Main menu

Background

ဆန်နှင့် ပဲ ကုန်စည်ဒိုင်များသို့ လေ့လာရေးခရီးစဉ်

Wed, 02/01/2023 - 16:10 -- journal_editor

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သွယ်မှုသင်တန်းကျောင်း (Trade Train-ing Institute-TTI)က စီစဉ်သော လေ့လာရေးခရီးစဉ်ကို လိုက်ပါခွင့်ရခဲ့သည်။  လေ့လာရေးခရီးစဉ်အဖြစ် ယင်းနေ့နံနက် ၈ နာရီ မှ ၉ နာရီခွဲထိ ရန်ကုန်မြို့ရှိ ဝါးတန်း ဆန်ကုန်စည်ဒိုင်၊ နံနက် ၁၀ နာရီခွဲမှ မွန်းတည့် ၁၂ နာရီထိ ဘုရင့်နောင်ကုန်စည်ဒိုင်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ လှိုင်သာယာမြို့နယ်ရှိ အာကာဦးပဲခွဲစက်နှင့် မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၃ နာရီထိ ဧရာဟင်္သာဆန်စက်တို့ကို သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း လေ့လာသိရှိခဲ့ရ သော တန်ဖိုးရှိသည့်ဗဟုသုတများကို မျှဝေလိုက်ပါ သည်။ 
ဝါးတန်းဆန်ကုန်စည်ဒိုင်
ဝါးတန်းဆန်ကုန်စည်ဒိုင်အသင်းကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏ အဓိကရည်ရွယ်ချက်မှာ  ပြည်တွင်းစားသုံးသူ များအတွက် ဆန်ဈေးနှုန်း  တည်ငြိမ်မှုရှိစေရေး၊ ဈေးနှုန်း  မှန်ကန်မှုရှိစေရေး၊ ဆန်ကုန်သည်များ အချင်းချင်း  စိတ်ချယုံကြည်စွာဖြင့်  ရောင်းမှား ဝယ်မှား မဖြစ်စေရေး ကြားခံဖြေရှင်းပေးခြင်းကို ဆောင်ရွက်ရန်ဖြစ်သည်။ ကုန်စည်ဒိုင်သည် အဓိကအားဖြင့် ပြည်တွင်းဈေးကွက်ကို ဦးတည်ခြင်းဖြစ်သည့်အလျောက် အဆင့်တန်းမြင့် ဆန်များဖြစ်သော ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းစသည့်ဆန်များ အဓိကရောင်းဝယ်သည့်နေရာ ဖြစ်သည်။ ကုန်စည်ဒိုင်တွင် ဆန်အမျိုးမျိုးရောင်းချသော လိုင်းပေါင်း ၁၀ လိုင်းခန့်ဖြင့် ရောင်းဝယ် ဖောက်ကားကြသည်။ 
ဆန်အဝင်၊ အထွက်မှာ နေ့ရက်ပေါ်မူတည်၍ အပြောင်းအလဲရှိသည်။ အထူးသဖြင့် တနင်္လာနေ့တွင် အဝင်များပြီး ဆန်အိတ် ငါးသောင်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လေ့ရှိသည်။ တနင်္လာနေ့ကို ဈေးစဖွင့်သည့်နေ့ဟု အကြမ်းဖျင်း  မှတ်ယူ ဆောင်ရွက်ကြလေ့ရှိသည်။ ကုန်စည်ဒိုင်သည် အသင်းဝင်များနှင့် လေ့လာသူများကိုသာ အဝင်၊ အထွက်ပြုလုပ်ခွင့်ပေးထားပြီး ကန့်သတ်ထားခြင်းဖြင့် အမှန်တကယ် ရောင်းဝယ်သူများနှင့်သာ ယုံကြည်စိတ်ချစွာ တွေ့ဆုံနိုင်ရန် ကောင်းမွန်သောဈေးကွက် ပတ်ဝန်းကျင်ကို ဖန်တီးထားကြောင်း တွေ့ရှိရသည်။ အရည်အချင်း ပျက်ယွင်းသော၊ စည်းကမ်းချိုးဖောက်သော  အသင်းဝင် များကိုလည်း အမည်ပျက်စာရင်းသွင်း၍ အရေး ယူခြင်းမျိုး ဆောင်ရွက်လေ့ရှိသည်။  ထို့ကြောင့် ကုန်စည်ဒိုင်သည်  အသင်းသား  ရွေးချယ်ရာ၌ အသင်းဝင်စာရင်းကို  အလေးထားစိစစ်  ဆောင်ရွက်သည်။ 
အသင်းဝင်တစ်ဦးဖြစ်ရန် ‌ မိမိဒေသရှိ အသင်းဝင်နှစ်ဦး၏ ထောက်ခံချက်၊  လုပ်ငန်းလိုင်စင်၊  သန်းခေါင်စာရင်း၊ မှတ်ပုံတင်စသည်ဖြင့် အချက်အလက် ပြည့်စုံသူများကိုသာ အသင်းဝင် အဖြစ်  လက်ခံသည်။ ထိုကဲ့သို့ စနစ်တကျလုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်ရသော အရောင်း အဝယ်သမားများကို စုစည်းထားသည်။  လက်ရှိ အချိန်အထိ  ဝါးတန်းကုန်စည်ဒိုင်၌  အသင်းဝင် စုစုပေါင်း သုံးထောင်ခန့်ရှိသည်။ အသင်းသည် အမြတ်ကို ဦးစားပေးသော အဖွဲ့အစည်းမဟုတ်ဘဲ နှစ်စဉ်ကြေး၊ အသင်းဝင်ကြေး၊ ဧည့်ဝင်ကြေးများဖြင့် ရပ်တည်လျက်ရှိသည်။ အသင်းဝင်များသည် အများအားဖြင့် ဆန်ပွဲရုံပိုင်ရှင်၊ ဆန်စက်ပိုင်ရှင်၊ လက်လီအရောင်းကုန်သည်နှင့် အကျိုးတော်ဆောင်များဖြစ်ကြသည်။
အသင်း၏ ထင်ရှားသော ဆောင်ရွက်ချက်များအဖြစ် ၂၀၂၂ ခုနှစ် သြဂုတ်မှ အောက်တိုဘာ အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကြီးမြင့်လာသော ဆန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက်  အသင်းဝင်များ၏  အင်အားဖြင့်  ကျပ်သိန်း‌ငါး ထောင်‌  အရှုံးခံ၍ ဈေးကွက်အတွင်း ဆန်များ ရောင်းချပေးခဲ့သည်။ ထို့ပြင် အသင်းသည် နှစ်စဉ် ဝါဆိုကထိန်အလှူများပြုလုပ်ရာ၌လည်း ကျပ် သိန်း နှစ်ထောင်ခန့် လှူဒါန်းခဲ့သည်။ အသင်းသည် သက်ဆိုင်ရာဌာနပေါင်း  ၂၀ ကျော်သို့ နေ့စဉ် ဆန်ဈေးနှုန်းများ ပေးပို့တင်ပြလျက်ရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program -WFP) နှင့် ပူးပေါင်း၍ လစာကျပ်နှစ်သိန်းအောက် ဝင်ငွေနည်းမိသားစုများကို အထူးသက်သာသော နှုန်းဖြင့် ဆန်ရောင်းချနိုင်ရန်အတွက် Good Rice  Good Price အစီအစဉ်ကို ဆောင်ရွက်လျက်ရှိ သည်။
ဘုရင့်နောင်ကုန်စည်ဒိုင်
