် တစ်တင်း ၁၀၀၀ ကျော် ခန့်ဈေးလျော့သွားခဲ့တယ်လို့ သိရပါ တယ်။ ခင်ဆွေဝင်း - ပြည်

Tuesday, 31 Dec 2013

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မိုးသီးနှံ ပဲစင်းငုံကို ၃၃၆၀၄ ဧက စိုက်ပျိုးခဲ့ ပါတယ်။ ယခုနှစ် မိုးပဲစင်းငုံစိုက်ပြီး ကာလ အပင်ပေါက်အားကောင်းခဲ့သော်လည်း အပင်ကြီးထွားဖို့အားယူချိန်မှာ မိုးခေါင်ခဲ့သဖြင့် သီးညှပ်အဖြစ်စိုက်ပျိုးခဲ့တဲ့ နှမ်းနဲ့ ပဲစင်းငုံအချို့ ပျက်စီးမှု အနည်းငယ်ရှိခဲ့ပါတယ်။ ပဲစင်းငုံကို ဒေသတွင်း တန်းစိုက်နဲ့ ကြဲပက်စိုက်နှစ်မျိုး စိုက်ကြတဲ့အတွက် အချို့တန်းစိုက်သမားများက အစားထိုး သီးနှံအဖြစ် မြေပဲကို အစားထိုးစိုက်ကြပါတယ်။

Tuesday, 31 Dec 2013

မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန် သည်၊ စက်ပိုင်များ ကထိန်တော် အသင်း) မှ ထောပတ်ပဲကို မတ္တရာ၊ ပုသိမ်ကြီး၊ တံတားဦး၊ ချောင်းဦး၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး၊ မကွေး၊ ချောက်၊ ရေနံ ချောင်း၊ပခုက္ကူစတဲ့ ဒေသများမှ ဝယ်ယူ ရရှိပါတယ်။ ၂၀၁၂ ခုနှစ်၊ ထောပတ်ပဲ ပေါ်ချိန် ဒီဇင်ဘာလနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလများမှာ ဈေးအမြင့်ဆုံးဖြစ် တဲ့ တစ်ပိဿာ ၁၀၁၃ ကျပ် (တစ်တန် ၆၂၀၃၅၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ် ကြောင်း သိရပြီး၊ ၂၀၁၂ ခုနှစ်၊ မေ၊ ဇွန်၊ ဇူလိုင်လများမှာ ဈေးအအေးဆုံး ဖြစ်ပြီး တစ်ပိဿာ ၆၇၆ ကျပ် (တစ် တန်၄၁၃၉၇၆ကျပ်)နဲ့အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Wednesday, 18 Dec 2013

မုံရွာကုန်စည်ဒိုင် ဒုတိယပတ် ပဲဈေးကွက်မှာ တရုတ်လက် ဝယ် လို အားကောင်းတဲ့ ပဲတီစိမ်းတစ်မျိုးသာ ဈေးမာနေခဲ့ပြီး၊ ကျန်ပဲအများစု ဈေး အေး ခဲ့တာတွေ့ရပါတယ်။ ကုလားပဲမျိုး စုံ ဈေးကွက်မှာတော့ လှောင်လက် သမားတွေ ဈေးအနည်းငယ် ဆွဲတင် ခဲ့လို့ ကုလားပဲထိုင်ဝမ်ဟာ တစ်တင်း ၁၄၂၀၀ ကျပ်မှ၁၄၇၀၀ ကျပ်၊ V2 တစ် တင်း ၁၅၅၀၀ ကျပ်မှ  ၁၅၇၀၀ ကျပ် နဲ့ 929 တစ်တင်း ၁၄၅၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ် အသီးသီးဈေးမြင့်လာပြီး၊ ကုလားပဲ ရိုးရိုးကတော့ တစ်တင်း ၁၄၀၀၀ ကျပ်မှာ ငြိမ်နေတာတွေ့ရပါ တယ်။

Wednesday, 18 Dec 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့ တာကာလအတွင်း မန်ကျည်း ၁၆၅ ဒသမ ၀၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်း တန်ချိန် လေးဆယ်ကျော်သာတင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ရာကျော် တင်ပို့မှုပိုခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သောင်းလေးထောင်ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။        MIRT (DOT)

Wednesday, 18 Dec 2013

ပြီးခဲ့တဲ့နှစ် ဆောင်းကြက်သွန်နီဈေးကွက်မှာ ပေါ်ကာစ တစ်ပိဿာ ၃၀၀ ကျပ်ဝန်းကျင်မှ ယနေ့ လက်ကျန် ပြတ်ချိန် တစ်ပိဿာ ၇၅၀ ကျပ်၊ ၈၀၀ ကျပ်ဝန်းကျင် ဈေးရခဲ့တာ ကြောင့် စားသုံးသူတွေအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေခဲ့ပဲ စိုက်ပျိုးသူတွေသာ အကျိုးရှိခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် လည်း မုံရွာခရိုင်က ဈေးကွက် မျှော်လင့်ချက် နဲ့ စိုက်ဧက ၁၃၀၀၀ ထက်ကျော်လွန်စိုက်ပျိုးခဲ့ကြကာ မှန်းချက်ကိုက်ခဲ့ တယ်လို့ ဆိုရမှာပါ။

