Background
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၅၁၃ တန်ကျော် ဇန်နဝါရီလ ၄ ရက်မှ ၁၁ ရက်ထိကာလအတွင်း တင်ပို့မှုရှိခဲ့ပါတယ်။ယခုအပတ်မှာ နှမ်းနီ ၁၀ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ၀၂၀သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၂၀၀၀ နီးပါး တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီ ၂ ရက်မှ ၆ ရက်) အတွင်းမှာတော့ တန်ချိန် ၇၅၀ ခန့်သာတင်ပို့ခဲ့ကြောင်းသိရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ ဂျပန်၊ ကိုရီး ယား၊ မလေးရှားနဲ့ စင်ကာပူတို့ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၉၅၆၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန် ဒေါ်လာ ၁၃၆ သန်းနီးပါးရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ နှမ်းစုစုပေါင်းတင်ပို့မှုတန်ချိန် ၆၈၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၉၆ သန်း ကျော်ရရှိကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ နိုဝင်ဘာလမှစပြီး အပြောင်း အလဲမရှိ ငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT
တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ၂၀၁၀ ခုနှစ်မှာ တန်ချိန် ၅၄ ဒသမ ၈ သန်းရှိခဲ့ရာမှ ၂၀၁၁ မှာတော့ တန်ချိန် ၅၂ ဒသမ ၆၄ သန်းကို တန် ချိန် ၂ ဒသမ ၁၆ သန်း လျော့ကျခဲ့ တယ်လို့ အကောက်ခွန်ဌာန စာရင်း များအရ သိရပါတယ်။ ၂၀၁၁ ခုနှစ် အတွင်းပဲပုပ်ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီ များအရှုံးပေါ်တာကြောင့် တင်သွင်းမှု ကျဆင်း ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ပဲပုပ်တင်သွင်းမှု တန်ချိန် ၅၆ သန်းအထိ ပြန်မြင့်တက် လာနိုင်တယ်လို့ လေ့လာဆန်းစစ်သူ များ က ကြိုတင်ခန့်မှန်းကြပါတယ်။
မြင်းခြံမြို့တွင် ဆီစက်လုပ်ငန်းလုပ်ကိုင်သူ ၇၀ ဝန်း ကျင် စက်လည်ပတ်လျက်ရှိကြောင်းသိရပါတယ်။ ဆီစက် များမှ မြေပဲဆီ၊ နှမ်းဆီနဲ့ ပဲပုပ်ဆီ၊ ဝါစေ့ဆီများ ထုတ်လုပ် လျက်ရှိပါတယ်။ ယခုအခါ စားအုန်းဆီအဝင်များခြင်း၊ ပြည်တွင်းဆီဈေးထက် ဈေးနှုန်းနိမ့်၍ စက်မှုဇုန်ရှိဆီစက်လုပ် ငန်းများ စက်လည်ပတ်နှုန်းထက်ဝက်နီးပါး လျော့ကျလာ ကြောင်း သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းတန်ဖိုးရှိ တိရစ္ဆာန်နဲ့ တိရစ္ဆာန် ထွက်ပစ္စည်း ၈၅၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ အေးခဲအမဲသား တင်ပို့မှုမှာ တန် ၁၇၀ ခန့် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။
ယခုချိန်မှာ ဆောင်းမြေပဲများ စတင်ပေါ်နေပြီဖြစ်သဖြင့် ရွှေတောင်ဘက်မှ မြေပဲတောင့်များ ပြည်ဈေးကွက်သို့ စတင်ခြေချလာပြီဖြစ်ပါတယ်။အစိုဓာတ်များရှိနေသေးသဖြင့် ပွဲရုံများကို မရောက်သေးပေမဲ့ ဈေးများမှာ အတောင့်တစ်ပြည် ၅၀၀ ကျပ်နဲ့ရောင်းချနေတာတွေ့ရပါတယ်။
ပြည်ဈေးကွက်သို့ နှမ်းအိတ်များကို မင်းတုန်းနဲ့ပေါက်ခေါင်းဘက်မှ တစ်နေ့ အိတ် ၇၀၀ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ယခင်အပတ်မှာ မိုးရွာနေတာကြောင့် တစ်နေ့အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လာကာ ဈေးအနည်းငယ် မြင့်လာပြီး၊ယခုအပတ်မှာ ဈေးအနည်းငယ်လျော့လာတာတွေ့ရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ခုနှစ်ဇန်နဝါရီလ ၃ ရက်အထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇၁၈ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၄၂၁ တန်၊ ကန်ဒေါ်လာ ၁ဒသမ ၇၃၄ သန်းတန်ဖိုးရှိ နှမ်းနက် ၁၁၉၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၁၉ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ်၁၅၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။
ယခုရက်ပိုင်း မလေးရှားကုန်စည်ဒိုင်တွင် စားအုန်းဆီကြိုပွိုင့်ဈေး ပြောင်းလဲမှု မရှိပေမယ့် ရေနံနဲ့ ချီကာကို ပဲပုပ်ဆီဈေးကျဆင်းတဲ့အတွက် စားအုန်းဆီဈေး ပြန်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် တောင်အမေရိကမှာ ရာသီဥတု စိုးရိမ်ဖွယ်ရာများက ဈေးနှုန်းကို အထောက်အပံ့ပြုနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။
မန္တလေးဈေးကွက်အတွင်းသို့ ဆောင်းသီးနှံဆီနေကြာကတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလလောက်မှ ပုံမှန်ဝင်ရောက် မှာဖြစ်ပြီး၊ လက်ရှိမှာတော့ သီးနှံလက်ကျန်အဟောင်းများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ဆီနေကြာလို မျိုးသမားများနဲ့ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များမှဝယ်ယူကြကြောင်း၊ လှောင်လက်သမားများအနေနဲ့ ပစ္စည်းကြိုက်၊ ဈေးကြိုက်မှသာ အရောင်း အဝယ်ဖြစ်ကြကြောင်း၊ မျိုးသမားများ အနေနဲ့ ၃ တင်းတစ်အိတ် ၂၄၀၀၀ ကျပ်၊ ၂၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆီစက် သမားများအနေနဲ့ ၃ တင်းတစ်အိတ် ၂၃၀၀၀ ကျပ်၊ ၂၃၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို ဆီနေကြာအိတ် ၅၀၀ မှ အိတ် ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ပပနိုင်