၁၉၉၁ ခုနှစ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်ကို ယခုလက်ရှိ  ဘုရင့်နောင်  ကုန်စည်ဒိုင်နေရာ၌ ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိနေရာသည် ရန်ကုန် မြို့ ဘုရင့်နောင်ပွဲရုံကြီးအတွင်းရှိ ကံ့ကော်လမ်းမ ပေါ်၌ တည်ရှိသည်။  ယခင်က ကုန်စည်ဒိုင်ကို ရန်ကုန်မြို့   လသာမြို့နယ်   ဗိုလ်ရွဲလမ်း (ယခင် မောင်ခိုင်လမ်း) ၌   စတင်ဖွင့်လှစ်ခဲ့သော်လည်း နေရာအခက်အခဲနှင့် ကုန်စည်များ ပိုမို‌သိုလှောင် ရောင်းချရန်အလို့ငှာ ယခုနေရာသို့ ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။ 
ကုန်စည်ဒိုင်မှတစ်ဆင့် ပြည်ပတင်ပို့သော အဓိကပို့ကုန်များမှာ ပဲမျိုးစုံ၊ ငါးပိ၊ ငါးခြောက်နှင့်  ရေထွက်ပစ္စည်းများဖြစ်သည်။ ကုန်စည်အများစု သည် ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချခြင်း ထက် ပြည်ပပို့ကုန် ပိုမိုများပြားကြောင်း တွေ့ရှိရ သည်။ ကုန်စည်ဒိုင်အသင်းအနေဖြင့် ကုန်စည်များ ရောင်းချရာ၌ ဈေးနှုန်း၊ အရေအတွက်နှင့် အရည် အသွေး အာမခံချက်များရှိစေရန် ကြားခံဆောင် ရွက်လျက်ရှိသည်။ ကုန်စည်ဒိုင်သည် ကုန်သည် များ ရောင်းမှား၊ ဝယ်မှား အန္တရာယ် နည်းပါးစေရန်၊ အသင်းဝင်ကုန်သည်များ၏   လိုအပ်ချက်များ အစိုးရသို့ တင်ပြတောင်းဆိုရာတွင် အင်အားတစ် ရပ်ဖြစ်ရန်၊  အခြားသော  အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊  ပြည်တွင်းဒေသအစုံမှ ကုန်သည်များ စုစည်းမိစေရန် စသည့်ရည်ရွယ်ချက် များဖြင့် လည်ပတ်လျက်ရှိသည်။ 
ကုန်စည်ဒိုင်     အသင်းဝင်တစ်ဦးဖြစ်ရန် ‌‌အသင်းဝင် သုံးဦး၏ ထောက်ခံချက်၊ လုပ်ငန်းလိုင် စင်၊  သန်းခေါင်စာရင်း၊  မှတ်ပုံတင်၊   ပိုင်ဆိုင်မှု မှတ်တမ်း၊   ကုမ္ပဏီမှတ်ပုံတင်နှင့်   Company Extract  စသည့် အချက်အလက် ပြည့်စုံသူများ ကိုသာ အသင်းဝင်အဖြစ် လက်ခံခြင်းအားဖြင့် ယုံကြည်ရသော အရောင်းအဝယ် လုပ်ငန်းရှင်များ ကို စုစည်းထားသည်။ အသင်းဝင်အဖြစ် လျှောက် ထားသူ၏ အမည်နှင့် သက်ဆိုင်ရာ အချက်အလက် အချို့ကို ကုန်စည်ဒိုင်အသင်းရုံးရှိ အသိပေးသင် ပုန်း၌ ဖော်ပြထားသည်။ ထိုကဲ့သို့ ဖော်ပြထားရာ၌ ခုနစ်ရက်အတွင်း ကန့်ကွက်သူမရှိမှသာ အသင်း ဝင်အဖြစ်  လက်ခံသည်။ အသင်းဝင်ဖြစ်ခွင့်ရသူ သည် အသင်းဝင်ကြေး ကျပ်တစ်သိန်း၊ လှူဒါန်းငွေ ကျပ် ၁၀ သိန်း၊ နှစ်စဉ်ကြေး ကျပ် သုံးသောင်းနှင့် စာရွက်စာတမ်းကြေး   ကျပ် ၂၅၀ဝ ပေးသွင်း၍ အသင်းဝင်နိုင်သည်။
