Background
ဇွန်လနောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်းက ရော်ဘာအပို့မရှိ ဇွန်လ ၂၄ မှ ၃ဝ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် တင်ပို့မှု လျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ရေကြောင်းကတင်ပို့မှုမရှိပေမယ့် နယ်စပ်ကတော့ တန် ၉ဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့RSS-3 တစ်တန်ကို ၄၃၅ဝ ဒေါ်လာ၊ ှRSS-5 တစ်တန်ကို ၄၂၅ဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၃၅ဝ ဒေါ်လာ အသီးသီးဈေးပေါက်ကြောင်း သိရပါတယ်။ KZW
ဝါဆိုတော့မှာမို့ V2 ဈေးမာ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ပဲမျိုးစုံအများစုဟာ ဈေးအေးဈေးနိမ့် ဘက်ကို ရောက်နေတယ်လို့ဆိုပေမဲ့ V2 တစ်မျိုးကတော့ ဈေးမာနေတယ်လို့ သိရပါတယ်။ ဒါဟာလည်း V2 ဟာ ပြည်ပဈေးကွက်အပြင် ပြည်တွင်း ဈေးကွက် မှာလည်းဝယ်လိုအားရှိတာကတစ်ကြောင်း လတ်တလော အခြေအနေမှာ ပြည်တွင်းမှာ ဝါဆိုတော့မှာရယ်၊ အိန္ဒိယ ဝါဝင်ချိန်ကာလလည်းနီးကပ်လာတာကတစ်ကြောင်း မို့လို့ ဆိုပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ V2 တစ်ပိဿာ ဈေးနှုန်းများကို ကြည့်ရင် မေလ လကုန်ပိုင်းတုန်းက တစ်ပိဿာ ၉၂၅ ကျပ်-၉၄၅ ကျပ် ပေါက်ဈေး ရှိခဲ့ပြီး ဇွန် ဒုတိယပတ်အတွင်းမှာ ၉၁ဝ ကျပ်-၉၁၅ ကျပ်ဝန်းကျင်အထိ ဈေးအေးလာခဲ့တာကို တွေ့ရပါတယ်။ အခုဇွန်နောက်ဆုံး ပတ်မှာတော့ ၉၂၆ ကျပ်-၉၃၅ ကျပ်ထိ ဈေးပြန် မာလာခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲရဲ့ အနေအထားကလည်း မေ၊ ဇွန် နှစ်လလုံးမှာ တစ်ပိဿာ ၈ဝဝ ကျပ်ဝန်းကျင်မှာ ဈေးမာနေ ခဲ့ပါတယ်။ ဒီအခြေအနေကိုကြည့်ရင် အခြားပဲများကိုလည်း ဈေးကွက်တစ်ခုတည်း မဟုတ်ဘဲ ပြည်ပ ဈေးကွက်အပြင် ပြည်တွင်း ဈေးကွက်ရရှိရေး တန်ဖိုးမြင့်ထုတ်ကုန်ဈေးကွက် ပေါ်ပေါက်လာရေးများကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုနေပြီဆိုတာကို တွေ့ရပါတယ်။ သက်သက်နိုင်
ဝါဝင်ကာလအတွက်ပဲကြီးအရောင်းအဝယ်သွက်လာ မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်ဟာ ဇွန်လအတွင်း ဈေးအတက်အဆင်းများ စွာဖြစ်ပေါ်ခဲ့ပြီး ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီနှစ်ပဲကြီး ဈေးကွက်ကို လေ့လာတဲ့အခါ ပဲဟောင်းလက်ကျန်နည်းတဲ့ ဒီဇင်ဘာ၊ နိုဝင်ဘာ လတွေမှာတစ်တင်း ၃ဝဝဝဝ ကျပ် နဲ့ဈေးကောင်း ရခဲ့ပြီး၊ ပဲသစ်ပေါ်စ ဇန်နဝါရီလ ကုန်ပတ်ကစပြီး တဖြည်းဖြည်းဈေးအေးလာခဲ့ကာ တစ်တင်း ၁၈ဝဝဝ ကျပ်ထိ ကျဆင်းသွားခဲ့ပါတယ်။ မေလဒုတိယပတ်ကစကာတစ်တင်း ၁၄ဝဝဝ ကျပ် ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်နေခဲ့ရာ ယခုဇွန်လအထိ ဈေးငြိမ်ခဲ့ပါတယ်။ ဇွန်လ အတွင်းမှာတော့ အနိမ့်ဆုံးတစ်တင်း ၁၁၅ဝဝ ကျပ် ပေါက်ခဲ့ပြီး၊ ဇွန်လကုန်ပတ်မှာ ၁၄ဝဝဝ ထိ ဈေးပြန်မာလာပါတယ်။ ဈေးကွက်ဝယ်လိုအားအနေနဲ့ တရုတ် ပြည်တင်ဖို့မန္တလေးအဝယ်အေးခဲ့ပြီး ယခုလထဲမှာဝါဝင်ကာလ ပဲကြော်လုပ်ငန်း သမားတွေ အဝယ်လိုက်လာလို့ယခုလို ဈေး ပြန်မာလာခဲ့ခြင်းဖြစ်တယ်လို့ ကုန်သည် အသိုင်းအဝန်းက ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်မှာယခုတစ်ပတ်အတွင်း တစ်နေ့ ပဲကြီးတင်း ၅ဝဝ ဝန်းကျင်နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြည်ထောပတ်ပဲ လက်လီရော လက်ကားပါ အရောင်းအဝယ်ဖြစ် ဇွန်လဆန်းမှစ၍ ပြည်ဈေးကွက်သို့ ဆောင်းသီးနံှ ပဲမိုျးစုံဝင်ရောက်မှုနည်း လာခဲ့ပြီး ထောပတ်ပဲ သီးနံှလည်း ဇွန်လနောက်ဆုံးပတ်မှာ အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်းအဝယ် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ လက်လီ သမားရော၊ လက်ကားသမားများပါ အဝယ်ရှိပြီး လက်လီဈေးမှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် နေ့စဉ် ၁၄ အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် သမားများမှ လက်ကားဝယ်ယူမှုရှိပြီး တစ်တင်း ၁၆ဝဝဝ ကျပ် ဈေးပေးဝယ်ယူတဲ့ အတွက် အိတ် ၅ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲယင်း ပဲကြီးတင်ပို့မှု ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ ပဲယင်း ၂၄၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၄၆ သန်းဖိုးနဲ့ ပဲကြီး ၁၂၇ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ဇွန်လအတွင်းမှာတော့ ပဲယင်း ၅၈၈ တန်နဲ့ ပဲကြီး ၂၇၂ တန် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ပဲယင်းရဲ့ မိမိဘက်ပေါက်ဈေးက တစ်တန် ၃၃၇၉ဝ၈ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ၆ဝ၃ ဒေါ်လာရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)
ပြည်ပအရောင်းစာချုပ် အနည်းငယ်လျော့ ယခင်သီတင်းပတ်က FOB ဈေးကွက်မှာ ထောပတ်ပဲ တန် ၇၅ဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၇ဝဝ ခန့် ပြည်ပအရောင်း စာချုပ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်)အတွင်းမှာတော့ ထောပတ်ပဲ တန်ချိန် ၅၄ဝ ခန့်နဲ့ မြေထောက်ပဲ တန်ချိန် ၄ဝဝ ခန့်သာ ရှိလို့ ယခုတစ်ပတ်စာချုပ်အရောင်း အနည်းငယ်လျော့ခဲ့ပါတယ်။ ဇွန်လ တစ်လလုံး ပြည်ပရောင်းချမှုမှာ ထောပတ်ပဲ တန်ချိန် ၂၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၂၃ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ယခင်သီတင်းပတ်ဈေးများအတိုင်း ဇူလိုင် ၁ ရက်မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ နဲ့ မြေထောက်ပဲ FAQ ကတော့ ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ထောပတ်နဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေ အခြားပဲများအုပ်စုအနေနဲ့ ပြည်ပသင်္ဘောတင်ပို့မှုရှိတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း အားကောင်းနေတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲတန် ၆ဝဝ၊ မြေထောက်ပဲ တန် ၃၇ဝ ကျော် တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာတော့ ထောပတ်ပဲ တန်ချိန် ၁ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၅ဝဝ ကျော်ထိ တိုးတက်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ ပြည်ပတင်ပို့ပြီးစီးမှုမှာ ထောပတ်ပဲ တန်ချိန် ၈ဝဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၄ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၇ဝဝဝ နဲ့ မြေထောက်ပဲ တန်ချိန် ၃ဝဝဝ နီးပါးရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
