တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်အကျ ဆုံးဖြစ်ပြီး တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ ပေါများပြီး ၁၆၇၃၅ ဒသမ ၆ စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ ၁၅ သိန်းခန့် နေထိုင်လျက်ရှိပြီး တောနေ တောင်သူအများစုမှာ ဥယျာဉ်ခြံမြေ လုပ်ငန်းဖြင့် မိသားစု အသက်မွေးဝမ်းကျောင်းနေထိုင်သူများ ဖြစ်ကြ သည်။ အဆိုပါ ဥယျာဉ်ခြံမြေလုပ်ငန်းများအနက် ကွမ်းသီးပင်များ အား တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များနှင့် တောင်ကြားမြေ ပြန့်လွင်ပြင်များတွင် အများအပြားစိုက်ပျိုးကြပြီး ဒေသ ထွက်ကုန် အဖြစ်သာမက ပြည်တွင်း၊ ပြည်ပသို့ပင် တင်ပို့ရောင်းချလျက်ရှိသည့် လုပ်ငန်းတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။
ကွမ်းသီးပင်စိုက်ပျိုးမှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် စိုက်ဧက ၅၃၇၇၅ ဧက၊ မြိတ်ခရိုင်တွင် ၄၅၇၂၂ ဧက၊ ဘုတ်ပြင်းခရိုင်တွင် ၃၃၄၆၁ ဧက၊ ကော့သောင်းခရိုင်တွင် ၅၇၈၄ ဧကစိုက်ပျိုးထားရှိပြီး တနင်္သာရီတိုင်း ဒေသကြီးတစ်ခုလုံးတွင် စိုက်ဧက ၁၃၈၇၄၂ ဧကရှိသည်။ တစ်ဧက ကွမ်းသီးအထွက်နှုန်းမှာ ၅၉၅ဒသမ၈၁ ပိဿာခန့်ထွက်ရှိပြီး စုစုပေါင်းအထွက် ပိဿာချိန် ၈၂၆၆၃၈၇၁ ပိဿာခန့် တစ်နှစ်ပတ်လည် ထွက်ရှိသည်။ ယခုအချိန် ထိ ကွမ်းသီးဧက ၁၀၈၇၄၄ ဧက အသီးဆွတ်ခူးရရှိပြီး ပိဿာပေါင်း ၆၄၇၉၀၇၆၂ ပိဿာခန့်ရရှိကြောင်း သိရသည်။
ကွမ်းသီးပင်စိုက်ပျိုးမှုအနေဖြင့် ဇွန်လ မိုးဦးကျကာလတွင် စတင်စိုက်ပျိုးရပြီး စိုက်ပြီးသက်တမ်း ရှစ်နှစ်ခန့်တွင် အသီးများစတင် ဆွတ်ခူးရရှိကာ ပုံမှန်အားဖြင့် ကွမ်းသီးမှည့် များအား အောက်တိုဘာ လတွင် စတင်ဆွတ်ခူးရပြီး ဧပြီလကုန်တွင် အသီးဆွတ်ခူးမှု ပြီးဆုံး ကြောင်းနှင့် ကွမ်းသီးအမှည့်အခွံပါ အလုံး ၂၀ဝ ခန့်လျှင် အခွံချွတ်နေ လှန်းပြီး ကွမ်းသီးအခြောက် တစ်ပိဿာခန့်ရရှိကြောင်း သိရသည်။ ကွမ်းသီးရောင်းဝယ်မှုပုံစံမှာ တောင်သူများမှ ကွမ်းသီးပေါ်ချိန်တွင် ကွမ်းသီးအမှည့်များကို ဆွတ်ခူး၍ မြို့ပေါ်ရှိ ကွမ်းသီးအဝယ်ဒိုင်များ သို့ သွားရောက်ရောင်းချသည်။ ကွမ်းသီးအဝယ်ဒိုင်များအနေဖြင့် သုံးမျိုးသုံးစားရှိကြောင်း ပထမတစ်မျိုးမှာ အခွံပါကွမ်းသီးအမှည့်များ အား ဝယ်ယူခြင်း၊ ဒုတိယတစ်မျိုးမှာ အခွံမပါ ကွမ်းသီးခြောက်လုံး များအား ဝယ်ယူခြင်းနှင့် တတိယတစ်မျိုးမှာ ကွမ်းသီးခြောက်ခွဲခြမ်း များသာ ဝယ်ယူခြင်းတို့ဖြစ်သည်။ အချို့ကွမ်းသီး အဝယ်ဒိုင်များမှ လည်း သုံးမျိုးစလုံး ဝယ်ယူကြောင်း သိရသည်။ ယခင်နှစ် ကွမ်းသီး ပေါ်ချိန်တွင် ကွမ်းသီးအမှည့် အခွံပါဈေးမှာ တစ်လုံးလျှင် ၁၅ ကျပ် နှင့် ၂၀ ကျပ်ခန့်ဈေးရှိခဲ့ပြီး အခွံမပါ ကွမ်းသီးအခြောက်လုံးများမှာ တစ်ပိဿာ ကျပ် ၃၀ဝ၀ ခန့်နှင့် အခွံမပါကွမ်းသီးအခြောက်အခြမ်း တစ်ပိဿာ ကျပ်၂၈၀ဝ ဖြင့် ဧပြီလကွမ်းသီးအမှည့် အသီးရာသီ ကုန် ဆုံးချိန် အထိအရောင်းအဝယ်ဖြစ်ခဲ့သည်။