အသင်းသည်     အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ လေးဦးအပါအဝင် CEC နှင့် EC များဖြင့် ဖွဲ့စည်းထားရှိသည်။ ဒုတိယဥက္ကဋ္ဌလေးဦး သည်  အဖွဲ့လေးဖွဲ့ခွဲထားသည့် အလုပ်အမှုဆောင် အဖွဲ့  တစ်ဖွဲ့စီကို  ဦးဆောင်တာဝန်ယူရသည်။ အလုပ်အမှုဆောင်အဖွဲ့  လေးဖွဲ့မှာ  စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့  FOB (Free on Board) ဈေး နှုန်းညှိနှိုင်းသတ်မှတ်ရေးအဖွဲ့၊ ပြန်ကြားရေးအဖွဲ့ နှင့် ရောင်းဝယ်မ ှုမှတ်တမ်းထိန်းသိမ်းရေးအဖွဲ့တို့ ဖြစ်သည်။ ရောင်းဝယ်မှုအပိုင်းတွင် လက်ငင်းငွေ ချေစနစ် (Physical  Trade) နှင့် စရံ ပေးငွေချေစနစ် (Forward trade)  ဟူ၍ရှိရာ၌  ကုန်စည်ဒိုင်အသင်း အနေဖြင့် အရောင်းအဝယ် မှတ်တမ်းပြုစုခြင်း၊ ကြားခံ  အာမခံအနေဖြင့် ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးသည်။ အထူးသဖြင့်  Forward trade  ပြုလုပ်ရာ၌ ရောင်းသူထံမှ ၁၀ ရာခိုင်နှုန်း ဝယ်ယူ သူထံမှ ၁၀ ရာခိုင်နှုန်း စပေါ်ငွေအဖြစ် လက်ခံ ဆောင်ရွက်ပြီး ရက် ၃၀ ငွေချေစနစ်၊ ရက် ၆၀ ငွေချေစနစ် စသည်ဖြင့် အရောင်းအဝယ် စနစ်တကျ စိတ်ချယုံကြည်စွာဆောင်ရွက်နိုင်ရန် ကြားခံ ဆောင်ရွက်ပေးသည်။ အသင်းအနေဖြင့် ဈေး ကွက်ပေါက်ဈေး   သတင်းအချက်အလက်များကို သက်ဆိုင်ရာဌာနနှင့် ကုန်စည်ဒိုင်အတွင်း တစ် ပတ်လျှင် နှစ်ကြိမ် ထုတ်ပြန်ပေးပို့သည်။
အာကာဦးပဲခွဲစက်
အာကာဦးပဲခွဲစက်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင် တည်ထောင်လုပ်ကိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ယခုလက်ရှိ အဆင့်မြင့်ပဲခွဲစက်ရုံကို တည်ထောင် လုပ်ကိုင်လျက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှု  တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ခုနစ်သန်းခန့်ရှိသည်။ စက်ရုံ စတင်ချိန်သည် အချိန်အခြေအနေ ကောင်းခဲ့သည် ဟု သုံးသပ်ရသည်။ အကြောင်းမှာ  အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏  ပဲတင်ပို့မှု  ရပ်ဆိုင်းလိုက်သည့် မူဝါဒအပြောင်းအလဲနှင့်အတူ မြန်မာနိုင်ငံ ဈေး ကွက်စီးပွားရေးမူဝါဒ အပြောင်းအလဲ အခြေအနေ များသည် စက်ရုံဖွံ့ဖြိုးအဆင့်မြှင့်တင်ရာ၌ အခွင့် အလမ်းကောင်းများ သို့မဟုတ် ပဲဈေးကွက် ပိုမို ရရှိလာမှုနှင့် တွေ့ခဲ့ရသည်။  စက်ရုံ သည် လက်ရှိ တွင် ဝယ်ယူသူ စိတ်ကြိုက်အဆင့် အမျိုးမျိုးအလိုက် သန့်စင်ခြင်း၊ ထုပ်ပိုးမှုပုံစံ   အမျိုးမျိုးပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ အဓိက ပို့ကုန်ဈေးကွက်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံ အပါအဝင် ဥရောပဈေးကွက် များသို့ တင်ပို့နေသည်။ အဓိက ပို့ကုန်အမျိုးအစား မှာ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲတို့ဖြစ်သည်။ စက်ရုံ ၏ ဘေးထွက်ပစ္စည်းဖြစ်သော ပဲခွံများကို ပြည် တွင်းဈေးကွက်၌ တိရစ္ဆာန်အစာအဖြစ် ပြန်လည် အသုံးပြုခြင်းဖြင့်  နိုင်ငံတော်အတွက် သွင်းကုန် တင်သွင်းရမည့် နိုင်ငံခြားငွေကုန်ကျမှု  အထိုက် အလျောက်သက်သာစေကြောင်း တွေ့ရှိရသည်။ 
ဧရာဟင်္သာဆန်စက်
ဧရာဟင်္သာ ဆန်စက်သည် အဓိကအားဖြင့် ပြည်ပဆန်ဈေးကွက်သို့ တင်ပို့မှုပြုလုပ်ပြီး ပိုလျှံ သောဆန်များကို ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူး‌ ရောင်းချသည်။ အများဆုံးတင်ပို့သော ဆန်များမှာ ဧည့်မထ၊ ကရင်မ၊ ဆန်ကွဲ ဆော့တက် (၁ )နှင့် (၂) (Sortex 1,2) တို့ဖြစ်ပြီး  အိမ်နီးချင်း  တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်း ချသည်။ ပေါ်ဆန်းမွှေးဆန်များကို ရွှေ (Gold) နှင့် ငွေ (Silver) စသည်ဖြင့် အဆင့်အတန်းနှင့် အရည် အသွေးခွဲခြားသည်။ ထို့နောက် အဆင့်အတန်းနှင့်  အရည်အသွေးပေါ်မူတည်ပြီး အဆိုပါ ပေါ်ဆန်း မွှေးဆန်များကို ပြည်တွင်းဈေးကွက်၌ ရောင်းချ လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ဖြန့် ဖြူးရောင်းချရာ၌ ဝယ်ယူစားသုံးသူများအကြိုက် ဆန်အိတ်အရွယ်အစား အကြီး၊ အသေး စသည် ဖြင့်  ခေတ်မီထုပ်ပိုးမှု ပုံစံအမျိုးမျိုးဖြင့် ဈေးကွက် တင်ရောင်းချသည်။ 
နိုင်ငံခြားသို့  တင်ပို့ရာတွင် သင်္ဘောပေါ် ရောက်  တန်ဖိုးဟူသော Free on Board  (FOB)  စနစ်ဖြင့်သာ တင်ပို့သည်။  သို့သော်လည်း ဆန် အရည်အသွေးနှင့်ပတ်သက်၍   ဝယ်ယူသူ စိတ် ကြိုက် ကုန်အမှာစာအတိုင်း ဓာတ်ခွဲအဖြေများနှင့် အတူ   တင်ပို့ရောင်းချသည်။   စက်ရုံ၌   အရည် အသွေးထိန်းချုပ်ရေးဌာန၊ စည်းကမ်းထိန်းသိမ်း ရေးဌာန၊   ငွေကြေးစီမံခန့်ခွဲရေးဌာန၊  သင်္ဘော တင်ပို့ရေးဌာနနှင့်  စက်ရုံလည်ပတ်ရေးဌာနဟူ၍ ဌာနအလိုက် လုပ်ငန်းတာဝန်များ ခွဲခြားဆောင် ရွက်လျက်ရှိသည်။ စက်ရုံအကျယ်အဝန်း ဧရိယာ မှာ ၂၃ ဧကကျော်ရှိပြီး   ဂိုဒေါင်ကြီး သုံးလုံးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ 
