Background
မုံရွာကုလားပဲ ဈေးအေးလာပေမဲ့ အဆွဲပို မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယ ၁ဝ ရက်ပတ် ကုလားပဲ ဈေးကွက် မှာ ပစ္စည်းရှားပါးမှုပေါ်မူတည်ပြီး ဈေးအတက်အကျအနည်းငယ်ကြမ်းခဲ့တာ တွေ့ရပါတယ်။ ကုလားပဲရိုးရိုးကတော့ ရောင်းလက် တစ်ရက်သာ ဈေးဖွင့်ခဲ့ပြီး တစ်တင်း ၂၄ဝဝဝ ကျပ်ပေါက်ခဲ့ပါတယ်။ ကုလားပဲတိုင်ပေက တစ်တင်း ၂၅ဝဝဝ ကျပ်ထိ အမြင့်ဆုံး ရောက်ခဲ့ရာက ၂၃ဝဝဝ ကျပ်ထိဈေးပြန်ကျဆင်းသွားခဲ့သလို၊ ဗွီတူးအနေနဲ့ တစ်တင်း ၂၆ဝဝဝ ကျပ်ထိ အမြင့်ဆုံး ရောက်ခဲ့ပြီး တစ်တင်း ၂၄၃ဝဝ ကျပ်ထိဈေးကျဆင်းသွားခဲ့ရာ တစ်တင်း ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်အထိ အတက် အကျ ကွာခြားသွားခဲ့တာ တွေ့ရပါတယ်။ 929 ပဲကတော့ ကုလားပဲ အုပ်စုထဲမှာ ဈေးဆက်လက်စွာနေပြီး တစ်တင်း ၂၄၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုရက်ပတ်အတွင်း ကုလားပဲဈေး အမြင့်ဆုံးဖြစ်ပေါ်ချိန်မှာ မန္တလေး ရန်ကုန်ဝယ်လက်မရှိခဲ့ဘဲ ဒေသတွင်းလုပ်ငန်းသမားတွေသာ လိုအပ်သလောက် ဝယ်ယူမှုရှိခဲ့လို့ တစ်ရက် အိတ် ၂ဝဝ မှ ၃ဝဝ အတွင်း နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဈေးအေးချိန်မှာတော့ မန္တလေး ရန်ကုန် ဝယ်လက် ဝယ်ယူမှုရှိနေလို့ ယခုလ ဒုတိယ ၁ဝ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၂၃ဝဝ ခန့်၊ ရန်ကုန်ကို တင်း ၃ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ထွန်းလှိုင်
မန်းဈေးကွက်မှာ အသစ်အဟောင်း အရည်အသွေးအလိုက် အရောင်းအဝယ်ဖြစ် ပဲတီစိမ်းကို မန်းဈေးကွက်တွင် တရုတ်ဝယ်လိုအားက အများဆုံးဖြစ်နေပြီး ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တို့ကလည်း ဝယ်ယူနေကြပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေက ဈေးသိပ်မကျဘဲ ဈေးမာပြီး ရောင်းဝယ်အားကောင်းနေပါတယ်။ မကွေး၊ အောင်လံဒေသများက ပဲတီစိမ်း အသစ်များ အနည်းငယ်ဝင်ရောက်လာပြီဖြစ်သလို ဈေးကွက်အတွင်းက ပစ္စည်းလက်ကျန်တွေနဲ့ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အရည်အသွေးနိမ့်ပစ္စည်းတွေကို ပဲခွဲစက် လုပ်ငန်းရှင်များက အများဆုံး ဝယ်ယူနေတဲ့အတွက် ရောင်းဝယ်အားကတော့ ကောင်းနေဆဲဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းထိပ်စတစ်ပိဿာ ၁၅၁၁ ကျပ်၊ အလတ်စ ၁၄၈၅ ကျပ်၊ အောက်စ ၁၃၃၃ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေကြပြီး တစ်ပတ်အတွင်း တရုတ်သို့ ၁ဝ၅၆ တန် ရန်ကုန်သို့ ၅၉ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
