Background
ထော်လာဂျီယာဉ်များလည်း ခေတ်နဲ့အမီ ပြင်ဆင်တိုးချဲ့ပြီး ဈေးကွက်ဝင်ရောက် မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်နှင့် ကျေးရွာများမှာ မြို့တွင်းနဲ့ မြို့ပြင်ခရီးတို များ ကုန်ပစ္စည်းများ သယ်ဆောင်ရာမှာ လည်းကောင်း၊ ကျေးရွာများမှ မြို့ပေါ် သို့ ခရီးသည်နဲ့ ကုန်ပစ္စည်း တင်ဆောင် ရာမှာလည်းကောင်း၊ ထော်လာဂျီများ ကို နယ်အတော်များများမှာ အသုံးပြု လျက်ရှိကြောင်း တွေ့ရပါတယ်။ အဲဒီလို ထော်လာဂျီများကို အသုံးပြုရာမှာ ဂွတ် ဘရားသားမှထုတ်လုပ်တဲ့ အလယ်ထိုင် များကို လူကြိုက်များတာ တွေ့ရပါ တယ်။ မှန်ကာရိုးရိုးအလယ်ထိုင်နဲ့ ပုဇင်း ခေါင်းထော်လာဂျီတွေကတော့ ဟိုက် ဒရောလစ်ခ်ပါတဲ့အတွက် သဲ၊ ကျောက် တင်ဆောင်ရာမှာ ပိုမိုအသုံးပြုကြောင်း တွေ့ရပါတယ်။ ဂွတ်ဘရားသားကုမ္ပဏီ က လက်ငင်းငွေချေ ရောင်းချတဲ့ ဈေးနှုန်းကတော့ ယာဉ်ဖုန်း 15JY/ 18JYC ၂၂ သိန်း၊ ယာဉ်ဖုန်း 18Y/10မှန်ကာရိုးရိုး ဟိုက်ဒရောလစ်ခ်ပါ ကျပ် ၂၆ ဒသမ ၈သိန်း၊ ပုဇင်းခေါင်း(Model GBM-5) ဟိုက်ဒရောလစ်ခ်ပါ (Engine Model-ZH 1130 L 22.06 Kw) (24.05 KW) ဘော်ဒီအိမ်အကျယ် ၇ ပေ ၆ လက်မ x ၂ ပေ ၄ လက်မသိန်း ၆ဝ ဖြစ်ပြီး ကုန်တင်ကားရဲ့ ထော်လာဂျီ ဟိုက်ဒရောလစ်ခ်ပါ ကုန်ချိန် ၅ဝဝဝ Kg တင်ဆောင်နိုင်တဲ့ YFC -CZ 2105 H ၂၁ဝ၅ ံ ကို ၈၅ သိန်းဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ မြစ်သားတိုင် ကုန်တင်ထော်လာဂျီများမှာ အရွယ် အစား အင်ဂျင်ဘော်ဒီနဲ့ အောက်ပိုင်း ကရောင်းဂီယာအုံကြံ့ခိုင်မှုများအပေါ် မူတည်ပြီး ကျပ်သိန်း ၇၅ မှ ကျပ်သိန်း ၁ဝဝ အထိ ဈေးပေါက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ တင်အေး
မန္တလေးမြို့ ၇ မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရန် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၂ဝ၁၁ ခုနှစ်အတွင်း အကောင်အထည်ဖော်မည် မန္တလေး ခုနစ်မြို့နယ်တွင်း လျှပ်စစ်မီးနှင့် ရေသုံးစွဲမှု ပြည့်ဝစွာရရှိရန် ရပ်ကွက်များ၊ စက်ရုံ၊ အလုပ်ရုံများနဲ့ ရေတွန်းစက်ရုံများသို့ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာထုတ်လွှတ်ပေးနိုင်ရန် မြောက်ပြင်ပင်မဓာတ်အားခွဲရုံကို တည် ဆောက်လျက်ရှိကြောင်း သိရပါတယ်။ မြောက်ပြင်ပင်မဓာတ်အားခွဲရုံတွင် ၂၃ဝ ကေဗွီဓာတ်အားလက်ခံသော ၁ဝဝ အမ်ဗွီအေ ထရန်စဖော်မာ နှစ်လုံး တည်ဆောက် လျက်ရှိပြီး၊ တည်ဆောက်ပြီးစီးပါက ၃၃ ကေဗွီရှိ ဓာတ်အား လိုင်း