အဆိုပါရာသီချိန်၌ အဝယ်ဒိုင်များမှဝယ်ယူပြီး ကွမ်းသီးများ အား လာမည့်နှစ် ကွမ်းသီးပေါ်ချိန်အထိ ပြည်တွင်းနှင့်ပြည်ပ(အိန္ဒိယ)သို့ရောင်းချလျက်ရှိပြီး ပြည်ပ ဈေးကွက်ဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်း အနိမ့်အမြင့်များ ဖြစ်ပေါ်လျက်ကြောင်း သိရသည်။ သို့ရာ တွင် ယမန်နှစ် ကွမ်းသီးပင်များမှ ကွမ်းသီးအနု စတင်ချိန် ဇူလိုင်လ၊ သြဂုတ်လများတွင် အဆိုပါကွမ်းသီးအနုများအား တရုတ်၊ ဗီယက်နမ် နိုင်ငံများမှ ဈေးကောင်းပေးပြီး ဝယ်ယူမှုများရှိလာသဖြင့် ကွမ်းသီး အဝယ်ဒိုင်များမှ ဝယ်ယူခဲ့ရာ တောင်သူများမှလည်း ဒေသ အခက် အခဲများကြောင့် ကွမ်းသီးရင့်မှည့်ချိန် အထိမစောင့်ဘဲ တနင်္သာရီ တိုင်းဒေသကြီးတွင် ကွမ်းသီးအနုရောင်းချသည့် ဈေးကွက် တစ်ခုဖြစ် လာကြောင်း ဈေးနှုန်းအနေဖြင့်လည်း ယခင်အခွံပါ ကွမ်းသီးအမှည့် တစ်လုံး ၁၅-၂၀ ကျပ်မှ ယခုအခွံပါ ကွမ်းသီး အနုတစ်လုံးလျှင် ကျပ် ၅၀- ၆၀ ခန့် ရရှိခဲ့သည်။ အဆိုပါ အခွံပါ ကွမ်းသီး အနုဈေးပေါ်မူတည် ၍ အခွံမပါကွမ်းသီးအခြောက် အလုံးနှင့် ခွဲခြမ်းများလည်း တစ် ပိဿာ ကျပ် ၁၀ဝ၀ဝ-၁၂၀ဝ၀ ခန့် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရှိရသည်။
အဆိုပါကွမ်းသီးအနုများကို တရုတ်၊ ဗီယက်နမ် နိုင်ငံများတွင် စက်ဖြင့်အခြောက်ခံ၍လည်းကောင်း၊ ဂျယ်လီအဖြစ် လည်းကောင်း ပြန်လည်ပြုပြင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ကွမ်းသီးအမှည့်ပေါ်ချိန်တွင် ကွမ်းသီးအနုများရောင်း ချခဲ့သဖြင့် တောင်သူများ ကွမ်းသီးအမှည့် လက်ကျန် များနည်းပါးကာ ကျန်ရှိသည့်အခွံပါကွမ်းသီးအမှည့်တစ်လုံးလျှင် ကျပ် ၁၀ဝ-၁၂၀ မှ ယခုအခါ ကွမ်းသီးအမှည့်ရှားပါးသဖြင့် ကျပ် ၂၀ဝ အထိ ကွမ်းသီး အဝယ်ဒိုင်များမှ ဈေးဖွင့်ဝယ်ယူလျက်ရှိသော်လည်း ရောင်းအားနည်း ပါးလျက်ရှိကြောင်း သိရသည်။ အခွံမပါ ကွမ်းသီးခြောက်အခြမ်းမှာ ယခုလက်ရှိဈေး ကျပ် ၁၈၀ဝ၀ ၊ အခွံမပါ ကွမ်းသီးအခြောက်အလုံးမှာ ကျပ် ၁၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီး ရောင်း ဝယ်မှုဈေးကွက် ပုံစံပြောင်းလျက်ရှိပြီး တောင်သူများ ကွမ်းသီးအဝယ် ဒိုင်များမှ ဇူလိုင်လ၊ သြဂုတ်လ ကွမ်းသီးအနု ထွက်ချိန်ကို စောင့်စား လျက်ရှိပြီး အဆိုပါအချိန်တွင် ပြည်ပဝယ်လက်များမှ ဝယ်ယူမည့် အလားအလာများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကွမ်းသီးအရောင်းအဝယ်ဈေးကွက် ပြောင်းလဲမှုအား ရေး သားလိုက်ပါသည်။
စိုးဗြိ (ထားဝယ်)