Background
ပဲစင်းငုံတင်ပို့မှု ဆက်လက်လျော့ကျ နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်ထိ ဘက္ကရီးအစ်ဒ် ပွဲတော်ပိတ်ရက် အပါအဝင် တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၃ဝဝ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ပိတ်ရက်များကြောင့် တင်ပို့တဲ့ ရက်နည်းသလို ဈေးမကိုက်လို့ တင်ပို့မှုနည်းတာကြောင့်လည်း ပဲစင်းငုံတင်ပို့မှုက အရင်ကာလ တူတွေထက် သိသိသာသာကျဆင်း လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်တစ်ပတ်က MMTC က ခေါ်ယူခဲ့တဲ့ တင်ဒါတွေအတွက်တော့ လာမယ့်ရက်တွေမှာ အရောင်း အဝယ် အနည်းငယ်ဖြစ်လာနိုင်လို့လာမယ့် သီတင်းပတ်တွေမှာတော့ ပဲစင်းငုံတင်ပို့မှု ပြန်တက်လာဖွယ်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ပြည်တွင်းအချို့ပဲစိုက်တဲ့ ဒေသတွေမှာ ပဲစင်းငုံအသစ် အနည်းငယ်တော့ ရိတ်သိမ်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ ဈေးကွက်အတွင်းတော့ ဒီဇင်ဘာလကုန်လောက်မှ ဝင်ရောက်မယ်လို့ သိရပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ နဲ့ ပဲစင်းငုံဖြူနီ၊ အဖြူတစ်တန်ကို ကန်ဒေါ်လာ ၅၇ဝ- ၅၈ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ် MIRT - MAPT
စားတော်ပဲ (ကနေဒါ) ဈေးကွက် မုံရွာမှာ အရောင်းအဝယ်သွက် မုံရွာကုန်စည်ဒိုင် စားတော်ပဲဈေးကွက်မှာ ပစ္စည်းဟောင်းလက်ကျန်နည်းလို့ နေ့စဉ်ပေါက်ဈေးမဖွင့်နိုင်ခဲ့ဘဲ နယ်အဝင်ရှိတဲ့နေ့မှာသာ ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာလထဲမှာ ဒေသစားတော်ပဲ တစ်တင်း ၂၅၅ဝဝ ကျပ်နဲ့ဈေးငြိမ်နေပြီး စားတော်ပဲ (ကနေဒါ) ကတော့ တစ်တင်း ၂၁၅ဝဝ ကျပ်နဲ့ ပစ္စည်းဝင် သလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ကုလားပဲဈေးတစ်တင်း ၂၅ဝဝဝ ကျပ် ဝန်းကျင်မှာရှိပြီး၊ စားတော်ပဲ (ကနေဒါ) မှာ ၂၁၅ဝဝ ကျပ်သာရှိတဲ့အတွက် ကြာဇံစက်နဲ့ ခွဲစက်သမားတွေက ဈေးသက်သာတဲ့စားတော်ပဲ (ကနေဒါ) ကို အစားထိုးအသုံးပြုဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ကုလားပဲတစ်တင်းကို အခြမ်းခွဲတဲ့အခါ ပဲခြမ်း ၁၉ ပိဿာခန့်သာရပေမဲ့ စားတော်ပဲ (ကနေဒါ) ကို အခြမ်းခွဲရင် ပိဿာ ၂ဝ ခန့်ထွက်လို့ ကုန်ချောတစ်ပိဿာပိုရတာကြောင့် ကြာဇံနဲ့ ခွဲစက်သမားတွေ တွက်ခြေကိုက်တဲ့အတွက် အခုလိုအဝယ်လိုက်ခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
ဈေးဆက်မြင့်လာတဲ့ ပြည်ပဲနီပြား ပြည်ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲနီပြားဈေးနှုန်းမှာ ယခုနိုဝင်ဘာ ဒုတိယပတ်မှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလကုန်တွင် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ကြပြီး နိုဝင်ဘာ ပထမပတ်တွင် ၂၇ဝဝဝ ကျပ်ဈေးသို့ မြင့်တက်လာကာ ယခုတစ်ပတ်တွင် တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ တဖြည်းဖြည်းဈေးမြင့်တက် လာခဲ့ပါတယ်။ လက်ကျန်နည်းလာတဲ့ အတွက် လက်ကားဝယ်ယူသူများရှိပေမယ့် လက်လီ သမားများဖြင့်သာ တစ်ရက်ကို ၁၄ အိတ် ၊ ၁၅ အိတ်ခန့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲကြီးဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်သွက် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ပဲကြီးစိုက်ဧကအနေဖြင့် ယခုဆိုရင် ဧက ၃ဝဝဝ ကျော် စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းအနေဖြင့် ယခင်အပတ်ကထက် ဈေးမြင့်လာခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး(ကမ်းနား) တစ်တင်းကို ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်အထိသာရှိခဲ့ပြီး ယခုနိုဝင်ဘာလ ဒုတိယပတ်အတွင်း ပဲကြီး (ကမ်းနား) တစ်တင်းကို ၃၁၅ဝဝ ကျပ်ထိ တစ်တင်းကို ၁ဝဝဝ ကျပ်ခန့် ဈေးမြင့် တက်လာခဲ့ကာ ပဲကြီး (ရွှေကျွန်း) အမျိုးအစားကတော့ တစ်တင်း ၃၂၅ဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှု အနေဖြင့် ပဲကြီး (ကမ်းနား) မှာ တစ်ရက် အိတ် ၁၅ဝ -၂ဝဝ ပုံမှန်ရှိခဲ့သော် လည်း ပဲကြီး (ရွှေကျွန်း) ကတော့ အရောင်းအဝယ်ပုံမှန်မဖြစ်ပေမဲ့ အရောင်းအဝယ် ရှိသည့်ရက်ဆိုရင် တစ်ရက်ကို အိတ် ၁ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပုံမှန်အရောင်းအဝယ်ဖြစ်လာတဲ့ မိုးကောင်းမြေထောက် မိုးကောင်းဒေသထွက် မိုးမြေထောက်ပဲတို့ ပေါ်ဦးမှာ ဈေးအေးအဝယ်ပါး တာကြောင့် တောင်သူလက်မှာ လက်ကျန် များနေခဲ့ပေမဲ့ နိုဝင်ဘာလဆန်းပိုင်းက စပြီး တက်ရိပ်ပြလာပါတယ်။ ယခုအပတ်မှာတော့ တစ်တင်း ၁၄၂ဝဝ ကျပ်အထိ ဈေးရလာတာကြောင့် အရောင်းအဝယ်ပုံမှန်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးသို့ နေ့စဉ် ၄၅ ပိဿာဝင်အိတ် ၃ဝ ခန့် တင်ပို့နေကြောင်း သိရပါတယ်။ ကိုကိုစိုး
ပဲယင်းအနည်းငယ်ဆက်လက်တင်ပို့ အခြားပဲတွေထဲမှာ ပမာဏမများပေမဲ့ တင်ပို့မှုရှိနေသေးတာကတော့ ပဲယင်းဖြစ်ပါတယ်။ ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ ၇၂ တန် တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ မလေးရှား၊ စင်ကာပူတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၃ဝဝ ကျော်သာရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၆ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် အောက်တိုဘာလမှာ တန်ချိန် ၁၄ဝဝ ခန့်တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ သိသိသာသာလျော့ကျတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ FAQ တစ်တန် ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲလွန်းဖြူလက်ကျန်များ တင်ပို့မှုလျော့လာ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ၂ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (အောက်တိုဘာလ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ လက်ကျန်ပဲအဟောင်းတွေ လျော့ကျလာတာကြောင့် တင်ပို့မှု လျော့ကျလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်တွေက အဝယ်ရှိနေဆဲ ပဲလွန်းဖြူဟာ လက်ကျန်နည်းသွားတာ ကြောင့် ဈေးမြင့်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ရှိရာမှ နိုဝင်ဘာလ ၁၁ ရက်မှာတော့ ၈၉ဝ-၉ဝဝ ကိုမြင့်လာပြီး FAQ ဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးမာနေတဲ့ မန်းကုလားပဲ ယခုနိုဝင်ဘာလဒုတိယပတ် မန်းဈေးကွက်မှာ ကုလားပဲကို မျိုးအဖြစ် စိုက်ပျိုးမဲ့ တောင်သူများ၊ ဒေသတွင်း ပဲခွဲစက်ပိုင်ရှင်များရဲ့ ဝယ်လိုအားကြောင့် ယခင်အပတ်ထက် အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတာ တွေ့ရပါတယ်။ မျိုး စိုက်ပျိုးမဲ့ တောင်သူများမှ ဗွီတူးအပြင် V7 , (929) မျိုးများကိုလည်း စိုက်ပျိုးရန် အတွက်ဝယ်ယူနေတာကိုလည်း တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ တစ်ပိဿာ ကို ၁၃၆၂ ကျပ်၊ ၁၃၉၇ ကျပ်၊ ၃ တင်းတစ်အိတ် ၇၈ဝဝဝ ကျပ်၊ ၈ဝဝဝဝ ကျပ်ဈေးနှုန်းဖြင့် မျိုးအတွက် V2, V7, 909 တို့ဟာ ဈေးကွာဟမှုမရှိဘဲ ဈေးအတူတူဖြင့် ရောင်းဝယ်နေတာဖြစ်တယ်လို့ မျိုးရောင်းဝယ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၆၂ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂၈ ကျပ်နဲ့ ရောင်းဝယ်နေကြသလို ပဲခွဲစက်လုပ်ငန်းရဲ့ ဝယ်လိုအား ကောင်းနေတာကြောင့် ဆက်လက်ပြီး ဈေးမာနေဦးမယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ခန့်မှန်းကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
ယခင်တစ်ပတ်ထက်ဈေးအမြင့်မှာရှိတဲ့ ကုလားပဲ ပဲခွဲစက်သမားများ အဝယ်အများဆုံးရှိတဲ့ ကုလားပဲဈေးနှုန်းမှာ ယခင် တစ်ပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်၊ ယခုနိုဝင်ဘာဒုတိယပတ်မှာ ၂၆၅ဝဝ ကျပ်ကို ဈေးဆက်လက်မြင့်နေဆဲရှိပါတယ်။ ကုလားပဲဈေးကောင်း ရနေပေမဲ့လည်း ရောင်းလက်က အဝယ်ရှိသလောက်မရောင်းချကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းအတွင်းမှာသာ ရောင်းချမှုရှိပါ တယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက် အိတ် ၂ဝဝ ပတ်လည်ရောင်းချရ ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မိုးကောင်းဒေသမှာ စိုက်ပျိုးတော့မည့် ဗွီတူးကုလားပဲ မိုးကောင်းမြို့နယ်အတွင်း ပဲစိုက်ပိုျးမှုများရှိပေမဲ့ ကုလားပဲစိုက်ပျိုးမှုမှာ အလွန် နည်းပါးကြောင်း တွေ့ရပါတယ်။ ကုလားပဲသီးနံှဟာ အောင်မြင်ဖြစ်ထွန်း ပါက တောင်သူအတွက် အကျိုးအမြတ်များတာကြောင့် ယခုနှစ်မှာတော့ ရေရှင်၊ နမ္မတီး၊ လံှလော၊ ပြွန်သုံးလုံးကျေးရွာဒေသတစ်ဝိုက်က မိုးစပါးများ ရိတ်သိမ်းပြီး အစိုဓါတ်ရှိတဲ့ လယ်မြေများမှာ ထွန်တစ်ကြောင်းဆွဲမျိုးစေ့ချစနစ်နဲ့ ဗွီတူးကုလားပဲကို ဧက ၇ဝ ခန့် စိုက်ပျိုးသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မျိုး၊ ပိုးသတ်ဆေး၊ သွင်းအားစုများမှန်ကန်စွာအသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာမှ နည်းပညာပေးခြင်း လုပ်ငန်းများ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရပါတယ်။ ကိုကိုစိုး