ကိုးလိုင်းဖြင့် ဓာတ်အားလိုင်း မိုင်ပေါင်း ၄၄ မိုင် ကို ဖြန့်ဖြူးပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးစိန်ဝင်းမြင့်က ''အခု မန္တလေးမြို့ပေါ်ရော စက်မှုဇုန်မှာပါ ၂၄ နာရီလျှပ်စစ်မီးပေး ထားတယ်။ မန္တလေးမြို့ပေါ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏ ၁၃ဝ မဂ္ဂါဝပ်ကနေ ၁၅ဝ မဂ္ဂါဝပ်ကြားရှိတယ်။ မြောက်ပြင်ဓာတ်အားခွဲရုံပြီးရင် မီးအား အပြည့်အဝ ရရှိနိုင်မယ်။ ဓာတ်အား ပြတ်တောက်မှု၊ ပျောက်ဆုံးမှုက ခါတိုင်းထက်နည်းသွားမယ်။ လက်ရှိပေးနေတဲ့ ဓာတ်အားခွဲရုံ သုံးရုံအပြင် မြောက်ပြင်ဓာတ်အားခွဲရုံပြီးသွားရင် ခံနိုင်ဝန်အား လည်း ကောင်းသွားမှာဖြစ် တဲ့အတွက် တံခွန်တိုင်ဓာတ်အားခွဲရုံကို ခဏရပ်ပြီး၊ ခုထက်ဗို့အားကောင်းတဲ့ စက်တွေ ပြန်တပ်ဆင် သွားမယ်။ မြောက်ပြင်ဓါတ်အားခွဲရုံကနေ အရံအနေနဲ့ ၂ လိုင်းချန်ပြီး၊ ဧရာဝတီမြစ်ရေတင် စီမံကိန်းအတွက် သီးသန့်လွှတ်ပေးမယ်။ ၃၅ လမ်းက မလွန်ရေတွန်းစက်ရုံ အတွက်လည်း သီးသန့်လွှတ်ပေးမယ်။ ရေတွန်းစက်ရုံတွေက ရပ်ကွက်နဲ့အတူတူ ဓာတ်အားတစ်လိုင်းတည်း သုံးစွဲ ရတော့ အားမပြည့်တဲ့အတွက် ရေအပြည့်မမောင်းနိုင်ဘူး။ နွေရာသီဆို သုံးစွဲမှုများတော့ ရေအတွက်ရော၊ မီးအတွက် ရော အခက်အခဲဖြစ်တယ်။ ရေတွန်းစက်ကို တံခွန်တိုင်ဓါတ်အားခွဲရုံက ပေးရတော့ ဝေးတဲ့အတွက် မီးအားပြုတ်ကျသွားတာမျိုးဖြစ်တယ်။ ဒါကြောင့် ဒီနှစ်မကုန်ခင်မှာ ပြီးအောင် တည်ဆောက်မယ်ခန့်မှန်းတယ်။ ဓာတ်အားခွဲရုံ မှ နောက်ထပ်ဓာတ်အား လိုင်းတစ်လိုင်းကို အရန်အဖြစ်ချန်ထားပြီး နန်းတွင်းအတွက် ၃၃ ကေဗွီဓာတ် အား ထုတ်လွှတ်ပေး မယ်''လို့ ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တံခွန်တိုင် ဓာတ်အားခွဲရုံ၊ အောင်ပင်လယ်ဓာတ်အားခွဲရုံ နဲ့ ရွှေစာရံဓာတ်အားခွဲရုံမှ မန္တလေးခရိုင်ရှိ ခုနစ်မြို့နယ်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ တံခွန်တိုင်ဓာတ်အားခွဲရုံမှ ၁၃၂ ကေဗွီဓာတ်အားလက်ခံတဲ့ ထရန်စဖော်မာ ၃ လုံးမှ ၁ လုံးစီ ၉ဝ ရာခိုင်နှုန်းရှိ ဓာတ်အားများ ထုတ်လွှတ်ပေး၍ ရွှေစာရံ ဓာတ်အားခွဲရုံမှ ၂၃ဝ ကေဗွီဓါတ်အားလက်ခံတဲ့ ထရန်စဖော်မာတစ်လုံးမှ ၈ဝ ရာခိုင်နှုန်းကျော် ဓာတ်အားထုတ်လွှတ်ပေးပြီး၊ အောင်ပင်လယ်ဓာတ်အား ခွဲရုံမှ ၁၃၂ ကေဗွီဓာတ်အား လက်ခံတဲ့ ထရန်စဖော်မာ နှစ်လုံးဖြင့် ၇၅ ရာခိုင်နှုန်းနီးပါး ဓာတ်အားထုတ်လွှတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ပင်မဓာတ်အားရုံ သုံးရုံမှ မန္တလေး ၇ မြို့နယ်သာမက မန္တလေးနဲ့ ဆက်စပ်လျက်ရှိတဲ့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်မြို့များ သို့လည်း ဓာတ်အားများ ထုတ်လွှတ်ပေးကြောင်း သိရပါတယ်။ ယခုတည်ဆောက်လျက်ရှိတဲ့ မြောက်ပြင်ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၉ လိုင်း၊ ရွှေစာရံဓာတ်အားခွဲရုံမှ ဓာတ်အားလိုင်း တစ်လိုင်း၊ နန်းတွင်းအရံဓာတ်အားလိုင်း တစ်လိုင်း၊ မလွန် ရေတွန်းစက်ရုံ အတွက် အရံဓာတ်အားလိုင်း တစ်လိုင်း တည်ဆောက်ပြီးသွားရင် ယခုထက်ပို၍ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
ချိတ်ရက်ကန်းထည်မှ လက်ရေးပန်းချီထည်များကို ပြောင်း၍လုပ်ကိုင်သူများ အမရပူရမြို့နယ်၊ တောင်မြို့ရှိ ချိတ်ရက်ကန်းရက်သူများမှာ လက်ရေး ပန်းချီထည်များကိုပြောင်း၍ လုပ်ကိုင် သူများလာကြောင်း သိရပါတယ်။ ''လက်ရေးပန်းချီထည် ခေတ်စား လာတာ ၅ နှစ်လောက်ရှိပြီး၊ လက်ရေး ပန်းချီထည်ကနေရာ၊ အချိန်အခါမရွေး ဝတ်ဆင်တဲ့သူများလာသလို ပန်းချီ အထည်ဆွဲရတာလည်း မြန်တယ်။ လက်ခလည်း များများရတော့ ရက် ကန်းရက်တဲ့ အလုပ်သမားတွေက ပန်းချီထည်ဘက်ကိုပြောင်းပြီး လုပ်ကိုင် ကြတယ်။ ဒီနှစ်ထဲမှာ ပိုပြီးအဝတ်များ လို့ ပြောင်းလုပ်ကိုင်တဲ့သူ များလာတယ်။ အစ်မဆီမှာ ဒီနှစ်ဆို ချိတ်ရက်ထည် သင်ဖို့လာအပ်တဲ့သူ နည်းလာတယ်။ အရင်နှစ်တွေကဆို ၄ တန်းအောင်၊ နွေရာသီကျောင်းပိတ်ရက်ဆို ကလေး တွေလာအပ်ကြတယ်။ အခုကျတော့ ချိတ်ရက်တဲ့ အလုပ်သင်မရှိသလောက် ဖြစ်သွားပြီ။ ချိတ်ထည်က အလှူပွဲ၊ မင်္ဂလာပွဲအတွက် ရက်လုပ်ရတယ်။ တစ်နှစ်ပတ်လုံး အလုပ်တော့ မပါးဘုူူး။ ခုဆို ဝါတွင်းကာလပေမယ့် သီတင်း ကျွတ်ရာသီအတွက် အခုကတည်းက ရက်လုပ်ထားရတယ်။ ချိတ်ထည် တစ်ထည်ကို လွန်း ၁ဝဝ ချိတ်က ရက် ၂ဝ နဲ့ ၂၅ ရက်ကြာပြီး၊ လွန်း ၂ဝဝ ချိတ် က တစ်လလောက်ကြာတယ်။ အထည် များများရဖို့ကို အခုကတည်းကရက်မှ ရာသီပွဲတွေအမှီရတာ။ ခုကျ အလုပ် သမားမရှိသလောက်ဖြစ်တော့ ချိတ် ရက်ထည်တတ်တဲ့သူ နည်းသွားမှာ စိုးရတယ်''လို့ သိင်္ဂီကျော်ချိတ်ရက်ကန်း မှ မမေသြင်္ကန်က ပြောခဲ့ပါတယ်။ တောင်မြို့ ချိတ်ရက်ကန်းထည်များကို တစ်နှစ်ပတ်လုံး ရက်လုပ်မှုရှိ၍ အသက်မွေးဝမ်းကျောင်းပညာ တစ်ရပ် အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် တွင်ကလေးများမှာ ချိတ်ရက်ကန်း ရက်လုပ်ခြင်း၊ ချည်မျှင်ကျစ်၊ ပိုးကျစ်ခြင်း၊ ပိုးချည်ဆေးဆိုးခြင်း လုပ်ငန်းများ၌ ပညာသင်ရင်း ဝင်ရောက်လုပ်ကိုင်လာ ကြပါတယ်။ လတ်တလောတွင် ခေတ် စားလျက်ရှိတဲ့ ပန်းချီလက်ရေး အထည်များမှာ ပညာသင်ကာလ ၃ လတာကြာပြီး၊ တစ်ရက်လျှင် လုပ်အား ခ ကျပ် ၄ဝဝဝ ကျပ်၊ ၅ဝဝဝ ကျပ်နီးပါး ရရှိကြောင်း၊ ချိတ်ရက်ထည်မှာ ပညာ သင်ကာလ ၂ နှစ်၊ ၃ နှစ်နီးပါးကြာမြင့် ၍ တစ်ရက်လျှင် လုပ်အားခ ကျပ် ၂၅ဝဝ၊ ၃ဝဝဝ သာရရှိ၍ အလုပ်သမား များ ပြောင်းလဲလုပ်ကိုင်လာခြင်းကြောင့် နောက်ပိုင်းတွင် ချိတ်ရက်တတ်သူ နည်း လာနိုင်ကြောင်း၊ ဒီဇိုင်းအသစ်အဆန်း ထွက်ရှိမှုနည်းလာနိုင်ကြောင်း ရက်ကန်း ရုံ လုပ်ငန်းရှင်များမှ သုံးသပ်ကြပါတယ်။ ဇူးဇူး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အုတ်နီခဲအစား ဗြုန်းအုတ်အသုံးများလာ၍ ထုတ်လုပ်မှုတွင်ကျယ်လာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စီမံကိန်းလုပ်ငန်းများ၌ ဗြုန်းအုတ်အသုံးများလာ၍ ဗြုန်းစက်ထုတ်လုပ်မှုမှာ တစ်နှစ်ထက်တစ်နှစ် တွင်ကျယ်လာကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန် ၂၊ မက္ခရာလမ်း၊ လမ်း ၅ဝ နဲ့ ၅၁ လမ်းကြားရှိ တော်ဝင်စက်မှုလက်မှုလုပ်ငန်းရှင် ဦးတင်မောင်ကြည်က ''ကျွန်တော်တို့အလုပ်ရုံကနေ ၁၉၉၉ ခုနှစ်ကစပြီး ဗြုန်းအုတ်စက်ထုတ်လုပ်ခဲ့တာ ဒီနှစ်မှာ မှာယူမှုများလာတယ်။ အုတ်နီထုတ် လုပ်တဲ့ ကျောက်ဆည်ဘက်က လုပ်ငန်းရှင်ကလည်း ကျောက်မှုန့်နဲ့ အုတ်ထုတ်ဖို့ ကမ်းလှမ်းထားပြီး၊ လောလောဆယ်မှာ စီမံကိန်းလုပ်ငန်းလုပ်ဖို့ GE တပ်၊ ထူးကုမ္ပဏီ၊ အေဝမ်းကုမ္ပဏီ၊ အေးရှားဝေါကုမ္ပဏီတွေကလည်း ဝယ်ယူမှုရှိတယ်။ ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ကလော၊ လားရှိုး၊ မူဆယ်၊ သပိတ်ကျင်းဘက်ကလည်း ဝယ်ယူမှုရှိတယ်။ တရုတ်နိုင်ငံလုပ် ဗြုန်းအုတ် စက်ဝင်ပေမယ့် ဈေးနှုန်းက စက်ကြီးဆို ဈေးတော်တော်ကွာတယ်၊ မိုစက်လည်းပြန်ပြင်ပြီး အသုံးပြုလို့ရတော့ မန္တလေးစက်မှုဇုန် ထုတ်စက်ကို အသုံးများလာတာ'' လို့ ပြောပါတယ်။ တော်ဝင်စက်မှုလက်မှုလုပ်ငန်းမှ ဗြုန်းအုတ်စက် နှစ်မျိုးထုတ်လုပ်လျက်ရှိရာ အင်ဂျင်၊ ရိုက်စက်၊ အုတ်စက်၊ မွှေစက်၊ ဖရိန်၊ ခွာပုံနဲ့ ရှပ်တန်းပါပြီး၊ သိန်း ၆ဝတန် စက်မှာ ၈ နာရီလျင် အခဲ ၄ဝဝဝနှုန်းထွက်ရှိပါတယ်။ မော်တာပါဝင်တဲ့ Hydrolie စက်မှာ ၈ နာရီလျင် အခဲ ၁၂ဝဝဝ နဲ့အထက် ထွက်ရှိပြီး ဈေးနှုန်းမှာ ကျပ် ၁၇၅ သိန်းရှိကြောင်း သိရပါတယ်။ ဇူးဇူး