အဝယ်သွက်မယ့် အလားအလာကြောင့် အိန္ဒိယကုလားပဲဈေး အတက်ဘက်ဦးတည် အိန္ဒိယကုလားပဲဈေးကွက်တွေကို ကုလားပဲအဝင်လျော့ကျပြီး ဝယ်လို အားမြင့်တက်လာတာကြောင့် ကြိုပွိုင့်ရော လက်ငင်းဈေးပါ အတက်ဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်လိုအား ယာယီလျော့ကျပေမဲ့ ပွဲတော်ကာလနီးကပ်လာပြီး အဝယ်တက်လာနိုင်တဲ့ အလား အလာအရ ဈေးကျဆင်းမှု ရပ်တန့်သွားတယ်လို့ သိရပါတယ်။ မိုးရွာသွန်းမှု တိုးတက်နေခြင်းက စိုက်ပျိုးရေးကုန်စည်အများစုကို ဈေးလျော့ ကျစေနိုင်ပေမဲ့ လာမယ့် ရက်တွေမှာ ဝယ်လိုအားတက်လာနိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ သြစတြေးလျမှာ ၂ဝ၁၁-၁၂ အတွင်း ကုလားပဲစိုက် ဧရိယာ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပုံမှန်အားဖြင့် ကုလားပဲဈေးနှုန်းက ဈေးကွက်အတွင်း ဝင်ရောက်မှုအများဆုံး ကာလဖြစ်တဲ့ မေလလယ်အတွင်းဈေးကျဆင်းတတ်ပြီးဝင်ရောက်မှု ကျဆင်းလာချိန် မှာ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လေ့ရှိပါတယ်။ ယေဘုယျဈေးနှုန်းဦး တည်ရာ အရ ကုလားပဲဝယ်လိုအားကောင်းဖွယ်ရှိခြင်းက ဈေးနှုန်းပြန်လည် ခိုင်မာလာနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: commodityonline
မုံရွာ V2 ရန်ကုန်အဝယ်မြူးနေဆဲ မုံရွာကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ ဇွန်လတစ်လလုံးရန်ကုန်အဝယ်ရှိလို့ အရောင်းအဝယ်သွက်ခဲ့ပြီး တိုင်ပေ နဲ့ 929 ကိုဒေသစက်သမားတွေ အဝယ်လေး ခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လထဲမှာဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေး အနိမ့်အမြင့်ကို လေ့ လာတဲ့အခါ တိုင်ပေတစ်တင်း ၁၄၂ဝဝ ကျပ် မှ ၁၅၅ဝဝ ကျပ်၊ 929 တစ်တင်း ၁၄ဝဝဝ ကျပ် မှ ၁၅၄ဝဝ ကျပ်၊V 2 တစ်တင်း ၁၅၈ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ် နဲ့ ကုလားပဲရိုးရိုး ၁၃ဝဝဝ ကျပ်မှ ၁၄၂ဝဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်ဇွန်လဈေးကွက်မှာ တစ်ရက်လျှင် V 2 အိတ် ၁၅ဝဝ မှ ၂ဝဝဝ အတွင်းနေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ကုလားပဲတွေအနေနဲ့တစ်ရက်ကိုအိတ် ၁ဝဝဝ ဝန်းကျင်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဇွန်လထဲမှာ မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေး နဲ့ ရန်ကုန် ကို V2 ၁၅ဝဝဝ ခန့်စီးထွက်သွားခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင်
ကုလားပဲဖြူလုံးကြီး တင်ပို့မှုတက် ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁ဝဝဝ အောက် သာရှိရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၂၄ဝဝ အထိ တိုးတက်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်က ဝယ်လိုအားကောင်းနေလို့ တင်ပို့မှုတက်နေပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက်နေ့အထိ ကုလား ပဲဖြူလုံးကြီး တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၇ဝဝဝ ခန့်ရှိပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုမှာ တန်ချိန် ၅ဝဝ သာရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
