Main menu

Background

စပါးအရည်အသွေးကောင်းမှ ဆန်ထွက်နှုန်း ကောင်းမည်

Thu, 12/04/2025 - 10:09 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စပါးကို အဓိက စိုက်ပျိုးကြသည်။ ရာသီ၊ မြေနေရာလိုက်ပြီး သက် ရင့်၊ သက်နု စသည်ဖြင့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးကြ သည်။ ဧရာဝတီတိုင်းဒေသကြီးသည် ဇူလိုင်လနောက်ဆုံး ပတ်မှ ထွန်တုံးပိတ် ၁၀ဝ ရာခိုင်နှုန်း မိုးစပါး စိုက်ပျိုးပြီးစီး သောဒေသဖြစ်သည်။ မိုးစပါးဧက ၃၇ သိန်းကျော် စိုက်ပျိုး သောဒေသဖြစ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာတွင် စပါး များထွက်ရှိ၍ စတင်ရောင်းဝယ်ကြသည်။
တောင်သူအများစုသည် ရိတ်ခြွေစက်ဖြင့် ခြွေပြီး သားစပါးများကို သယ်ယူနေလှန်းခြင်းမပြုဘဲ ဝယ်သူပွဲစား ထံ ကန်သင်းဘေးတွင် တိုက်ရိုက်ရောင်းချသည်များလည်း ရှိကြသည်။ ထိုအခါ ဝယ်သူမှ အလုပ်သမားခ၊ ချိန်တွယ်ခ၊ သယ်ယူစရိတ် စသည်တို့ကိုနုတ်ပြီး စပါးတန်ဖိုးပေးချေ သည့်အတွက် စပါးဈေးသည် ကျပ် ၁၀ သိန်းအောက် ကျဆင်းသည့်  အခြေအနေသို့ ရောက်ခဲ့ကြောင်း သိရှိရ သည်။ 
တချို့တောင်သူများမှာ စိုက်ပျိုးမည့်မျိုးကို သေချာ စွာရွေးသည်။ မြေသြဇာ စနစ်တကျသုံးသည်၊ ကြဲခင်းစနစ် မှာ ပေါင်းသေချာလိုက်သည်။ အကြောင်းအမျိုးမျိုးကြောင့် အပင်သေလျှင်လည်း ချက်ချင်းအစားထိုးစိုက်သည်။ ရိတ်ချိန်ကျလျှင်လည်း စနစ်တကျ  ရိတ်သိမ်း၊ နေလှန်း၊ သိုလှောင်ပြီးမှ ရောင်းသဖြင့် ဈေးပိုရသည်။ အစိုဓာတ် ၂၀-၂၃  ကြားရှိ အရည်အသွေးကောင်း ဆင်းသုခစပါး ပေါင် (၅၀) တင်း (၁၀ဝ) လျှင်  ကျပ် ၁၃ သိန်းဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
တောင်သူများအနေဖြင့် မိမိစိုက်ပျိုးထုတ်လုပ်သော စပါးဈေး ကောင်းရပြီးတွက်ချေကိုက်စေရန်အတွက် မြေ ပြုပြင်ခြင်း၊   မျိုးရွေးချယ်စိုက်ပျိုးခြင်း၊  ထိရောက်သော မြေသြဇာထည့်ခြင်း၊ စနစ်တကျ  ပေါင်းနှိမ်ခြင်းတို့ကို ဆောင်ရွက်မှသာ အရည်အသွေးမြင့် စပါးများ ထွက်ရှိပြီး စီးပွားရေး တွက်ခြေကိုက်မည်ဖြစ်သည်။ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးမှုများလာသည့်ကာလတွင် မိမိကြဲထားသော  ပျိုး စေ့များ အပင်ပေါက်နှုန်း ကောင်းမွန်ရေး၊ မပေါက်ပါက အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ထားနိုင်ရေး တို့ကို ရာသီအမီ လုပ်ကိုင်နိုင်မှ အထွက်နှုန်းကောင်းမည် ဖြစ်သည်။
စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စပါးအထွက်နှုန်းကို အကျိုးပြုသည့် အခြေခံအင်္ဂါရပ်များကို အချိုးညီညီ ဟန် ချက်မပျက် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် လိုအပ် သည်။ စိုက်ပျိုးပြီး  ထွက်ရှိလာသည့် စပါးများကိုလည်း ရိတ်သိမ်းပြီးချိန်မှစ၍ ဆန်မကြိတ်ခွဲမီအတွင်း လေလွင့် ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရပ် များကို ရှောင်ကြဉ်ပြီး စပါးအရည်အသွေးကို အစဉ်တစိုက် ထိန်းသိမ်းသွားနိုင်ရန်လည်း အရေးကြီးသည်။ စပါးကို ဆန်အဖြစ် ကြိတ်ခွဲစားသုံးကြခြင်းဖြစ်ရာ ဆန်ကြိတ်ထွက် နှုန်း ကောင်းမွန်ရန် စပါးအရည်အသွေး ကောင်းမွန်ရန် လိုအပ်သည်။
ထို့ပြင် တောင်သူများအနေဖြင့် စပါးပေါ်လျှင်ပေါ် ချင်းထုတ် ရောင်းခြင်းကို လျှော့ချရန်လည်း လိုအပ်သည်။ ငွေကြေးလိုအပ်မှုအတွက် စပါးပေါ်လျှင် ပေါ်ချင်းထုတ် ရောင်းပါက ‌ရောင်းလိုအားများပြီး အဝယ်သမားများတွင် ငွေမလည်၍  စပါးအဝယ်မသွက်သည့်အတွက် ဈေး လျော့နည်းစေခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် တောင်သူ များအနေနှင့် ထွက်ရှိသည့်စပါးကို အကုန်မရောင်းဘဲ နိုင်သလောက် သိုလှောင်ရောင်းချခြင်းမှာလည်း စပါးဈေး ကောင်းရစေသော အချက်တစ်ချက်ဖြစ်သည်။
တောင်သူများအနေဖြင့်  စပါးသိုလှောင်ရာတွင် အရေအတွက်နှင့် အရည်အသွေး လေလွင့်ပျက်စီးဆုံးရှုံး မှုနည်းနိုင်သမျှ နည်းစေရန်အတွက် အကုန်အကျသက် သာသော သိပ္ပံနည်းကျ ရိုးရာသိုလှောင်မှု နည်းစနစ်များကို လိုက်နာကျင့်သုံးဆောင်ရွက်ရန်လိုသည်။ 
၎င်းတို့မှာ သတ်မှတ်ထားသည့် အစိုဓာတ်ရောက် သည်အထိ ခြောက်သွေ့စေပြီးမှ သိုလှောင်စေခြင်း၊ သီးနှံ နှင့်ရောနှောနေသည့် ဖုံ၊ သဲ၊ ခဲ၊ အဖျင်းအမှော် စသည် တို့ကို သန့်စင်စေပြီးမှ သိုလှောင်ခြင်း၊ သိုလှောင်ခြင်းမပြုမီ နှင့် သိုလှောင်ထားသည့် ကာလအတွင်း ပိုးမွှား၊ ြွကက်၊ ငှက် စသည်တို့၏ စားသောက်ဖျက်ဆီးမှုကို ကာကွယ်ခြင်း၊ ခြောက်သွေ့၍ အလုံပိတ်နိုင်သော ကျီ၊ ပုတ်များအတွင်း ထည့်သွင်း၍ အပူချိန်နည်းသည့်  နေရာတွင် သိုလှောင် ခြင်းနှင့်  သိုလှောင်ထားမည့်နေရာနှင့် ပတ်ဝန်းကျင် တစ်ဝိုက် အမြဲသန့်ရှင်းအောင်ထားခြင်းတို့ဖြစ်သည်။
တောင်သူတို့  နေပူမရှောင်၊ မိုးရွာမရှောင် အပတ် တကုတ် ကြိုးစားစိုက်ပျိုးထုတ်လုပ်ခဲ့သည့် စားသုံးသီးနှံ များသည် အရည်အသွေးမကောင်းပါက  ဈေးကောင်းရ မည်မဟုတ်ပါ။ မိမိတို့၏စိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိလာ သည့်သီးနှံများ အရည်အသွေးပြည့်မီမှသာ အရည်အသွေး မီစားဆန်များ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှု ကွင်း ဆက်တစ်လျှောက်ရှိ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ စားသုံးသူများအားလုံး အကျိုးရှိမည်ဖြစ်သည့်အပြင် တိုင်း ပြည်ဝင်ငွေလည်း တိုးတက်မည်ဖြစ်ကြောင်း ရေးသားအပ် ပါသည်။

ကိုးကား - ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချဌာန၏ သိပ္ပံနည်းကျ ရိုးရာသိုလှောင်မှုနည်းစနစ်

 

မောင်မောင်မြတ်ခိုင် (ဟင်္သာတ)