ကားအရောင်းအဝယ် ကဲျသော်လည်း ဈေးမြှင့်ခေါ်နေသည့် ကားဈေးကွက် ရန်ကုန်မြို့ကားဈေးကွက်ဝယ် ယခုလတတိယပတ်အတွင်း အခြေအ နေမှာ အပေါ်ကားများသာမက အောက်ကားများပါ အရောင်းအဝယ် ထင်သလောက် မဖြစ်ဘဲ အဝယ်ကဲျနေသော်လည်း ဈေးမြှင့်ခေါ်ထားကြပြီး အမြင့်ဈေးများဖြင့်ပင် ဈေးတန်းနေကြောင်း သိရသည်။ ယခုအခါ ကားဈေးကွက်အတွင်း အပေါ်ကားများစွာ ဝင်ရောက်လာပြီး အပေါ်ကားများ စုဖွဲ့ရာ ဟံသာဝတီဝိုင်းတွင် မိုဒယ်မြင့်ဆလွန်းကားများ အမည်စုံဖြင့် ဝင်ရောက်လာပြီး အရောင်းအဝယ်လုပ်နေကြသော်လည်း လဆန်းပိုင်းကလောက် အရောင်းအဝယ်မဖြစ်ကြောင်း၊ ယခုရက်ပိုင်း တစ်စီ၊ နှစ်စီးသာ အရောင်းအဝယ် ဖြစ်ကြောင်း၊ အသစ်ဝင်အပေါ်ကားများ၏ ဈေးတန်းမှာလည်း စင်းလုံးချောကတစ်ဈေး၊ ဘယ်/ညာပြောင်းယာဉ်များက တစ်ဈေးဖြစ်ပြီး ဈေးကွာခြားလျော့နည်းသဖြင့် အပြောင်းကားများလည်း အဝယ်ရှိကြောင်းသိရသည်။ ၂ဝဝ သိန်းမှ ၃ဝဝ သိန်းကြား ဈေးတန်းရှိ ကားများထဲတွင် ဈေးပိုမြင့်လာ သည်မှာ စူဇူကီး(R+)များဖြစ်ပြီး ၃ဂ/၄ဂ ဆိုလျင် ၃ဝဝ သိန်းကျော် ခေါ်လာကြောင်း၊ ၇ခ/၉ခများပင် ၂၇ဝ သိန်း၊ ၂၈ဝ သိန်းခေါ်လာပြီး (R-)၊ဂငယ်တန်း (တူးဝေး)ဆိုလျင် ၁၈၅ သိန်းပင်ခေါ်လာကြောင်း၊ ၎င်းတို့မာနေ၍ မြန်မာမီနီဆလွန်း သည်လည်း ၁၈၅ သိန်း ၊၁၉ဝ သိန်းခေါ်လာကြောင်း၊ ယင်းတို့နှင့်လိုက်၍ အခြားရှိ ရင်းစွဲကားများပါ ဈေးတပ်မြှင့်ခေါ်လာပြီး စူပါဆလွန်း ၈၇ ထုတ် ကကြီးတန်းအမြင့် ဆိုလျင် ၂ဝဝ သိန်းအကျော် ခေါ်လာကြကြောင်း အပေါ်ဝိုင်းမှ ယာဉ်ဝယ်ရောင်း အကျိုးဆောင်ပုဂ္ဂိုလ် ကိုမြင့်ကျော်မှ ပြောသည်။ စက်မှုဇုန်ကားများမှာ ယခင်လိုင်စင်ကျပြီး ကင်းရှင်းပြီးသော လိုက်ထရပ် များသာအဝယ်ရှိနေပြီးအဆင့်မြင့် ဝက်ဂွန်ကားများမှာ အတက်မရှိဘဲ ဈေးပါးနေ ကာ အက္ခရာနံပါတ်ထွက်ပြီး ကားဖြစ်စေကာမူ အရောင်းအဝယ်သိပ်မဖြစ်ဘဲ စောင့် ကြည့်နေကြကြောင်း ၎င်းမှပြောသည်။ ှ
မန်းရတနာပုံဈေးနေရာရှိ ဒိုင်းမွန်းပလာဇာကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ရာ ပထမထပ်ရှိ ဈေးဆိုင်ခန်းများ ငှားရမ်းမှုရှိလာ မန္တလေးမြို့၊ ၇၇ လမ်းနဲ့ ၇၈ လမ်းကြား၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ရတနာပုံဈေးနေရာရှိ ဒိုင်းမွန်းပလာဇာကို စက်တင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ရာ ပထမထပ်ရှိ ဆိုင်ခန်းများ ငှားရမ်းမှုရှိလာကြောင်း သိရပါတယ်။ ဒိုင်းမွန်းပလာဇာတွင် ဆိုင်ခန်းဝယ်ယူထားသူတစ်ဦးက'' ဒိုင်းမွန်း ပလာဇာ ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ဆိုင်ခန်းအငှားလိုက်လာတယ်။ ဒီနေရာက အရင်ကတည်းက အရောင်းအဝယ်ရှိခဲ့တဲ့ နေရာဆိုတော့ တခြားဈေးမှာ ရောင်းနေတဲ့သူအတွက် ဈေးစုံစမ်းကြတယ်။ အရောင်း အဝယ်လည်းရှိပေမယ့် အငှားပိုလိုက်တယ်။ ဆိုင်ခန်းအကျယ်အဝန်း က တစ်ခန်းနဲ့ တစ်ခန်းမတူတော့ ဈေးလည်းမတူဘူး။ ၁၆ပေx၂၃ ပေ အခန်းကို တစ်လ ၁ဝ သိန်းအငှားရှိပြီး၊ အခန်းကျဉ်းရင် ၇ သိန်း၊ ၈ သိန်းလောက်ရှိတယ်''လို့ ပြောပါတယ်။ ဒိုင်းမွန်းပလာဇာရှိ ဆိုင်ခန်းပေါင်း ၆ဝဝ ကျော်တွင် ရုပ်ရှင်ရုံ ၃ ရုံ၊Food Center ၊ လူ ၄ဝဝဝ ဆံ့ State Show ၊ ကလေးကစားကွင်း (Kid Zone) ၊ ဂိမ်းစင်တာများပါရှိ၍ ပလာဇာအတွင်း အလွယ်တကူ သွားလာနိုင်ရန် ဓာတ်လှေကား ရှစ်စီး၊ စက်လှေကား လေးစီးနဲ့ ကုန်တင် ရွေ့လျားစက်လှေကား နှစ်ခုတို့ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဇူးဇူး
အပေါ်ကားဈေးများ မာနေသဖြင့် အခြားအောက်ကားများပါ ပြန်မာလာ ရန်ကုန်ကားဈေးကွက်တွင် ဇူလိုင် တတိယအပတ်ခန့်မှစ၍ အပေါ်ကား များဈေးမာလာပြီး အခြားကားများ အောက်ကားများပါ သူ့ဈေးတန်းနှင့် သူ အသင့်အတင့် ဈေးမာလာကြောင်း ဝါရင့်ကားအကျိုးဆောင်များထံမှ သိရ သည်။ ယခုကာလသည် ယခင်နှစ်များ အရဆိုလျင် ကားဈေးအနည်းငယ် အေးသည့်ကာလဖြစ်သော်လည်း ယခု ကဲ့သို့ ပြန်မာနေရခြင်းမှာ အခြားအခြား သော အကြားသတင်းများ ပြန်ငြိမ် သွားသည်က တစ်ကြောင်း၊ အပေါ် ကားမိုဒယ်မြင့်များ ထပ်မံဝင်ရောက် လာသဖြင့် အပေါ်ကားဈေး မာလာ၍ အခြားကားများပါ ဈေးပြန်မာလာခြင်း ဖြစ်နိုင်ကြောင်း ဝါရင့်အကျိုးဆောင် များမှ သုံးသပ်သည်။ အပေါ်ကားများ ဈေးမာလာသ ဖြင့် ကျပ်သိန်း ၁ဝဝ မှ ၃ဝဝ အထိ ပတ်ချာလည်ကားများပါ ကျပ်သိန်း ၂ဝ၊ ၃ဝ ခန့် ပြန်မာလာပြီး ယခုရက်ပိုင်း အရောင်းအဝယ်လေးများ အတော်ဖြစ် လာကြောင်း ကျောက်မြောင်းဝိုင်းမှ အကျိုးဆောင်ကိုနိုင်က ပြောသည်။ လတ်တလော အရောင်းအဝယ်ဖြစ်သည့်အထဲတွင် ဗင်၊ စူပါဆလွန်း၊ လီမိ တက်၊ ဆူဇူကီး စသည့် ရောင်းလွယ်ဝယ်လွယ်ကားများ အများဆုံးဖြစ်ပြီး စီအန်ဂျီဓာတ်ငွေ့သုံး အငှားယာဉ် တက္ကစီများပါ အတော်ဈေးမာလာ ကြောင်း သိရသည်။ ယခုအခါ အပေါ်ဝိုင်းအတွင်းသို့ အဖွဲ့အစည်းသွင်း မိုဒယ်မြင့်၊ အဆင့် မြင့် ဆလွန်းများ ဝင်ရောက်လာပြီး ပါမစ်ဈေးပင် ဆလွန်းတစ်စီးလျှင် ကျပ် သိန်း ၇၅ဝ ၊ ၈ဝဝ ခန့် အမြတ်ပေး ဝယ်ယူလာကြသဖြင့် အပေါ်ကားဈေး ကွက် လှုပ်ခတ်စည်ကားနေကြောင်း၊ အသစ်သွင်းကားများ ဈေးမာလာ သဖြင့် ကျပ်သိန်း ၁ဝဝဝ အောက် ၄ဂ/၅ဂ ဆလွန်းများလည်း ကျပ်သိန်း ၅ဝ မှ ၁၅ဝ ထိ ဈေးပြန်မာလာကြောင်း သိရသည်။ SN