ပြည်ဈေးကွက်မှာ အဝင်များသလို ဈေးဆက်မြင့် ပြည်ဈေးကွက်သို့ ဒေသတွင်းရှိ မြို့နယ်အစုံမှ ပဲတီစိမ်းများ ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ မကွေးတိုင်း ဒေသကြီး၊ အောင်လံ၊ မင်းတုန်းမြို့နယ်များမှ အဝင်များရှိသလို ဆင်တဲ၊ ပန်းတောင်း၊ ဥသျှစ်ပင်မှလည်း နေ့စဉ်အိတ် ၅ဝဝ- ၆ဝဝ ခန့် အဝင်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်မြို့သို့ အိတ် ၂၁၅ဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း ပိဿာ ၂ဝ တစ်တင်းကို ၂၇၅ဝဝ ကျပ်ရှိခဲ့ရာမှ ယခုနိုဝင်ဘာလ တတိယပတ် အတွင်းမှာ တော့ တစ်တင်းကို ၃ဝဝဝဝ ကျပ်ထိ သိသိသာသာ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မုံရွာပဲတီအဝင်နည်းပေမဲ့ မန္တလေးအဆွဲ ပုံမှန်ရှိနေ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာဒုတိယ ၁ဝ ရက်ပတ် ပဲတီစိမ်းကြီး ဈေးကွက်အနေနဲ့ နယ်ပစ္စည်းအဝင်ပါးလာပေမဲ့ မန္တလေးဝယ်လက်ပုံမှန်ရှိနေတဲ့အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုရက်ပတ်အတွင်း ပဲတီစိမ်းကြီး ဈေးအနေနဲ့ အောက်စတစ်တင်း ၂ဝဝဝဝ ကျပ်မှ ၂၁ဝဝဝ ကျပ်၊ ထိပ်စတစ်တင်း ၂၆၅ဝဝ ကျပ်မှ ၂၇ဝဝဝ ကျပ်အတွင်း ဈေးငြိမ်နေပြီး မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်အိတ် ၄ဝဝ မှ ၅ဝဝ ကြားနေ့စဉ် အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေးကို ပဲတီစိမ်းကြီး တင်း ၂၅ဝဝ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ဒီတစ်ပတ် ပင်လယ်ရေကြောင်းအပို့ တန် ၅ဝဝ သာရှိ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂ဝဝဝ ဝန်းကျင်ရှိခဲ့ပေမဲ့ နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန် ၅ဝဝ သာ တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယဝယ်လက်များ ဈေးမြင့် ပေးမဝယ်နိုင်တာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် တင်ပို့မှု နည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ် ဘက်ကတော့ ဈေးကွက်ကို အနည်းငယ်စဝင်လာပြီဖြစ်တဲ့ ပဲတီစိမ်းအသစ်များကို အရည်အသွေးအလိုက် ဈေးပေး ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲတီစိမ်း(အညာ) FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ၊ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၂၅ဝ- ၁၂၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT @
မုံရွာမတ်ပဲဈေးကွက် အသစ်ထက် အဟောင်းကအရောင်းသွက် စစ်ကိုင်းတိုင်းဒေသကြီးမှာ မတ်ပဲကို မိုးထက်ဆောင်းမှာ အစိုက်များပါတယ်။ မိုးမတ်ပဲကို လျာထားချက်မရှိပေမဲ့ အရာတော်၊ ချောင်းဦ၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှာ ဧက တစ်သောင်းခန့် စိုက်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်မိုးရာသီမှာ ရာသီမိုးနဲ့အတူ မုန်တိုင်းမိုးက ဖြည့်စွက်ပြီး မိုးရွာသွန်းမှုများခဲ့တဲ့အတွက် ယခုနှစ်မှာ မိုးထွက်မတ်ပဲများ အများစုအရည်အသွေး အနည်းငယ်ညံ့ခဲ့တယ်လို့ ဆိုပါတယ်။မတ်ပဲတစ်တင်းမှာ (နိမ့်) ၂၇၅ဝဝ ကျပ်( မြင့်) ၂၉ဝဝဝ ကျပ်ရှိ နေပြီး ရန်ကုန် ပြည်ပ ဝယ်လက်နှင့် ခွဲခြမ်းသမား (ပဲခွဲစက်) များကအသစ်ထက်အဟောင်းပဲကို အဝယ်များတယ်လို့ ကုန်သည် ရပ်ကွက်က ပြောပါတယ်။ အောင်မင်း
ဟင်္သာတမတ်ပဲဈေးအေးသော်လည်း တင်ပို့မှု ပိုလာ ဟင်္သာတရဲ့ မတ်ပဲဈေးကွက်က အနည်းငယ်အေးလာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၆၂ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂၆ဝဝဝ ကျပ်ဈေးကို အေးလာပါတယ်။ ပဲအရောင်းအဝယ်ဖြစ်မှုမှာ ဒေသတွင်း အရောင်းအဝယ်ဖြစ်မှုရှိနေပြီး ယခုတစ်ပတ်အတွင်း နေ့စဉ် အိတ် ၄ဝဝ မှ ၅ဝဝ ထိ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ဈေးများနဲ့ တစ်တင်းခွဲဝင်အိတ် ယခင်တစ်ပတ် ၅ဝဝ တင်ပို့ခဲ့ရာမှ ယခုအပတ်မှာ အိတ် ၈ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
မတ်ပဲတင်ပို့မှုလည်း တန် ၁၅ဝဝ ကိုလျော့ကျ ယခုနှစ်အတွင်း တင်ပို့မှုအားကောင်းတဲ့ မတ်ပဲဟာလည်း ယခုတစ်ပတ် (နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ တန် ၁၅ဝဝ သာလျော့ကျတင်ပို့နိုင်တာ တွေ့ရပါတယ်။ အိန္ဒိယဈေးကွက်မှာ ဈေးလျော့လာသလို ဝယ်လက် များ ဈေးလျော့ပေးဝယ်လာတာကြောင့် FOB ဈေးလျော့ပြီး အရောင်းအဝယ် အထိုက်အလျောက်သာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပိတ်ရက်များကြောင့် တင်ပို့မှု လျော့ကျပေမဲ့ လာမယ့်သီတင်းပတ်မှာတော့ တင်ပို့မှု တိုးတက် လာဖွယ် ရှိတယ်လို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၉-၁၁-၁ဝ ၉၆ဝ-၉၇ဝ ၁၁၇ဝ-၁၁၈ဝ၁၂-၁၁-၁ဝ ၉၈ဝ-၉၉ဝ ၁၁၈ဝ-၁၁၉ဝ MIRT(MAPT)