Wednesday, 18 Dec 2013

ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်း ပြောင်းဈေးကွက်မှာ ပြောင်းဈေးအေး နေသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း "မဒီ " ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် လည်းကောင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်း အဓိက ပြောင်းဈေးကွက်ဖြစ်ရာ ရွှေလီမြို့၊ ကြယ်ခေါင် နယ်စပ် ကုန်သွယ်ရေး စခန်းမှာ (၁၃) ကြိမ်မြောက် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကြောင့်လည်းကောင်း၊ ပြောင်းဈေးများ အေးနေရခြင်းဖြစ်ပါတယ်။

Wednesday, 18 Dec 2013

မြိတ်မြို့နယ်အတွင်း ရော်ဘာအစေးခြစ် ရာသီချိန်ဖြစ်တဲ့ ပွင့်လင်းရာသီချိန်ရောက်မှရော်ဘာဈေး ရုတ်တရက် ကျဆင်း သွားပါတယ်။ ရော်ဘာခြံရှင်များအနေနဲ့ ယခုလို ရော်ဘာဈေး ရုတ်တရက်ကျဆင်းသွားပေမဲ့လည်း ရော်ဘာ အစေးခြစ် ထုတ်လုပ်မှုမှာ ယခင်အတိုင်းပဲ ပုံမှန်ဆောင်ရွက်လျက်ရှိတာ ကို သိရပါတယ်။

Monday, 9 Dec 2013

ပြည်တွင်းရော်ဘာဈေးသည် ဆက်တိုက်ကျဆင်းနေပြီး၊ ဈေးကွက်မှာလည်း ဝယ်လိုအားနည်းကာ ရောင်းလိုအားများ နေခြင်းကြောင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအနေနဲ့ အခက်တွေ့နေကြကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသများရဲ့ ရော်ဘာထွက်ကုန် ကျဆင်းခြင်း၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ ဆောင်းတွင်းပိုင်းမှာ ရော်ဘာစိုက်ပျိုး တဲ့ အချိန်ဖြစ်ခြင်းနဲ့ သွင်းကုန်များလည်း ဈေးတက်လာခြင်း တို့ကြောင့် လာမည့်လတွေမှာ ရော်ဘာဈေးကျမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ယခုအချိန်မှာ ကမ္ဘာ့ရော်ဘာ RSS-5 ဈေးလည်းကျဆင်းနေပါတယ်။

Monday, 9 Dec 2013

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသအလိုက်ထွက်ရှိတဲ့ပြောင်းများမှာ ဈေးကွက် အတွင်းပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း  တောင်ကြီးမှာပိဿာချိန် ၂၀ သိန်းခန့်၊ ရပ်စောက်မှာ ပိဿာချိန် ၂၇ သိန်း၊ နမ့်စန်မှာ ပိဿာချိန် ၁၀ သိန်းခန့်၊ လဲချားမှာပိဿာချိန် သုညဒသမ ၇၈ သိန်း၊ လားရှိုးမှာ ပိဿာချိန် သိန်း ၂၀ ကျော်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ နိုဝင် ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ပြောင်းတစ်ပိဿာ နိမ့်မြင့်ဈေးများကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ၃၅၅ ကျပ်၊ လဲချားမှာ ၃၃၀ ကျပ်မှ ၃၆၀ ကျပ်၊ နမ့်စန်မှာ ၃၅၀ ကျပ်၊ လားရှိုးမှာ ၄၁၀ ကျပ်၊ ၄၂၀ ကျပ်၊ မူဆယ်မှာ ၄၅၈ ကျပ်၊ ၄၆၅ ကျပ်၊ ရွှေလီမှာ ၄၉၀ ကျပ်၊ ၄၉၈ ကျပ်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်း ပြောင်းရောင်းဝယ်မှုမှာ လက်လွှဲရောင်းချခြင်းသာ အဓိက ရောင်းဝယ်ခဲ့ပြီး၊ ပြည်နယ်အတွင်းနဲ့ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများရှိ အစာစပ်လုပ်ငန်းများမှ လည်း အဝယ်ရှိကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ပထမအပတ်အတွင်း ပြောင်း ရောင်းဝယ်မှုမှာ တောင်ကြီးမှပိဿာချိန် ၆ သိန်းခန့်၊ ရပ်စောက်မှ ၄ ဒသမ ၅ သိန်း၊ လဲချားမှာ ၁ သိန်းခန့်၊ နမ့်စန်မှာ ၁ ဒသမ ၅ သိန်းခန့်၊ လားရှိုးမှာ ၈သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်ပြောင်းတစ်ပိဿာပေါက်ဈေး များကတော့ တောင်ကြီးမှာ ၃၅၀ ကျပ်၊ ရပ်စောက် ၃၅၀ ကျပ်၊ နမ့်စန် ၃၅၀ ကျပ်၊ လဲချား ၃၃၀ ကျပ်၊ ၃၅၀ ကျပ်၊ လားရှိုး ၄၁၅ ကျပ်၊ မူဆယ် ၄၆၀ ကျပ်၊ ရွှေလီ ၄၉၃ ကျပ် ပေါက်ဈေးရှိကြောင်း သိရပါတယ်။    သန်းတိုး-တောင်ကြီး

Pages