ကုန်ကျစရိတ်သက်သာသော အအေးပေါင်းစနစ်ဖြင့ ် ကားတာယာပန်းသားတင်ခြင်း (Retread Tyre)လုပ်ငန်းကို ပုသိမ်မြို့မှ ဝန်ဆောင်မှုပေးနေပြီ မျက်နှာပြင် ပန်းသားကုန်အောင် မောင်းနှင်ပြီးသော စတီး၊ နိုင်လွန် တာယာများကို စွန့်ပစ်ခြင်း၊ တာယာ ဖိနပ်၊ တာယာရေပုံးများ ပြုလုပ်အသုံးပြုခြင်းထက် စရိတ်သက်သာပြီး ပိုမို အကျိုးရှိစေရန်နဲ့ ကားတာယာကို ပြန် လည်အသုံးပြုနိုင်ရန် အသစ်ဝယ်ယူတဲ့ ကုန်ကျစရိတ်ထက် ထက်ဝက်ကျော် သက်သာပြီး ပြန်လည်အသုံးပြုနိုင်ရန် Retread Tyre အအေးပေါင်းစနစ်ဖြင့် ပန်းသားတင်ခြင်းကို ပုသိမ်မြို့၊ သီဟခရီးသွားလုပ်ငန်းမှ ဝန်ဆောင်မှုပေး လျက်ရှိရာ ၂ဝ၁၁ ဇန်နဝါရီလမှစ၍ ယခုအချိန်အထိ တာယာအလုံးရေ ၁၅ဝ ကျော်ကို ပြန်လည်ပြုပြင်အသုံး ပြုနိုင်ကြောင်း သိရပါတယ်။ အဆင့်မြင့် ဂျာမနီနည်းပညာကိုအသုံးပြုပြီး ပြည်ပ နိုင်ငံမှ ပညာရှင်များနဲ့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပူးပေါင်း၍ Retread Tyre အအေးပေါင်းစနစ်ဖြင့် ကားတာ ယာပန်းသားတင်ခြင်းကို ခေတ်မီစက် ကြီးများနဲ့ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်(၄)တွင် ပြုလုပ်ပေးလျက်ရှိရာ ၎င်းတာယာများကို ရန်ကုန်ဈေးကွက် တွင်လည်း အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။ Retread Tyre မှာ အဖတ်လန်ခြင်း၊ ကွာခြင်း၊ ကွင်းလိုက် ကျွတ်ထွက်ခြင်း၊ အမှုန့်များထွက်ခြင်း မရှိတဲ့အတွက် သုံးစွဲသူယာဉ်ပိုင်ရှင်များ အကြိုက်တွေ့၍ ပုသိမ်မြို့ အတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ ဟင်္သာတ၊ ရေကြည်၊ ကန်ကြီးထောင့်၊ ငါးယားချောင်း၊ ငါးသိုင်းချောင်း၊ ဒေါင့်ကြီး၊ ရွှေသောင်ယံ မော်တော် ယာဉ်လိုင်း၊ ရန်ကုန်ယာဉ်လိုင်း (အချို့) နဲ့ ကုန်တင်ယာဉ်များတွင်လည်း အသုံး ပြုလျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး
မန္တလေးစက်မှုဇုန် လျှပ်စစ်မီး ၂၄ နာရီ အချိန်ပြည့်ပေး မန္တလေးစက်မှုဇုန်တွင် လျှပ်စစ်မီး ၂၄ နာရီအချိန်ပြည့် ဓာတ်အား ဖြန့်ဝေပေးခြင်းကြောင့် ကုန်ထုတ်စက်မှုစွမ်းအား လျင်မြန်စွာ လည်ပတ် လျက်ရှိကြောင်း သိရပါတယ်။ တော်ဝင်စက်မှုလက်မှုလုပ်ငန်းရှင်က ''မိုးရာသီမှာ လုပ်ငန်းပါးပေ မဲ့ မီးလင်းထိန်လို့ ပျော်ရတယ်။ ဒီကာလမှာ လျှပ်စစ်နဲ့ အသုံးပြုရတဲ့ သံရည်ကျိုလုပ်ငန်း၊ ချည်မျှင်စက်ရုံနဲ့ ဆီစက်လုပ်ငန်းတွေအတွက် အဆင် ပြေတယ်။ မိုးရာသီမှာ စီမံကိန်းရှိတဲ့အတွက် ဗြုန်းအုတ်စက်တွေ အမှာများလို့ ပုံမှန်လည်ချိန်ထက် ပိုပြီးအလုပ်လုပ်ရတယ်။ လျှပ်စစ်မီး အချိန် ပြည့်ရတဲ့အတွက် မီးစက်မသုံးရတော့ ကုန်ကျစရိတ်သက်သာတယ်။ ထုတ်လုပ်မှုလည်း တိုးလာတယ်''လို့ ပြောပါတယ်။ မန္တလေးစက်မှုဇုန်တွင် ဇူလိုင် ၂၂ ရက် ရှေ့ပိုင်းက တစ်ရက်ကို ၂၁ နာရီ လျှပ်စစ်ရရှိခဲ့ရာမှ ဇူလိုင် ၂၃ ရက်မှစ၍ ၂၄ နာရီ အချိန်ပြည့် မီးရရှိခဲ့ကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန် ဧရိယာ ၁၂၅ဝ ဧက အကျယ်အဝန်းတွင် စက်ရုံအလုပ်ရုံပေါင်း ၁၄၈၉ ခုရှိပြီး အကြီးစားစက်မှု လုပ်ငန်း ၃၉၈ ခု၊ အလတ်စားစက်မှုလုပ်ငန်း ၃ဝ၇ ခု၊ အငယ်စားစက်မှု လုပ်ငန်း ၇၈၄ ခုရှိကြောင်း သိရပါတယ်။ ယခုကာလတွင် မိုးတွင်းကာလ ဖြစ်၍ ဆီစက်ပေါင်း ၄၁ ခု၊ သံရည်ကိုျလုပ်ငန်းပေါင်း ၃၂ ခု၊ ချည်မျှင် စက်ရုံ ရှစ်ရုံမှ လုပ်ငန်းလည်ပတ်မှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
မန်းကားဈေးကွက်တွင် မော်ဒယ်မြင့်၊ ဈေးမြင့်သည့် ကားများ အရောင်းအဝယ်အေးပြီး ကျပ်သိန်း ၃ဝဝ အောက်ရှိကားများ အရောင်းအဝယ်ဖြစ် မန္တလေးလမ်း ၆ဝ ကားရောင်းဝယ်ရေးစခန်းတွင် မော်ဒယ်အမြင့် ဈေးအမြင့်ရှိ သည့် အပေါ်ကားများ အရောင်းအဝယ်အေးပြီး ကျပ်သိန်း ၃ဝဝ အောက်ရှိ ကား များ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ကားဝယ်ရောင်းသမားတစ်ဦးက ''ဒီတစ်ပတ်မှာ ဈေးကွက်က အရောင်းခက်၊ အဝယ်ခက်ဖြစ်နေတာ၊ ရောင်းမယ့်သူကလည်း ဈေးတင်ရမလား စောင့်နေတာ။ ဝယ်မယ့်သူကလည်း လိုင်စင်ချပေးမယ်ဆိုလို့ စောင့်နေတာ ဒါ့ကြောင့် ဈေးနှုန်း အမြင့်တန်းမှာရှိတဲ့ ကားတွေက အရောင်းအဝယ်အေးသွားပြီး ဈေးနည်းတာတွေ တော့ ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ တရုတ်ကားဈေးကွက်ကတော့ ပြန်အေး သွားတယ်။ စက်မှုဇုန်ထုတ် Light Truck ကား၊ ဂျစ်ကားနဲ့ ဆန်နီကားကိုပိုပြီး လူကြိုက်များတယ်။ စူပါဆလွန်း၊ လီမိတက်လည်း အရောင်းအဝယ်ရှိတယ်''လို့ ပြောပါတယ်။ အမြင့်တန်းရှိကားများမှာ အရောင်းအဝယ်အေး၍ ယခင်က ပါဂဲျရိုးတစ်စီးကို သိန်း ၁ဝဝဝ ကျော်မှ သိန်း ၉ဝဝ၊ ၉၅ဝ ကျပ်ဝန်းကျင်ထိ ဈေးကျဆင်းခဲ့ပါတယ်။ စူပါဆလွန်း လ၊ သ၊ 86,87 မော်ဒယ် ကားကောင်း သိန်း ၁၆ဝ၊ ၁၇ဝ ၊ ကားလျော့ သိန်း ၁၅ဝ၊ ၁၅၅ ၊ လီမိတက် လ၊ သ၊ အ၊ 89 မော်ဒယ်ကားကောင်း သိန်း ၂၂ဝ၊ ၂၃ဝ ကျပ်ဝန်းကျင်၊ ဆန်နီ လ၊ သ၊ အ ကားကောင်း 87,88 မော်ဒယ်မြင့် ကား ကောင်း သိန်း ၁ဝဝ၊ ၁၁ဝ ဝန်းကျင်၊ ဇုန်ထုတ် Light Truck ကားကောင်း သိန်း ၁၃ဝ နှင့် ၁၇ဝ ကြား၊ ဂျစ်ကျပ် ၄၅ သိန်းနှင့် ၆၅ သိန်းကြားဖြင့် ပုံမှန်အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