သီးပွင့်ဝေဆာ ပဲစင်းငုံကဗ္ဗလာ ဒီနှစ်ရာသီဥတုအခြအနေက မိုးဦးနဲ့မိုးလယ်မှာ မိုးနည်းခဲ့ပေမဲ့ မိုးနှောင်းမှာ တော့ ရှေ့ပိုင်းကတင်ခဲ့တဲ့ အြွေကးတွေပါဆပ်သလို အတိုးရောအရင်းပါ ရွာချလိုက် လို့ အညာဒေသမှာရှိတဲ့ ကန်ကြီးငယ်နဲ့ ဆည်တွေရေဝပြီး ရွာအတွက်သောက်သုံးရေ နဲ့ ကွဲျရေ၊ နွားရေအတွက် စိတ်အေးရပါပြီ။ ဒီမိုးနှောင်းကြောင့် ဆောင်းနှမ်းပင်တွေ မိုးပိမြေကြပ်ခဲ့ပေမဲ့ အသက်ပြင်းတဲ့ ပဲစင်းငုံပင်များအတွက်တော့ အကြိုက်မိုးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ တတိယပတ်မှာ ဂီရိမုန်တိုင်းနဲ့အတူ မိုးပြတ်ခဲ့ပေမဲ့ ချက်ချင်းဆိုသလို ဆောင်းနှင်း ဓါတ်ကလေးက အအေးဓါတ်ကလေးနဲ့အတူ ဆက်တိုက်ဝင်လာတော့ ပဲစင်းငုံ ပင်တွေရဲ့ထိပ်ဖျားမှာ ရွှေဝါရောင်ပန်းပွင့်တွေ ဆင်မြန်းလာနိုင်ခဲ့ပါတယ်။ ခုတော့ဖြင့် ပဲစင်းငုံပင်တိုင်းမှာ ပန်းပွင့်တွေ၊ သီးနုတွေ၊ သီးရင့်တွေနဲ့ လေယူရာ နွဲ့ပြီး လှချင်တိုင်းလှနေပါ တော့တယ်။ ပခုက္ကူနယ်မှာတော့ နှစ်တိုင်းအတွေ့အကြုံ အရ ဒီဇင်ဘာလဆန်းမှာ ဟိုတစ်စ၊ ဒီတစ်တင်း စပေါ်မှာဖြစ်ပြီး ဒီဇင်ဘာလယ်က စပြီး ဇန်နဝါရီလမှာတော့ မြိုင်မြိုင်ပေါ်မှာဖြစ်ပါတယ်။ အထိအခိုက် ကင်းသလောက် ရှိခဲ့တဲ့အတွက် ယခင်နှစ်တွေထက် အထွက်နှုန်းလည်း ပိုကောင်းမယ်လို့ တောင်သူတိုင်း၊ ကုန်သည်တိုင်းလိုလိုက ထင်မြင်ချက်ပေးပါတယ်။ လက်ရှိပခုက္ကူကုန်စည်ဒိုင်နဲ့ ပွဲရုံအချိုု့မှာတော့ မနှစ်ကပေါ်ခဲ့တဲ့ အဟောင်း ကလေးတွေ အရောင်းအဝယ် ဖြစ်ကြပါတယ်။ ယခုနိုဝင်ဘာလဆန်းမှ လလယ် အတွင်းမှာ တစ်တင်းကို ၁၆၆ဝဝ ကျပ်၊ ၁၇ဝဝဝ ကျပ်နဲ့ ၁၅၇ဝဝ ကျပ် အတွင်း လက်ကျန်အိတ်အနည်းငယ်ပဲ အရောင်းအဝယ် ဖြစ်ကြတာ တွေ့ရပါတယ်။ ရှေ့လမှာထွက်ပေါ်တော့မဲ့ ပဲစင်းငုံအသစ်များကိုလည်း ဝိသမလောဘသား ကုန်သည်အချို့ရဲ့ ဈေးကစားမှု ကင်းလွတ်ပြီး ဈေးကွက်နဲ့လျော်ညီတဲ့ ဖြစ်သင့်ဖြစ် ထိုက်တဲ့ဈေးနှုန်းနဲ့အတူ ထွက်ပေါ်လာနိုင်ပါစေလို့ ဆုတောင်းနေမိပါတယ်။ မောင်မောင်အေး
အဝယ်မျိုးစုံ ရောင်းလက်အစုံနဲ့ မုံရွာပဲစင်းငုံဈေးကွက် မုံရွာကုန်စည်ဒိုင် နိုဝင်ဘာ ဒုတိယ ၁ဝ ရက်ပတ် ပဲစင်းငုံနီဈေးကွက်ဟာ တစ်တင်း ၁၆၅ဝဝ ကျပ်ဈေးမှာ ဆက်လက်ငြိမ်နေပြီး နယ်ဝယ်လက်ကတော့ လိုအပ်သလောက်သာ ဝယ်ယူမှုရှိတယ်လို့ ဆိုပါတယ်။ ဒေသတွင်း ခွဲစက်အချို့ ဝယ်ယူမှုရှိခဲ့ပြီး အချို့ကုန်သည်တွေကတော့ ယခုဈေးဟာ ပဲစင်းငုံပေါ်ပေးဈေးထက် အနည်းငယ်သာ ပိုလို့ပစ္စည်းရှိသူက ထုတ်မရောင်းလိုကြသလို ကုန်သည်တစ်ချို့ ဈေးကွက် မျှော်လင့်ချက်နဲ့ ဝယ်ယူမှုတွေရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ရင်းနှီးတဲ့ ကုန်သည်အချင်းချင်း လက်ပြောင်း အရောင်းအဝယ် ဖြစ်သူတွေ လည်း ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် အိတ် ၃ဝဝ ဝန်းကျင် အရောင်းအဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