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုမ္ပဏီနှင့် စပါးစိုက်ပျိုးသော တောင်သူလယ်သမား ပူးပေါင်း စိုက်ပျိုးထုတ်လုပ်သည့် အကျိုးတူ လယ်ယာလုပ် ငန်း (Contract Farming)  မှ ထွက်ရှိသော ဆန်များ ကို အဓိကကြိတ်ခွဲတင်ပို့လျက်ရှိသည်။ ဆန်ကုန် ကြမ်းများ စက်ရုံဝင်းသို့  ရောက်ရှိချိန်မှစတင်၍ ကုန်ပစ္စည်းအလေးချိန် ချိန်တွယ်ခြင်း၊ အရည် အသွေး ထိန်းချုပ်ရေးဌာနက ကုန်ကြမ်း၏ အရည် အသွေး စစ်ဆေးခြင်း ပြုလုပ်သည်။ 
ကုန်ကြမ်းပစ္စည်း၏ အရည်အသွေး မှန်ကန်၍ လက်ခံနိုင်မှသာလျှင် ဂိုဒေါင်အတွင်းသို့  ပို့ဆောင်သိုလှောင်ပါသည်။  ထို့နောက် ဆန်များကို ဆန်ခါကွက်များ၊ Rotary Shifter  များဖြင့် အရွယ်အစားခွဲခြားပြီး ဖုန်၊ သဲ၊ ခဲတို့ကို ဖယ်ရှားသန့်စင်ခြင်း၊Magnetic Trap  ဖြင့် သတ္တုစများ ဖယ်ရှားခြင်း၊  Cleaner ဖြင့် ဖယ်ရှားသန့်စင်ခြင်း၊ Whitener ဖြင့် ဆန်ဖွပ်ခြင်းများ စသည်ဖြင့် အဆင့် ဆင့် သန့်စင်မှုများကို စနစ်တကျ ဆောင်ရွက်သောကြောင့် အဆင့်အတန်းမြင့်ဆန်များ ရရှိသည်။ ထို့ကြောင့် ဆန်စေ့  တစ်စေ့ ချင်းစီ၏ တန်ဖိုးကို ပိုမိုသိရှိနားလည်လာရပါသည်။ 
ထို့ပြင် အရည်အသွေးစစ်ဆေးမှု (Quality Control)  အနေဖြင့် ဆန်ရေငွေ့ပါဝင်မှု တိုင်းတာခြင်း၊ မာကျောမှု စစ်ဆေး ခြင်း၊ အလေးချိန်စံနှုန်းနှင့် ထုထည်စံနှုန်းစစ်ဆေးခြင်း၊Whiteness စစ်ဆေးခြင်း၊ ဆန်၏ အတိုင်းအတာ သို့မဟုတ် အရွယ်အစား စစ်ဆေးခြင်း စသည်တို့ကို အဆင့်ဆင့် ဆောင်ရွက်သည်။ ထိုကဲ့သို့ အဆင့်ဆင့် စစ်ဆေးဖြတ်သန်းပြီးနောက် စိတ်ချရသည့် အနေအထား ရောက်ရှိမှသာလျှင် ပြည်ပသို့ တင်ပို့‌ရောင်းချခြင်းနှင့် ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သည်။
ကျေးဇူးတင်စကား
လေ့လာရေးခရီးစဉ် စီစဉ်ပေးပါသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း အားလည်းကောင်း၊ သိရှိလိုသည်များကို စိတ်ရှည်လက်ရှည် အချိန်ပေး၍ လိုက်လံပြသ ရှင်းလင်းပြောကြားပေးပြီး နံနက်စာ၊ နေ့လယ်စာ၊ ကော်ဖီ၊ အအေး၊ မုန့် စသည့် အကျွေးအမွေးများဖြင့် ဧည့်ခံပါသော ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင် ကုန်စည်ဒိုင်၊ ဧရာဟင်္သာဆန်စက်နှင့် အာကာဦးပဲခွဲစက်တို့အားလည်းကောင်း သင်တန်းသား၊ သင်တန်းသူအားလုံးကိုယ်စား ကျေးဇူး အထူးတင်ရှိပါသည်။

ခွန်အောင်အောင်